နေပြည်တော် ဇွန် ၁၁
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၂၇) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေး ဖိုရမ်တက်ရောက်နေစဉ်အတွင်း ဇွန် ၇ ရက် နံနက်ပိုင်းက ကျင်းပသည့် ကျန်းမာရေးနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဆိုင်ရာ စီးပွားရေးဘာသာရပ်၏
အရေးပါမှု၊ ကျန်းမာရေးကဏ္ဍအတွက် စွမ်းအားအရင်းအမြစ်များ ခွဲဝေချထားခြင်း၏ အရေးကြီးမှု၊
ကျန်းမာရေးမူဝါဒများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ ကုန်ကျစရိတ်နှင့်
အကျိုးရလဒ် အား ဆန်းစစ်သုံးသပ်နိုင်မှု၊ နည်းပညာအသုံးပြု၍ ကျန်းမာရေးနှင့် လူမှုဘဝအရည်အသွေး
မြှင့်တင်ရေးကိစ္စရပ်များ၊ ပြောင်းလဲလျက်ရှိသော စီးပွားရေးကဏ္ဍနှင့်အတူ ကျန်းမာရေးစောင့်
ရှောက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ကောင်းမွန်ထိရောက်သော အလေ့အကျင့်ကောင်းများ၊
ပြည်သူလူထု၏ ကျန်းမာရေး တိုးတက်ကောင်းမွန်ရန် ကာကွယ် ဆေးထိုးနှံခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊
ကျန်းမာသော လူနေမှုဘဝရရှိစေခြင်း အစရှိ သည့်လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို
ပါဝင်ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး
Dr. Mikhail Murashko နှင့် နိုင်ငံတကာမှ ပညာရှင် ကိုးဦးတို့က Speaker များအဖြစ် တက်ရောက်
ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး
Dr. Mikhail Murashko နှင့် ကိုယ်စားလှယ်အဖွဲ့အား Conference Hall G 1.24 ခန်းမ၌ တွေ့ဆုံပြီး
မြန်မာ-ရုရှား နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု
မူဘောင် ရေးဆွဲနိုင်ရေးကိစ္စရပ်များ၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်ကျန်းမာ
ရေးစောင့်ရှောက်မှုများအပါအဝင် နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာ သင်ကြားရေး ပူးပေါင်းဆောင်ရွက်
နိုင်မည့်ကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထုတ်လုပ်သည့် ကင်ဆာရောဂါကုသမှုနှင့်
အခြားရောဂါများ ကုသမှုဆိုင်ရာခေတ်မီဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ တင်သွင်း၊
ဖြန့်ချိ၊ ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးနှင့်
ကင်ဆာ ရောဂါကုသမှု ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ဆေးဘက် ဆိုင်ရာပညာရှင်များ
အပြန်အလှန် အတွေ့အကြုံဖလှယ်ရေးနှင့် ဆေးဘက်ဆိုင်ရာညီလာခံ၊ သင်တန်းများ၊ အစည်းအဝေးများသို့
ဖိတ်ကြားနိုင်ရေးကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်း
များ အပြန်အလှန်ပေးအပ်ကြသည်။
ဇွန် ၈ ရက် မနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စိန့်ပီတာစဘတ်မြို့
Napa-lkov Cancer Center သို့ ရောက်ရှိ၍ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့၊ Napalkov Cancer
Center မှ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံ ကင်ဆာရောဂါ ဆေးကုသမှု ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို
ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအရ
မြန်မာနိုင်ငံမှ ရောက်ရှိနေသည့် ကင်ဆာလူနာ မောင်စိုးမင်းသန့်ကို သွားရောက်ကြည့်ရှု
အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် အစားအသောက်များ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Federal State Budgetary
Institute Granov Russian Scientific Center of Radiology and Surgical
Tech-nologies နှင့် Federal State Budgetary Institute Nikiforov Russian Center
for Emergency and Radiation Medicine သို့ သွားရောက်ကြည့်ရှု လေ့လာရာ တာဝန်ရှိသူများက
အဏုမြူရောင်ခြည်ဖြင့် ခေတ်မီကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်း ဆောင်ရွက်နေမှု၊ ဓာတ်ရောင်ခြည်စက်ကိရိယာအသုံးပြုမှု၊
အဏုမြူရောင်ခြည် ဆေးဝါးထုတ်လုပ်မှု၊ ဓာတ်ရောင်ခြည်ဘေးသင့်လူနာများ အရေးပေါ်ဆေးကုသမှုလုပ်ငန်းများနှင့်
ပြန်လည်သန်စွမ်းရေး ဆေးပညာရပ်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြ
သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ Polysan နှင့်
Pharmasyntez ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများသို့ သွားရောက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ
ထုတ်လုပ်သည့် ကင်ဆာရောဂါကုသမှုဆေးဝါးများ၊ အခြားခေတ်မီအရည်အသွေးပြည့်ဝသော ဆေးဝါးများ
မြန်မာနိုင်ငံသို့ တင်သွင်း၊ ဖြန့်ချိ၊ ထုတ်လုပ်နိုင်ရေး နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဆေးဝါးထုတ်လုပ်ရေး
လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးလေ့လာခဲ့ကြောင်း
သတင်းရရှိ သည်။
သတင်းစဉ်

No comments:
Post a Comment