လွိုင်ကော် စက်တင်ဘာ ၁၅
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက သာသနာ့ဗိမာန်တော်ကြီးရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး သီရိမင်္ဂလာ(ယာယီ)ဈေးအတွင်း လှည့်လည်ကြည့်ရှုကာ သီရိမင်္ဂလာဈေး ပြန်လည်တည်ဆောက်မှုလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊
တာဝန်ရှိသူများသည် သာသနာ့ဗိမာန်တော်ကြီးသို့ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများအား
စားသောက်ဖွယ်ရာများနှင့် ထမင်းဘူးများဝေငှကာ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအားကြည့်ရှုပြီး
အားပေးစကားပြောကြားခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က “ယခုလ ၉ ရက်နေ့မှစပြီး ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် လွိုင်ကော်မြို့ရှိ
ရပ်ကွက်များအတွင်း ရေများစတင်ဝင်ရောက်ခဲ့ကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်မှုကြောင့်
လူသေဆုံးမှုများမရှိခဲ့ကြောင်း၊ ယခုအခါ လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို
ကယ်ဆယ်ရေးစခန်း(၂)ခု ဖွင့်လှစ်ထားပြီး လိုအပ်သည့် ထောက်ပံ့မှုများလည်း ပေးလျက်ရှိကြောင်း၊
စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးမှုများအတွက် ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေး
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှိသူများ၏ ပျက်စီးဆုံးရှုံးမှုရှိပါက
လုပ်ငန်းအား ပြန်လည်ထူထောင်နိုင်ရေးအတွက်လည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း” ပြောကြားပြီး
ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ သီရိမင်္ဂလာ(ယာယီ)ဈေးအတွင်း ဈေးရောင်းချနေမှုများအား
လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား “ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ကုန်စည်စီးဆင်းမှု
မှန်ကန်စေရေး၊ အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်၊ ဆီ ဈေးနှုန်းများ တည်ငြိမ်ရေးနှင့် ပြတ်လပ်မှုမရှိစေရေး၊
ဈေးအား အမြဲသန့်ရှင်းသပ်ရပ်ရေး အလေးထားဆောင်ရွက်ရန်” တို့ကို မှာကြားပြီး ဈေးရောင်းချသူများအား
ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် သီရိမင်္ဂလာဈေး
အသစ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ဈေးသစ်ယာယီရှင်းလင်းဆောင်၌
တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က
“ဈေးတည်ဆောက်မှုလုပ်ငန်းများ သတ်မှတ်ကာလအချိန်မီပြီးစီးရေးနှင့် ပစ္စည်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး
တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်သွားရန်၊ ဈေးအတွင်း ရေစီးရေလာကောင်းမွန်စေရန် ရေနှုတ်မြောင်းများ
စနစ်တကျစီမံ ဆောင်ရွက်ရေး၊ ဈေးအတွင်း ယာဉ်များဝင်ထွက်သွားလာမှု ကောင်းမွန်စေရေး၊ လျှပ်စစ်သွယ်တန်းမှုစနစ်ကောင်းမွန်စေရေး”
စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment