Monday, September 30, 2024

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဝန်ကြီးဌာနအောက်ရှိ ဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု

 


နေပြည်တော် စက်တင်ဘာ ၂၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိဌာန၊ အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဌာနဆိုင်ရာအကြီးအကများ၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ အမိန့်နှင့်ညွှန်ကြားချက်များအပေါ် တိကျစွာလိုက်နာဆောင်ရွက်ပြီး ဝန်ထမ်းကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားပြီး ကော့သောင်းမြို့တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တော်ဝင်ဆိပ်ခံဘောတံတားသို့ သွားရောက်၍ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး တိုင်းဒေသကြီးအစီအစဉ်ဖြင့် တည်ဆောက်လျက်ရှိသော မြို့မဆိပ်ခံတံတား အဆင့်မြှင့်တင်တည်ဆောက်နေမှုကိုလည်းကောင်း၊ ဝန်ကြီးဌာနအောက်ရှိ ဌာန၊ အဖွဲ့အစည်းများ၏ ရုံးအဆောက်အဦများနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ကော့သောင်းလေဆိပ်သို့ ရောက်ရှိပြီး ဆိုက်ရောက်၊ ထွက်ခွာခန်းမများနှင့် သန့်စင်ခန်းများအခြေအနေ၊ လေဆိပ်လုံခြုံရေးအတွက် လေကြောင်းရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှု၊ လေဆိပ်တွင် အသုံးပြုလျက်ရှိသော X-ray စက်၊ CCTV များအခြေအနေ၊ လေယာဉ်ပြေးလမ်းမီး၊ လေကြောင်းထိန်းမျှော်စင်ရှိ ဆက်သွယ်ရေးစက်များ၊ လေကြောင်းထိန်းစနစ်များအခြေအနေ၊ လေယာဉ်ပြေးလမ်းနှင့် ပြေးလမ်း ဝဲ၊ ယာ မြက်ပင်ရှည်ချုံနွယ်များ ပုံမှန်ရှင်းလင်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment