Monday, September 30, 2024

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ (၃၂) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်

 


ရန်ကုန် စက်တင်ဘာ ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံက ကြီးမှူး၍ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး (32nd ASEAN Socio-Cultural Community (ASCC) Council Meeting) သို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးသို့ လာအိုနိုင်ငံ အာဆီယံလူမှု-ယဉ်ကျေးမှုဝန်ကြီး၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့်ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး Mrs. Sunane-savanh VIGNAKET ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံတို့မှ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အိမ်ရှင်လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ၂၀၂၅ အလွန် အာဆီယံ-လူမှုယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ မဟာဗျူဟာအစီအစဉ် ရေးဆွဲရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ (၄၄) ကြိမ်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြမည့် မှတ်တမ်းမှတ်ရာများ၊ အစည်းအဝေးအစီရင်ခံစာများ၊ ကြေညာချက်များနှင့် (၃၁) ကြိမ်မြောက် အာဆီယံလူမှု - ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ၏ မှတ်တမ်းအကျဉ်းချုပ်တို့ကို အတည်ပြုနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက လာအိုနိုင်ငံ၏ ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌကာလအတွင်း အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်း၏ မဟာဗျူဟာဦးတည်ချက်များနှင့်အညီ အာဆီယံနိုင်ငံများအကြား အတူမျှဝေထားသော မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားရန် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝသန္နိဋ္ဌာန်ချထားကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီအဆင့်မြင့်အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၃၂) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီအစည်းအဝေးနှင့်အတူ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ ADME (ASEAN Database for Monitoring and Evaluation System) စတင်ဖွင့်လှစ်သည့် အခမ်းအနားနှင့် ညနေပိုင်းတွင် ပြုလုပ်သည့် (၃၂) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေးအထိမ်းအမှတ်အဖြစ် လာအိုနိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး လာအိုရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။

ဗီယင်ကျန်းမြို့သို့ ရောက်ရှိနေစဉ်ကာလအတွင်း ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဗီယင်ကျန်းခေတ်ပြိုင် အနုပညာပြတိုက် (သစ်သား ပြတိုက်)၊ That Luang စေတီနှင့် Ho Pra Keo ဘုရားကျောင်းသို့ သွားရောက်လေ့လာခဲ့ကြပြီး စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment