နေပြည်တော် စက်တင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော်ကောင်စီ နယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်
နဝင်းချောင်းတံတား (အဆုံ) အား ယာယီဘေလီတံတားထိုး၍ တည်ဆောက်ပြုပြင်နေမှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်မှ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း
မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး ဆင်သေချောင်းအတိုင်း ရေတိုက်စားမှုကြောင့် ကားလမ်းဘေး
ရေတိုက်စားပျက်စီးနေမှုများ၊ ကုန်တင်ကားကြီးများနှင့် ခရီးသည်တင်ယာဉ်များ စောင့်ဆိုင်းနေရမှုအခြေအနေများကို
ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် နဝင်းချောင်းတံတား (အဆုံ) နေရာသို့ ရောက်ရှိကြပြီး ရေတိုက်စားမှုကြောင့်
ပြိုကျပျက်စီးခဲ့မှုအား ယာယီဘေလီတံတား တည်ဆောက်ပြုပြင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အများပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက်
အမြန်ဆုံးပြီးစီးနိုင်ရေး နေ့ညမပြတ် လုပ်ငန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် လမ်းတံတား နေရာများအား အများပြည်သူ
သွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပန်း ဆက်သွယ်မှုမပြတ်တောက်စေရေး ပြန်လည်ပြုပြင်ခြင်းများကို
အမြန်ဆုံးဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင်
တံတားများ ထိခိုက်ပျက်စီးခဲ့မှုအပေါ် သင်ခန်းစာယူ၍ တံတားများ တည်ဆောက်ရာတွင် အရှိန်အဟုန်ဖြင့်
ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးအတွက် စနစ်တကျထည့်သွင်းတွက်ချက်၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊
ထို့ပြင် တံတားကြီးနေရာများ၌ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ရေထွက်ရာလမ်းကြောင်းနေရာများကို
ရေလမ်းကြောင်းဖြောင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး
ရေဝင်ရောက်ခဲ့မှုအခြေအနေများနှင့် ယာယီ ဘေလီတံတားထိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို
လိုက်လံကြည့်ရှုစစ်ဆေးသည်။
အဆိုပါ နဝင်းချောင်းတံတား
(အဆုံ) ယာယီဘေလီတံတားကို တံတားခံနိုင်ဝန် ၄၀ တန်၊ အရှည် ၁၀၀ ပေ၊ ယာဉ်သွားလမ်းအကျယ်
၂၄ ပေ၊ သံဘေလီသုံးလွှာ ၁ ထပ် တံတားထိုးခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၁ ရက်မှစ၍ အစားထိုးစတင်တည်ဆောက်လျက်ရှိရာ
စက်တင်ဘာ ၁၆ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ရေအလုံးအရင်းဝင်ရောက်ခဲ့မှုကြောင့်
ကင်းသာရေထိန်းတမံ ထိခိုက်ပျက်စီးခဲ့မှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကင်းသာလမ်းခွဲမှတစ်ဆင့် ကင်းသာအုပ်စု၊
၃ မိုင်ကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကင်းသာချောင်းတစ်လျှောက် တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့်
စီးဆင်းခဲ့မှုနှင့် တမံအပေါ်မှ ရေ ၃ ပေခန့်ကျော်ကျခဲ့မှု၊ သစ်တုံးကြီးများနှင့် နုန်းအနှစ်များ၊
သဲများ တမံအတွင်း အများအပြား ဝင်ရောက်၍ သောင်ထွန်းနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်သည် ကင်းသာတမံအတွင်း သောင်ထွန်းနေမှု၊ တောင်ကျချောင်းရေများ
အရှိန်အဟုန်ဖြင့် စီးဝင်ခဲ့မှုကြောင့် တမံကျိုးပေါက်နေမှု၊ သစ်ပင်သစ်တုံးကြီးများ
တမံအတွင်း ပိတ်ဆို့နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ ချောင်းအထက်ပိုင်း၌
သစ်ပင်များကို အများအပြားခုတ်ယူခြင်းကြောင့် ရေစီးဆင်းမှုနှုန်းကို ထိန်းသိမ်းနိုင်စွမ်းအားနည်းလာကာ
ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းချိန်တွင် ရေအလုံးအရင်းဖြင့် စီးဆင်းခဲ့ခြင်းဖြစ်ကြောင်း၊
သစ်ပင်သစ်တုံးများကို ခုတ်ယူပြီး ချောင်းကမ်း နဖူးများတွင် စုပုံထားခြင်းကြောင့် ရေစီးနှင့်အတူမျောပါလာသည့်
သစ်တုံးကြီးများ၏ ရိုက်ခတ်မှုများကြောင့် ရေလမ်းကြောင်းတစ်လျှောက်ထိခိုက်ပျက်စီးမှုများနှင့်
တမံကျိုး ပေါက်ခြင်းများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရေလမ်းကြောင်းရှင်းလင်းခြင်း
လုပ်ငန်းများ၊ တမံအတွင်း ပြည့်နှက်နေသည့် နုန်းများ၊ သဲများကို ဖယ်ထုတ်ခြင်းလုပ် ငန်းများကို
အဆင့်လိုက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကနဦးအနေဖြင့် အပျက်အစီး များရှင်းလင်းခြင်းလုပ်ငန်းများနှင့်
တမံဧရိယာပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများကို ဦးစွာဆောင်ရွက်သွားရန်လိုပြီး ထိုသို့ဆောင်ရွက်ပြီးမှသာလျှင်
ကျိုးပေါက်နေသည့်တမံနေရာများ စနစ်တကျဖြင့် ပြန်လည်ပြုပြင်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို
မှာကြားသည်။
အဆိုပါကင်းသာရေထိန်းတမံသည်
၁၉၉၄-၁၉၉၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် မြေသားတမံအမျိုးအစားဖြစ်ပြီး တမံအတွင်း
(၇၂) ဧကပေသာ သိုလှောင်ထိန်းသိမ်းနိုင်သည့် ရေထိန်းတမံငယ်ဖြစ်ကြောင်း၊ ရာဂိမုန်တိုင်းအရှိန်ကြောင့်
မိုးရွာသွန်းမှုများပြားပြီး ကင်းသာရေထိန်းတမံအတွင်း ရေဝင်ရောက်မှုများပြားခဲ့သဖြင့်
တမံထိပ်မျက်နှာပြင်မှ ၃ ပေအထိ ရေကျော်စီးဆင်းခဲ့ကာ တမံ၏ ရေထုတ်ပြွန်အနီးတွင် ရေတိုက်စားမှုများဖြစ်ပေါ်ခဲ့ကြောင်း၊
တမံအတွင်း သိုလှောင်နိုင်သည့် ရေပမာဏထက် ၁၂ ဆခန့် ရှိသည့်တောင်ကျချောင်းရေများ ဝင်ရောက်ခဲ့ခြင်း၊
တောင်ကျချောင်းရေနှင့်အတူ သဲနုန်းပို့ချခြင်းများရှိခဲ့ခြင်းတို့ကြောင့် တမံမှ ရေသိုလှောင်နိုင်ခြင်းမရှိတော့ဘဲ
မြေသားပေါင် ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကင်းသာသစ်ဆိပ်မှ သစ်လုံးကြီးများသည်လည်း
ရေစီးကြောင်းအတိုင်း မျောပါခဲ့ပြီး ရေထိန်းတမံအား အရှိန်အဟုန်ဖြင့် ဝင်ဆောင့်ခဲ့မှုများကြောင့်
တမံထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်သည် ၃ မိုင်ကျေးရွာရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ
ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့မှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်သည် ကင်းသာလမ်းခွဲနေရာ၌ ရေတိုက်စားမှုကြောင့် လမ်းကြောင်းပျက်စီးနေမှုအခြေအနေများကို
ကြည့်ရှုစစ်ဆေးကာ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို
အမြန်ဆုံး ဆောင်ရွက်သွားရန် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
သိုက်ချောင်းတံတား
(ဆင်သေချောင်းကူး) အား ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့်
ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ သိုက်ချောင်းတံတား
(ဆင်သေချောင်းကူး) အား ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို
ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ဆက်လက်ပြီး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
ပြင်ဆင်တည်ဆောက်ပြီးစီးပြီဖြစ်သည့် ယာယီဘေလီတံတားပေါ်မှ မော်တော်ယာဉ်များဖြင့် မောင်းနှင်ဖြတ်သန်းခဲ့ပြီး
ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။



















No comments:
Post a Comment