Monday, September 30, 2024

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 


နေပြည်တော် စက်တင်ဘာ ၂၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ အေးသာယာမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၁၇၆ ပီပါ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၂၆၀၀၉၃၀)၊ အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် UD Tractor Head တစ်စီးနှင့် ဆီသယ်နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၀၀၀၀၀၀)နှင့် ပြင်ဦးလွင်မြို့ (၂၁) မိုင်အကျော် ညောင်ပေါကျေးရွာလမ်းဘေး၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၁၁၄၂၀၀) တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၃၅၄/၇)အနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်အခြားသစ် ၁၂ ဒသမ ၆၈၀ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၃၇၁၃၄၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Shwe Chan Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၀၈၆၄၇၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

အရေးယူဆောင်ရွက်

စက်တင်ဘာ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၇၅၈ တန်၊ သစ်မာ ၀ ဒသမ ၄၇၄ တန်၊ အခြားသစ် ၂ ဒသမ ၆၄၁ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၃၁၈၉၈ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဖမ်းဆီးရမိ

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်လေးစီး စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်တွေမြို့နယ် မြို့သူကြီးရပ်ကွက်၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ ၁၃ ပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၇၉၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၄၇၉၇၃၆၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။        

သတင်းစဉ်

No comments:

Post a Comment