Monday, September 30, 2024

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရေကြီးရေလျှံမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပျက်စီးသွားခဲ့သည့် လမ်းတံတားများ ပြုပြင်ဆောင်ရွက်နေမှုနှင့် တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် စက်တင်ဘာ ၂၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၌ ရန်ကုန်တိုင်းဒေသကြီးရှိ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဦးစွာ ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် လမ်း၊ တံတားများကို ပြည်သူများ အသုံးပြုနိုင်ရေးယာယီပြင်ဆင်ပြီးပါက မူလအခြေအနေအတိုင်း ဖြစ်စေရေး စနစ်တကျ အမြန်ဆုံးဆောင်ရွက်ရန်၊ လမ်းများကိုလည်း လမ်းအင်္ဂါရပ်နှင့်အညီဖြစ်စေရန် လမ်းညွှန်အမှတ်အသားများကို စနစ်တကျဆောင်ရွက်ရန်နှင့် လမ်းဘေး ဝဲ၊ ယာ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများကို စနစ်တကျဆောင်ရွက်သွားရန်၊ လမ်းအသုံးပြုကောက်ခံနေသည့် တိုးလ်ဂိတ်များတွင် နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ပျောက်ဆုံးမှုမရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်၊ ပြည်သူအငှားအိမ်ရာ စီမံကိန်းနှင့် ပတ်သက်၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပြည်သူများ နေထိုင်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အင်ဂျင်နီယာချုပ်တို့က ဖြည့်စွက်ဆွေးနွေးကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မက်စ်ဟိုင်းဝေးကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ထောက်ကြန့် - တိုက်ကြီး လမ်းပိုင်းရှိ တိုးလ်ဂိတ်နှင့် တိုက်ကြီး - သာယာဝတီတိုးလ်ဂိတ်များတွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် အခမဲ့ယာဉ်များ ဖြတ်သန်းပါက အသံမြည်စနစ်တပ်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုက်ကြီး - ဥတို - ချောင်းသုံးခွ - အဖျောက် လမ်းပိုင်းမိုင်တိုင်အမှတ် (၁၀/၁-၁၀/၂) ကြား တံတားအမှတ် (၂/၁၁) တွင် တံတားချဉ်းကပ်လမ်း မြေကာနံရံများ ပျက်စီးသွားသဖြင့် ဝါးကပ်ဖြင့် မြေကာနံရံပြုလုပ်၍ သဲအိတ်များစီထပ်ခြင်းနှင့် ကလိုင်ပေါက်နေရာတွင် သဲအိတ်များ ထည့်စီခြင်း၊ သဲဖြည့်၍ ရေဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မှော်ဘီမြို့နယ် လမ်းဦးစီးဌာန ရုံးဝင်းအတွင်း၌ နှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုကိုလည်းကောင်း၊ ရန်ကုန် - ပဲခူး လမ်းပိုင်းရှိ မက်စ်ဟိုင်းဝေးကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်းအသုံးပြုခကောက်ခံသည့် တိုးလ်ဂိတ်နှင့် လှည်းကူးမြို့နယ် လမ်းဦးစီးဌာနရုံးဝင်းအတွင်း၌ နှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment