မိုးမြင့်
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဖြေရှင်းရခက်နေတဲ့ အရှုပ်အထွေးတစ်ခုအပေါ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကြောင့် အမှန်အတိုင်း ရှိနေတဲ့ ပကတိအခြေအနေမှန်တစ်ခုကို ကမ္ဘာ့ပြည်သူတွေ သိခွင့်၊ မြင်ခွင့်ရခဲ့ပါပြီ။ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ လူမျိုးတစ်ခုရဲ့ အရေးအရာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမိုင်းမှာ အမြဲတမ်းကစားနေကျ နိုင်ငံရေးခွင်တစ်ခုအဖြစ် အမြဲအသုံးချခံခဲ့ရပါတယ်။ အထူးသဖြင့် BNP လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဟာ မြန်မာလူမျိုးတွေ လက်မခံတဲ့ ရိုဟင်ဂျာအမည်ကို အမြဲသုံးပြီး ပြောင်ပြောင်တင်းတင်း နိုင်ငံရေးလုပ်စားခဲ့ကြဖူးပါတယ်။ ယခုလက်ရှိအာဏာရ ရှိတ်ဟာစီနာခေါင်းဆောင်တဲ့ အဝါမီလိဂ်ပါတီကတော့ BNP နဲ့စာရင် ဆန့်ကျင်ဘက်အပြုသဘောဆန်တဲ့ဘက်မှာ ရပ်တည်လာနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ယခင်နိုင်ငံခြားရေးဝန်ကြီး လက်ရှိလွှတ်တော်ကော်မတီဥက္ကဋ္ဌ၏ အမြင်
ဆိုရရင် နှစ်နိုင်ငံအကြား အချေအတင်ဖြစ်နေရတဲ့ ဘင်္ဂါလီအရေးမှာ ဘင်္ဂလား ဒေ့ရှ်ဒုက္ခသည်စခန်းက
ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်သို့ ပြန်ခေါ်ရေးဟာ ယခင်ကတည်းက နှစ်နိုင်ငံအကြား သဘောတူညီထားပြီး
ကိစ္စရပ်ဖြစ်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ခေါ်ရေးမှာ မြန်မာနိုင်ငံအစိုးရဘက်က စိတ်အားထက်သန်မှုအမှတ်လက္ခဏာတွေကို
အကြိမ်ကြိမ် ပြသခဲ့ပြီးလည်းဖြစ်ပါတယ်။ အကောင်အထည်မပေါ်နိုင်သေးတဲ့ အချက်တွေရှိရာမှာ
ဘယ်လိုအချက် တွေကြောင့်လဲဆိုတာ ယခုဘင်္ဂလားဒေ့ရှ် ဘက်က ထုတ်ဖော်ပြောဆိုလာပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာခဲ့သူတွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရေးကိစ္စနဲ့စပ်လျဉ်းပြီး
အခြေအနေမှန်ကို ပြောကြားခဲ့သူက ယခင်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အေကေ အဗ္ဗဒူမိုမန်
(Mr.A K Abdul Moman) ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်လွှတ်တော် နိုင်ငံခြားရေးဆိုင်ရာ
ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်တဲ့
Daily Jugantor နဲ့ တွေ့ဆုံရာမှာ ယခုလို ဖြေကြားပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
သူတို့ဘက်ကတော့ ထုံးစံအတိုင်း ဘင်္ဂါလီကို ရိုဟင်ဂျာအသုံးအနှုန်းပဲ သုံးစွဲပါတယ်။
ကျွန်တော်တို့ဘက်ကတော့ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲမှာမပါတဲ့အတွက် ဘင်္ဂါလီလူမျိုးကို
ဘင်္ဂါလီလို့ပဲ သုံးနှုန်းပါရစေ။ ကော်မတီဥက္ကဋ္ဌအနေနဲ့က ဒုက္ခသည်တွေ နေရပ်မပြန်ရခြင်း
အကြောင်းကို သူ့နိုင်ငံအတွင်းမှာ အမြစ်တွယ်လှိုက်စားနေတဲ့ နာတာရှည် ကင်ဆာဆဲလ်များအဖြစ်
တင်စားသွားခဲ့ ပါတယ်။ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်ခေါ်ဖို့ အစီအစဉ်ရှိကြောင်းကို
သူ့အနေနဲ့ အသိအမှတ်ပြုသွားခဲ့ပါပြီ။ အဓိကအဟန့်အတားနဲ့ လက်သည်တရားခံက ကုလသမဂ္ဂမဟာမင်းကြီးရုံး
(UNHCR)၊ နိုင်ငံအချို့နဲ့ မီဒီယာများ၊ နိုင်ငံအချို့လို့ဆိုရာမှာ အဓိကက အမေရိကန်ဖြစ်ကြောင်း
ထောက်ပြသွားပါတယ်။
အဓိကလက်သည်တရားခံများဟု ဘာကြောင့်ဆိုရပါသလဲ
ဘင်္ဂလားဒေ့ရှ်လွှတ်တော် ကော်မတီဥက္ကဋ္ဌရဲ့ ဖြေကြားချက်အရ UNHCR ၊ အမေရိကန်နဲ့
အပေါင်းပါမီဒီယာတွေဟာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့မပြန်ကြဘဲ လက်ရှိဒုက္ခသည်စခန်းတွေမှာပဲ
နေထိုင်ကြဖို့၊ လိုအပ်တဲ့စားနပ်ရိက္ခာတွေ ကိုလည်း ထောက်ပံ့ပေးမှာဖြစ်တဲ့အကြောင်း စည်းရုံးပြောဆိုနေခဲ့တယ်လို့
သိရပါတယ်။ ယခင် ၁၉၉၀ ပြည့်နှစ်များမှာ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို အောင်အောင်မြင်မြင်
ပြန်လည်ခေါ်ဆောင် ခဲ့တဲ့သမိုင်းကြောင်း ရှိခဲ့ကြောင်းကိုလည်း အသိအမှတ်ပြုပြောကြားခဲ့တဲ့အပြင်
ဒီအချက်ဟာ အဲဒီကာလကအရေအတွက် နည်းပါးလှတဲ့ မီဒီယာတွေကြောင့် အခြေအနေမှန်ကို အမှန်အတိုင်းသိခွင့်ရခဲ့ခြင်း
ဖြစ်ပြီး ယခုအချိန်မှာတော့ မှိုလိုပေါက်လာတဲ့ မီဒီယာတွေကြောင့်ဖြစ်ပြီး ဒုက္ခသည်တွေ
နေရပ်မပြန်ကြဖို့သာ အလေးပေးဖော်ပြကြတဲ့၊ မရိုးသားလိမ်လည်လှည့်ဖျားတဲ့ မီဒီယာတွေကြောင့်ဆိုတဲ့
အခြေအနေမှန်ကို ယခုလိုဖော်ထုတ်ပြောဆိုခဲ့ခြင်းဖြင့် အနာဂတ် မှာ ဒုက္ခသည်တွေအရေးဟာ အားရစရာ
တိုးတက်မှုများ ရှိလာမှာဖြစ်ကြောင်း သုံးသပ်နိုင်မှာဖြစ်ပါတယ်။
လက်ရှိသူတို့နိုင်ငံက ဒုက္ခသည်တွေအရေး ယခုလိုကြန့်ကြာနေရတာဟာ UNHCR လို နိုင်ငံတကာအဖွဲ့တွေရဲ့
လက်ချက်ဖြစ်ကြောင်း၊ စီးပွားရေးအရ အသုံးချနေကြခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတင်မက
ကမ္ဘာတစ်ဝန်းက ဒုက္ခသည်စခန်းအားလုံးမှာလည်း စီးပွားရေးအရ ဒီလို လုပ်ကွက်တွေရှိနေတာ
အစဉ်အလာတစ်ခုဖြစ်ကြောင်း အတိအလင်းထောက်ပြ ခဲ့တာတွေ့ရပါတယ်။ ဒုက္ခသည်တွေမရှိရင် ဒီအဖွဲ့တွေအနေနဲ့
အလုပ်လက်မဲ့ ဖြစ်သွားမယ့်အရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယခင်နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုသွားခဲ့ပြီဆိုတော့
အခြေအနေမှန်ကို နားလည်လက်ခံလာတဲ့ သဘောလို့ ယူဆရပါမယ်။
ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်ဖို့ အခြေအနေကောင်းတွေ မရှိသေးကြောင်း၊
ပြန်လည်နေရာချထားရေးအတွက် အစီအစဉ်ကောင်းတွေလည်း မရှိသေးကြောင်း စသည်ဖြင့် ထိုအဖွဲ့
အစည်းတွေရဲ့ ဝါဒဖြန့်မှုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယခင်နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်အသိပေးပြောကြားခဲ့ပါတယ်။
၎င်းရဲ့ပြောကြားချက်တွေထဲမှာ ဒုက္ခသည်တွေနေဖို့ အဲဒီဒေသမှာ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနဲ့
ဂျပန်နိုင်ငံတို့က နေအိမ်တွေ ကောင်းကောင်းဆောက်ပေးထားတဲ့အချက်ကို ဘင်္ဂလားဒေ့ရှ်ရော
အမေရိကန်ကပါ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် မပြန်ခိုင်းဘဲ
အမေရိကန်နိုင်ငံကို ခေါ်ယူမယ်ဆိုပြီး မက်လုံးပေးကြပြန်တယ်လို့ ဥက္ကဋ္ဌကပြောပါတယ်။ ဒါကြောင့်
နှစ်နိုင်ငံအကြား ဒုက္ခသည်အရေးကို နှစ်နိုင်ငံချင်းသာ ညှိနှိုင်းဖြေရှင်းသင့်တယ်လို့
ဥက္ကဋ္ဌဘက်က ပိုယုံကြည် သွားပါတယ်။ အခြား တတိယနိုင်ငံ၊ တတိယအဖွဲ့အစည်း ဘယ်လို
Third party မျိုးကိုမှ မလိုအပ်ဘဲ ထိုအဖွဲ့အစည်းနဲ့ နိုင်ငံတွေအပေါ် ယုံကြည်မှု ကင်းမဲ့သွားတဲ့သဘောကို
ယခုလို ပြောဆိုလိုက်ခြင်းအားဖြင့် နှစ်နိုင်ငံနဲ့ပဲဆိုင်တဲ့ နှစ်နိုင်ငံကြား ပြဿနာဖြစ်ကြောင်းကို
ပိုပြီးအလေးအနက်ထား လာခြင်းဖြစ်တယ်လို့ သုံးသပ်မိပါတယ်။
ဒုက္ခသည်စခန်းရဲ့အနိဋ္ဌာရုံတွေမှာ ဘယ်သူတွေတာဝန်ရှိသလဲ ပြောပြီ
ဘင်္ဂလားဒေ့ရှ်လွှတ်တော်ကော်မတီဥက္ကဋ္ဌရဲ့ နောက်ထပ်ပြောကြားချက်တွေ ရှိပါသေးတယ်။
ဒုက္ခသည် သိန်းဂဏန်း ရှိတဲ့ ကော့ဘဇားဒုက္ခသည်စခန်းအကြောင်းပါ။ အနည်းငယ် ပြန်ကောက်
ရရင် ထိုစခန်းတွေမှာ အနိဋ္ဌာရုံတွေများလှပါတယ်၊ မကြာခဏမီးရှို့ခံရတယ်၊ ရာဇဝတ်ဂိုဏ်းပေါင်းစုံတွေအကြား
အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ ဘင်္ဂါလီခေါင်းဆောင်တွေ လုပ်ကြံသတ်ဖြတ်ခံရမှုတွေရှိတယ်။
လုပ်ကြံခံရသူတွေဟာ မြန်မာဘက်ပြန်လိုတဲ့ ဘင်္ဂါလီတွေဖြစ်ပြီး လုပ်ကြံမှုတွေဟာ အာဆာအဖွဲ့နဲ့
ပတ်သက်မှုရှိတယ်လို့လည်း သိရပြန်တယ်။ ဒါ့အပြင် စိတ်ကြွမူးယစ်ဆေး ဖမ်းမိတဲ့သတင်းတွေကိုလည်း
မကြာခဏကြားသိနေရတယ်။ ဒုက္ခသည်တွေ ဟာ တဲအိမ်တွေနဲ့ အစုလိုက်အပြုံလိုက် နေရတာဖြစ်တယ်။
သဘာဝဘေးဒဏ်၊ လူလုပ်ဘေးဒဏ်များ ခံစားရသလို ဘေးကင်းလုံခြုံမှုမရှိ ဂုဏ်သိက္ခာမဲ့စွာနေရတယ်လို့
ဒုက္ခသည်တွေက ညည်းညူ ကြပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရောက်နေတဲ့ ဒုက္ခသည်တွေဟာ သူတို့နေရပ်
သူတို့ပြန်ချင်ကြတယ်။ ဒါပေမယ့် သူတို့ကို ပြန်ခွင့်မပေးတာက ဒီစခန်းမှာ အဓိကတာဝန်ယူ
လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အမေရိကန်တို့ပဲဆိုတာ ကော်မတီဥက္ကဋ္ဌက
ပြောသွားပါတယ်။ ဒုက္ခသည်စခန်းတစ်ခုဆိုတာ နိုင်ငံတကာအလှူငွေကို လက်ခံရရှိစမြဲပါ၊ ဘယ်လောက်ပမာဏနဲ့
ဘယ်လိုရရှိနေသလဲ၊ ထိုစခန်းတွေက နိုင်ငံတကာအဖွဲ့အစည်းတွေက လက်ခံ ရရှိတဲ့ အလှူငွေတွေကို
ဘယ်လိုသုံးစွဲနေကြသလဲ၊ အသေအချာမသိရပါဘူးတဲ့၊ ဒီလို မသိရတဲ့အတွက် သူတို့အစိုးရအနေနဲ့
ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေရကြောင်းနဲ့ စခန်းတွေကို ပိတ်သိမ်းသင့် ကြောင်း ပြောကြားသွားပါတယ်။
ဒီလိုဖြစ်နေတာဟာ INGO အဖွဲ့တွေ နဲ့ UNHCR လိုအဖွဲ့တွေ၊ အမေရိကန်လို နိုင်ငံတွေမှာပဲ
တာဝန်ရှိတဲ့သဘောကို ဆိုလိုဟန်ရှိပါတယ်။ တစ်ချိန်တစ်ခါတုန်း ကတော့ ဘင်္ဂလားဒေ့ရှ်အပါအဝင်
အနောက်အုပ်စုဟာ မြန်မာနိုင်ငံဘက်က ယခုလိုပြင်ဆင်ထားရှိမှုအခြေအနေတွေကို အနှစ်မပါတဲ့လုပ်ရပ်အဖြစ်
စွပ်စွဲခဲ့ကြဖူးကြောင်း ဒီနေရာမှာ ကြုံတုန်းထောက်ပြ လိုပါတယ်။
ဘင်္ဂလားဒေ့ရှ်က လက်ရှိနေထိုင်နေရတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ဆန့်ကျင် ဘက် မြန်မာနိုင်ငံဘက်မှာတော့
ယခင်ကတည်းကပင် ပြန်လည်လက်ခံရေးစခန်းတွေကို အဆင်သင့် နေထိုင်နိုင်အောင် ဆောက်လုပ်ပေးထားပြီး
ဖြစ်တယ်ဆိုတာ ပြန်အမှတ်ရဖို့ လိုပါတယ်။ တောင်ပြိုလက်ဝဲ၊ ငါးခူရစခန်းနဲ့ လှဖိုးခေါင်ကြားစခန်းတွေဟာ
ပြန်လာမယ့်သူတွေအတွက် ကောင်းမွန်တဲ့ပတ်ဝန်း ကျင်တွေ ဖြစ်ခဲ့ပါတယ်၊၊ ကုန်းလမ်းက လာလာ၊
ရေလမ်းကလာလာ နေဖို့ရွာတွေ အသင့်ပြင်ထားပေးခဲ့တယ်။ ပြင်ဆင်ထားရှိမှုအခြေအနေကို ဒုက္ခသည်တွေနဲ့
ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကိုယ်တိုင် လာရောက်လေ့လာဖူးပါတယ်။ ဒုက္ခ သည် ၃၄၅၀ ပြန်လာဖို့
၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း သဘောတူညီမှုတစ်ခု ရပြီးခဲ့တာတောင် သူတို့ပြန်မလာခဲ့ကြပါဘူး။
တင်ပြခဲ့သလို အဟန့်အတားတွေ ကြောင့်ပဲဖြစ်ပါတယ်။ မိမိဘက်က ဘယ်လိုပဲ ပြင်ဆင်ထားရှိစေကာမူ
ပြန်လည်လက်ခံရေးဟာ တစ်ဖက်က ပြန်ပို့နိုင်မယ့်အခြေအနေအပေါ် မူတည်ခဲ့ကြောင်း ယခင်ထားရှိခဲ့တဲ့
မြန်မာနိုင်ငံရဲ့ သဘောထားကို ယနေ့မှာတော့ ပြန်လည်လက်ခံပြီလို့ပဲ ယူဆရမှာဖြစ်ပါတယ်။
ပြည်ပပယောဂအစုံနဲ့ထိုးကျွေးခံဘဝတွေအကြောင်း ပြောနေပြီ
သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဘင်္ဂါလီတွေမှာ အကွဲကွဲအပြားပြား ဖြစ်နေတဲ့သဘောရှိတယ်။
ရိုးရိုးသားသား ဒုက္ခသည်တွေရှိကြသလို ARU အပါအဝင် အဖွဲ့အစည်းအသီးသီးရဲ့ အရိပ်အောက်
မှာ ထိုးကျွေးခံဘဝတွေအဖြစ်နဲ့ ရပ်တည်နေကြရတယ်။ နိုင်ငံရပ်ခြားပယောဂ အပြည့်ပါတဲ့အထဲမှာ
OIC က ပိုပြီး ထင်ရှားတယ်။ US နဲ့ EU လည်းပါသလို ICJ နဲ့ HRW တို့ကလည်း ဝင်စွက်ခဲ့ကြတယ်။
ARSA လို အကြမ်းဖက်အဖွဲ့အစည်း တွေလည်း ပါတာပဲ။
ဘေးတီးတဲ့အထဲမှာ BBC ၊ VOA ၊ RFA ၊ DVB နိုင်ငံခြားသတင်းဌာနအစုံ လည်းပါတယ်။ သူတို့အားလုံးရဲ့
ကိုယ်စီ ရည်မှန်းချက်မှာ ဘင်္ဂါလီနိုင်ငံအိပ်မက်ထူထောင်ဖို့အထိ ရည်မှန်းထားတယ်။ ပြင်ပ
ပယောဂအစုံအောက်မှာ ကပ်ဘေးသင့်တဲ့အထဲ ဘင်္ဂါလီတွေသာမက ရခိုင် လူမျိုးတွေလည်း ပါခဲ့တာကိုတော့
မျက်ကွယ်ပြုထားကြတယ်။ ဘင်္ဂါလီတွေသာမက ရခိုင်လူမျိုးတွေလည်း နေရပ် စွန့်ခွာကြရတာပါ။
မတူတာက ဘင်္ဂါလီတွေက INGO တွေရဲ့ အထောက်အပံ့နဲ့ စားရေရိက္ခာရကြတယ်။ ဘင်္ဂါလီတွေအတွက်
ဒုက္ခသည်စခန်းတွေဟာ နိုင်ငံ ရပ်ခြား INGO တွေနဲ့ စွက်ဖက်လိုသူ ပြင်ပ အင်အားစုတွေအတွက်တော့
ဆုလာဘ်ကြီးဖြစ်သလို ဘင်္ဂါလီကို ဗန်းပြပြီး ဘင်္ဂါလီတွေကို သတ်ဖြတ်တယ်၊ အဓမ္မပြုကျင့်တယ်စသဖြင့်
ဇာတ်နာအောင် လုပ်တာလည်း သူတို့ပါပဲ။
ဒါကြောင့်လည်း ဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ ကြောက်လန့်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာ
မြန်မာနိုင်ငံအစိုးရနဲ့ ဒုက္ခသည်တွေအကြား ဒေသခံရခိုင်လူမျိုးတွေနဲ့ ဒုက္ခသည်တွေအကြားမှာ ရန်တိုက်ပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံကို
ကမ္ဘာ့အလယ်မှာ အကောင်းမမြင်၊ လူဆိုး ဖြစ်အောင် ဖန်တီးပြီးသားဖြစ်သွားသလို သူတို့ရဲ့
မကောင်းတဲ့လုပ်ရပ် အမှားတွေကို ဖုံးကွယ်ပြီးသားလည်း ဖြစ်သွားပါတယ်။ လုပ်ရပ်အမှားတွေဆိုတာက
စီးပွားရေးအရ ခွင်တစ်မျိုး၊ နိုင်ငံရေးအရ မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်အောင်လုပ်၊
မြန်မာ့တပ်မတော်ကို သိက္ခာချ၊ Genocide နဲ့ ထောင်ချောက်ဆင်၊ ဒုက္ခသည်အရေး ဗန်းပြပြီး
မြန်မာနိုင်ငံကို မတော်မတရားစွပ်စွဲ၊ အခွင့်အရေးရရင် နယ်မြေလူမျိုးအပါခွဲထွက်ပြီး နိုင်ငံထူထောင်ဖို့အထိ
အစီအစဉ်တွေရှိနေတာ ကို ဆိုလိုတာပါ။
အဲဒီအဖွဲ့တွေရဲ့ ဖန်တီးချက်တွေဟာ ဒေသတွင်းမတည်မငြိမ်ဖြစ်စေမှု အထူးသဖြင့် တရုတ်နိုင်ငံရဲ့အကျိုးစီးပွား
ထိခိုက်သည်အထိ ရည်ရွယ်ပါတယ်။ ဥက္ကဋ္ဌရဲ့ပြောကြားချက်တွေအရ အမေရိကန်ဟာ မြန်မာကို အပုပ်ချနေပြီး
ဒုက္ခသည်တွေကို အမေရိကန်က စာနာပေး သယောင်လုပ်ပြနေခြင်းဟာ ကျွန်တော့်အနေနဲ့တော့ သူတို့ပြည်တွင်းနိုင်ငံရေးခွင်အတွက်သာ
လုပ်စားနေခြင်းတစ်မျိုး ဟု မှတ်ယူမိပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့ အမှန်တကယ် ယခုလိုဖြေကြားပြောဆိုချက်တွေဟာ ယခင်ဆက်ဆက်ကတည်းက
မြန်မာနိုင်ငံဘက်က အကြိမ်ကြိမ်ဖြေကြား ဖြေရှင်းခဲ့မှုတွေနဲ့ တစ်ထပ်တည်းကျနေကြောင်း သတိထားမိပါတယ်။ ယခုအချိန်မှာ
ဘင်္ဂလားဒေ့ရှ်ဘက်က အခြေအနေမှန်ကို နားလည်လက်ခံလာပြီဖြစ်တဲ့ အတွက် မြန်မာနိုင်ငံအစိုးရရဲ့
ဆောင်ရွက် ချက်တွေကို အသိအမှတ်ပြုလာတဲ့ သဘောဆောင်တယ်လို့လည်း ယူဆပါတယ်။ နှစ်နိုင်ငံအကြား
ချစ်ကြည်ရင်းနှီးမှုနဲ့ အပြုသဘောချဉ်းကပ်မှုတွေဟာ ယခု ထက်ပိုပြီး အပေါင်းလက္ခဏာဆောင်လာမယ့်သဘောများ
ရှိလာပြီလို့ မျှော်လင့်ပါ တယ်။
အခြားဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံမှ မလိုပါ။ နှစ်နိုင်ငံအကြားကိစ္စရပ်ကို အိမ်နီးချင်းနိုင်ငံအချင်းချင်း
ညှိနှိုင်း ဖြေရှင်းခြင်းအားဖြင့် ပိုပြီးထိရောက်အောင်မြင်မှုရှိလာမယ်လို့ ခံယူထားပါတယ်။
ပြဿနာတစ်ရပ်ကို အဖြေရှာရာမှာ ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းက ဖိအားပေးနည်းလမ်းနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။
ပြဿနာရဲ့အရင်းအမြစ်က ဘာလဲဆိုတာ ယနေ့ဘင်္ဂလားဒေ့ရှ် လွှတ်တော်ကော်မတီဥက္ကဋ္ဌရဲ့ ပြောဆိုချက်တွေမှာ
ထင်ဟပ်နေပြီဖြစ်တဲ့အတွက် ထိုထောက်ပြချက်တွေကို ဘယ်လိုမှမျက်ကွယ်ပြုလို့မရပါဘူး။
အရင်းအမြစ်ကို ဖြေရှင်းနိုင်ပြီဆိုမှသာ လက်တွေ့ကျ၊ မျှတပြီး ရေရှည်တည်မြဲတဲ့
ငြိမ်းချမ်းတည်ငြိမ်မှုတစ်ခုကို မလွဲမသွေရရှိနိုင်မှာဖြစ်ပါကြောင်း ဤနေရာကနေ တင်ပြလိုက်ရပါတယ်။
။
No comments:
Post a Comment