Sunday, September 15, 2024

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျောက်ဆည်ခရိုင်အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများမှ ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာများ၊ ထောက်ပံ့ငွေများပေးအပ်



မန္တလေး စက်တင်ဘာ ၁၄

မုန်တိုင်းငယ်၏ အရှိန်ကြောင့် စက်တင်ဘာ ၁၀ ရက်မှစတင်၍ နေရာအနှံ့အပြားတွင် မိုးအဆက် မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့် မြစ်ရေများ အဆက် မပြတ် မြင့်တက်လာမှုနှင့်အတူ ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြေနိမ့်ပိုင်း ဧရိယာများနှင့် အနီးရှိရပ်ကွက်များ၊ ကျေးရွာများတွင် ရေများ ဝင်ရောက်ကာ ရေနစ်မြုပ်နေမှု များဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ရေများ ပြန်လည်ကျဆင်းလာပြီဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့သည် ကျောက်ဆည်မြို့နယ် ကြက်မင်းတွန်ကျောင်းတိုက်ရှိ ဓမ္မာရုံတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ လည်းကောင်း၊ ယင်းနောက် မြစ်သားမြို့ ဘူတာရပ်ကွက်ရှိ ရွှေဘုံသာဘုန်းကြီး ကျောင်း၊ ရွာသစ်ကျေးရွာအုပ်စုရှိ မန်းမန္တလာဘုန်းကြီးကျောင်းသို့လည်းကောင်း၊ ကူမဲမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဘေး ရှိရွှေဘုံသာဘုန်းကြီးကျောင်းတို့၌ဖွင့်လှစ်ထားသည့် ယာယီရေဘေး ရှောင်စခန်းများသို့ လည်းကောင်း သွားရောက်ပြီး ရေဘေးသင့် ပြည်သူများကို တွေ့ဆုံ အားပေးစကား ပြောကြားပြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက စားရေရိက္ခာများ၊ သောက်ရေသန့် ဘူးများကိုလည်းကောင်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၆၇၁၄၁၀၀ ကိုထောက်ပံ့ပေးအပ်ကာ ကျန်းမာ ရေး စောင့်ရှောက်ပေးနေမှုများ ကို လိုက်လံကြည့်ရှုသည်။

ယင်းနောက် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံအတွင်း ရေ ဝင်ရောက်ခဲ့မှုများနှင့် ရေပြန်လည် ကျဆင်းမှု အခြေအနေများ၊ ရောဂါရှာဖွေရေး စက်ပစ္စည်းများ ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်း ထားရှိမှု အခြေအနေများကို ကြည့်ရှုပြီး ဆေးရုံတွင်တက်ရောက် ဆေးဝါးကုသမှု ခံယူနေသည့် လူနာများကို အားပေးစကားများ ပြောကြား၍ အာဟာရဖြည့်စွက် စာများပေးအပ်ကာ ဆေးရုံ အုပ်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဆေးရုံအတွက် သောက်သုံးရေ အခက်အခဲမရှိစေရန် New Strar-light ဆောက်လုပ်ရေးကုမ္ပဏီက ကျပ်သိန်း ၂၀၀ ခန့် ကုန်ကျမည့် လေးလက်မခွဲ စက်ရေတွင်းနှင့် ကျင်းလုံ မြန်မာစက်မှုလုပ်ငန်း သုံး ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီ လီမိတက်က ကျပ်သိန်း ၂၀ ခန့် တန်ဖိုးရှိ ရေမြုပ်မော်တာတို့ကို လည်းကောင်း လှူဒါန်းခဲ့သည်။

အဆိုပါခရီးစဉ်၌ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ကျောက်ဆည်ခရိုင်အတွင်း လမ်းပိုင်းပျက်စီးမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment