Saturday, May 25, 2024

သဘာဝဘေးအန္တရာယ်သည် အချိန်အခါမရွေး ကျရောက်နိုင်သည့်အတွက် ဒေသအလိုက် ဆောင်ရွက်ရမည့် တည်မြဲအမိန့်များ လက်ဝယ်ရှိမှသာ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မည်



နေပြည်တော် မေ ၂၄

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရည်ရွယ်ချက် ၄ ရပ်ဖြင့် ကျင်းပ

ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးကို ရည်ရွယ်ချက် ၄ ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊၂၀၂၄ ခုနှစ် ဧပြီ ၂၂ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) တွင် သဘာဝလွန်ဖြစ်ပေါ်လာသည့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က အစည်းအဝေးတွင် ဆွေးနွေးခဲ့ပါကြောင်း၊ ယင်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ပထမအချက်အနေဖြင့် ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လုပ်ငန်းကော်မတီ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင်တိုင်းဒေသကြီး၊ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအကြား ကြိုတင်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ စတုတ္ထအချက်အနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေ ရရှိ/ သုံးစွဲ/ လက်ကျန်စာရင်း အတည်ပြုချက်ရယူရန်ဖြစ်ကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “သဘာဝလွန်ဖြစ်ပေါ်လာ သည့် ရာသီဥတုဖောက်ပြန်မှုဖြစ်စဉ်များကို သင်ခန်းစာယူပြီး မိမိတို့နိုင်ငံတွင် အလားတူမဖြစ် အောင် မည်သို့ကာကွယ်တားဆီးရမည်ဆိုသည်ကို စဉ်းစားပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ကြရန်” ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း။

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်တွင်လည်း “ကော်မတီ၏ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန်အတွက် လိုအပ်သောအဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ အဆင့်ဆင့်သောလုပ်ငန်းများအနက် အရေးကြီး သောလုပ်ငန်းများအား မူဝါဒပေးခြင်း၊ ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက် တိုးတက်မှုကို ပြန်လည်သုံးသပ်၍ လိုအပ်ချက်များကို ပြန်လည်ဖြည့်စွက်လမ်းညွှန်ခြင်း” ဆိုသည့် လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ပါရှိကြောင်း။

၂၀၂၃-၂၀၂၄ ကာလအတွင်း ရာသီဥတုဖောက်ပြန်မှုများပို၍ ဖြစ်ပေါ်သည်ကို တွေ့ရ

ထို့ကြောင့် ပြီးခဲ့သည့်ကာလများတွင် ဆောင်ရွက်ခဲ့သည့်ကိစ္စများအပေါ် အားသာချက်၊ အားနည်းချက်များရယူပြီး ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ကြည့်ရမည်ဆိုပါက ၂၀၂၃-၂၀၂၄ ကာလအတွင်း လူကြောင့်ဖြစ်သည်များရှိသော်လည်း သဘာဝဘေးအန္တရာယ်ကြောင့် ရာသီဥတုဖောက်ပြန်မှုများပို၍ ဖြစ်ပေါ်သည်ကို တွေ့ရကြောင်း။

မိမိတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် လတ်တလောအနေဖြင့် အယ်လ်နီညိုနှင့် လာနီညာဆိုသည့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ၏ သက်ရောက်မှုကို တွေ့ကြုံခံစားနေရသည့် အနေအထားရှိကြောင်း၊ အယ်လ်နီညို၊ လာနီညာတို့သည် ပုံမှန်ရာသီဥတုဖြစ်စဉ်များကို ဖောက်လွဲ၊ ဖောက်ပြန်ဖြစ်စေသည့် သဘာဝဖြစ်ရပ်များဖြစ်ကြပြီး ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ကမ်းခြေဒေသများ၏ ရာသီဥတုကိုသာမက အာရှတိုက်တောင်ပိုင်း ကမ်းခြေဒေသများသို့တိုင်ဆက်စပ်ပြီး အစွန်းရောက်ရာသီဥတုအခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်ဟု ပညာရှင်များက ပြောကြားထားသည်ကိုတွေ့ရှိရကြောင်း။

ကမ္ဘာ့ပျမ်းမျှအပူချိန်သည် တစ်နှစ်ထက်တစ်နှစ် ပိုပြီးမြင့်တက်လျက်ရှိ

ကမ္ဘာကြီးပူနွေးလာမှု (Global Warming) ကြောင့် (၁၈၅၀-၁၉၀၀ ပြည့်နှစ်) ကာလ၏ ကမ္ဘာ့ပျမ်းမျှအပူချိန်နှင့် လက်ရှိကာလနှိုင်းယှဉ်ကြည့်ပါက ကမ္ဘာ့ပျမ်းမျှအပူချိန်သည် တစ်နှစ်ထက် တစ်နှစ် ပိုပြီးမြင့်တက်လျက်ရှိပြီး အယ်လ်နီညိုဖြစ်စဉ်များကြောင့် ကမ္ဘာကြီးပူနွေးလာမှုအပေါ် ဆင့်ကဲလွှမ်းမိုးမှုမှတစ်ဆင့် နှစ်စဉ် အပူချိန်မြင့်မားစွာ ခံစားနေရကြောင်း။

ကမ္ဘာ့နိုင်ငံများတွင် ၂၀၂၃ ခုနှစ် မေလမှစတင်ကာ အားအနည်းငယ်ရှိသည့် အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် အားအသင့်အတင့်သို့လည်းကောင်း၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ အားကောင်းသောအခြေအနေသို့ ရောက်ရှိခဲ့သည့်ဖြစ်စဉ်ကို တွေ့ရကြောင်း၊ ၂၀၂၄ခုနှစ် မေလအထိ အားအနည်းငယ်ရှိသော အခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ဇွန်လမှ အောက်တိုဘာလတို့တွင် ပုံမှန်ရာသီဥတု အခြေအနေသို့ ရောက်ရှိသွားမည်ဟု ကမ္ဘာ့ရာသီဥတုစောင့်ကြည့်ရေးအဖွဲ့က ခန့်မှန်းထားကြောင်း။

အယ်လ်နီညိုရာသီဥတု သက်ရောက်မှုကြောင့် ရေလွှမ်းမှုများ ကမ္ဘာနှင့်အဝန်း ခံစားနေရ

အဆိုပါ အယ်လ်နီညိုရာသီဥတုအခြေအနေ၏ သက်ရောက်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၂၀၂၃ ခုနှစ်အတွင်း အားအလွန့်အလွန်ကောင်းသော မုန်တိုင်းများ တိုက်ခတ်ခြင်း၊ လေတိုက် နှုန်းပြင်းထန်မှုနှင့် လေထုဖိအားကျဆင်းမှုများမှာ စံချိန်တင်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်း၊ အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ခြင်း၊ စိုက်ဆင်းလေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေလွှမ်းမှုများဖြစ်ပေါ်ခြင်းများကို ကမ္ဘာနှင့်အဝန်း ခံစားနေရသည်ကို တွေ့ရ ကြောင်း။

ယင်းဖြစ်စဉ်နှင့်အတူ ကမ္ဘာ့ရေခဲတောင်ဒေသများတွင်လည်း ရေခဲတောင်များ အရည်ပျော်ခြင်း၊ ဆီးနှင်းများ ထူထပ်စွာကျဆင်းခြင်း စသည့်ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ် မေ ၁၄ ရက်တွင် အားအလွန့်အလွန် ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ခဲ့ခြင်း၊ စိုက်ဆင်းလေပြင်းများ တိုက်ခတ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း။

ကမ္ဘာ့အပူချိန်အမြင့်ဆုံး (၁၅) မြို့တွင် မြန်မာနိုင်ငံက မြို့များပါရှိ

ထို့ပြင် ၂၀၂၄ ခုနှစ် နွေရာသီကာလတွင်လည်း အယ်လ်နီညိုရာသီဥတုအခြေ အနေသက်ရောက်မှုကြောင့် ကမ္ဘာနှင့်အဝန်း ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားပါးခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ချော်ရည်ပူများ စီးဆင်းခြင်း၊ စိုက်ဆင်းလေပြင်း ကျရောက်ခြင်း၊ ရေကြီးရေလွှမ်းမိုးမှုနှင့် မိုးသီးကျခြင်းများဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့အပူ ချိန်အမြင့်ဆုံး (၁၅)မြို့ စာရင်းတွင် မြန်မာနိုင်ငံက ချောက်၊ မကွေး၊ မင်းဘူး၊ ညောင်ဦး စသည့်မြို့များပါရှိသည်ကို ထုတ်ပြန်ချက်များအရ တွေ့ရကြောင်း။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ ၂၀၂၄ ခုနှစ် မေလအလယ်ထိ မိုးလေဝသ တိုင်းထွာရေးစခန်းပေါင်း (၃၀) ခန့်တွင် တိုင်းတာခဲ့ရာ စုစုပေါင်း အကြိမ်(၅၀)ခန့် အပူချိန်စံချိန်သစ်များ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိရပြီး အပူချိန်မြင့်မားမှုကြောင့် ဒေသအချို့တွင် အပူပျံတက်တိမ်များမှတစ်ဆင့် မိုးတိမ်တောင်များ ဖြစ်ပေါ်ခဲ့ပြီး စိုက်ဆင်းလေပြင်းများ ကျရောက်ခြင်းကြောင့် လေယာဉ်ခရီးစဉ်များတွင် အနှောင့်အယှက်များစွာ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရကြောင်း။

မုန်တိုင်းဝင်ရောက်မှုမရှိသော်လည်း စဉ်ဆက်မပြတ် သတိပေးခြင်းပြုလုပ်ရန် လိုအပ်

အာဆီယံဒေသအတွင်းတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ AHA Center မှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ဇန်နဝါရီလမှ မေလအထိ နှိုင်းယှဉ်ချက်များကို ပြုစုထားရာတွင် ၂၀၂၃ ခုနှစ် အတွင်း မြေငလျင်လှုပ်ရှားမှု၊ ရေကြီးရေလွှမ်းမိုးမှု၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲမှု စုစုပေါင်း ၈၂၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး ၂၀၂၄ ဇန်နဝါရီလမှ မေလအထိ (၅) လတာကာလအတွင်း ၅၃၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနှိုင်းယှဉ်ချက်များကို ကြည့်မည်ဆိုပါက သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုကြိမ်နှုန်းများ ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း၊ ဘေးသင့်အန္တရာယ် ဖြစ်ပွားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုမှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၄ သန်း ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ဇန်နဝါရီလမှ မေလအထိ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ပျက်စီးဆုံးရှုံးသည်ကို တွေ့ရကြောင်း၊ သဘာဝလွန်ဘေးအန္တရာယ်ဆိုင်ရာ နှိုင်းယှဉ်ဇယားအရ ဆိုးကျိုးအဖြစ်ဆုံးမှာ ရေဘေးအန္တရာယ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မကြာမီတွင် မိုးရာသီကို ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်လိုသည့်အပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်ခန့်မှန်းလျက် အဝါရောင်အဆင့် သတ်မှတ်ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ် အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲလျက် မေလ ၂၆ ရက်ပတ်ဝန်းကျင်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်နိုင်မှု၊ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် ကမ်းရိုးတန်းဒေသတစ်လျှောက် မုန်တိုင်းအန္တရာယ် သတိပေးချက်များလည်း ရှိနေပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များကလည်း ကြိုတင်သတိပေးမှု၊ လိုအပ်သည့် ပြင်ဆင်မှုအချို့နှင့် ဇာတ်တိုက်လေ့ကျင့်မှုတို့ကိုလည်း မိုခါမုန်တိုင်းနည်းတူ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မုန်တိုင်းဝင်ရောက်မှုမရှိသော်လည်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ခြင်း၊ ကမ်းရိုးတန်းဒေသတစ်လျှောက် မိုးကြီးခြင်း၊ လေပြင်းကျရောက်ခြင်းနှင့် နောက်ဆက်တွဲ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း ကြိုတင်သုံးသပ်လျက် ပြင်ဆင်ခြင်း၊ ဒေသခံများအား စဉ်ဆက်မပြတ်သတိပေးခြင်း ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြောကြားရာတွင် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာနှင့်အဝန်း ကြီးကျယ်စွာ တောမီးလောင်ကျွမ်းမှုအနေဖြင့် ဂါနာနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့တွင် ဖြစ်ပွားခဲ့ကြောင်း၊ ဂရိနိုင်ငံဒါဒီယာ အမျိုးသားဥယျာဉ်၏ မြေဟတ်တာ ၁၇၅၀၀၀ အကျယ်မှာ တောမီးအကြီး အကျယ် လောင်ကျွမ်းမှုများကြောင့် တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပွားခဲ့ကြောင်း၊ ရေကြီးရေလျှံမှုဖြစ်စဉ်အနေဖြင့် ၂၀၂၃ ခုနှစ် မေလတွင် ကွန်ဂို၊ ချီလီ၊ ကယ်လီဖိုးနီးယား၊ ဘရာဇီးနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့်အတွက် လူဦးရေသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရပါကြောင်း၊ မြေငလျင်လှုပ်ခတ်မှုအနေဖြင့် တူကီယဲနှင့် ဆီးရီးယားနယ်စပ်တွင် ရစ်ချ်တာစကေး ၇ ဒသမ ၈ လှုပ်ခတ်ခဲ့မှုကြောင့် များစွာပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုအနေဖြင့် ဂရိ၊ တူကီယဲ၊ လစ်ဗျား စသည့်နိုင်ငံတို့တွင် ဖြစ်ပေါ် ခဲ့ကြောင်း။

မိုခါမုန်တိုင်းအန္တရာယ်ကို ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခဲ့

မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေလတွင် မိုခါမုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်အပေါ် နိုင်ငံတော်ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှု၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ကြိုတင်ပြင်ဆင်မှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့များ၏ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခဲ့ခြင်း၊ ဖြစ်စဉ်ဖြစ်ပွားစဉ်တွင် ဝန်ထမ်းအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်အတွက် မိုခါမုန်တိုင်းအန္တရာယ်ကို အချိန်တိုအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ်ကို မည်သူမျှတားဆီး၍မရသည့်အတွက် မိုခါမုန်တိုင်းအပါအဝင် ယခင်ဖြစ်ပွားခဲ့သည့် အတွေ့အကြုံများကို သင်ခန်းစာရယူပြီး ကြိုတင်ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဖြစ်ပွားချိန်တွင် အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် တုံ့ပြန်မှုဆောင်ရွက် ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သတ်မှတ် လုပ်ငန်းစဉ်များအလိုက် လျင်မြန်စွာ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း။

၂၀၂၂ ခုနှစ်က ကျင်းပခဲ့သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၂) အစည်းအဝေးတွင် အတည်ပြုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တည်မြဲအမိန့် (၂၀၂၂) သည် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အဆိုပါတည်မြဲအမိန့်နှင့်ပတ်သက်၍ အချို့ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးတို့မှ ပြုစုတင်ပြရန် ယခုအထိကျန်ရှိနေသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ဝေပြီးဖြစ်သည့် ၂၀၂၂ ခုနှစ်၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တည်မြဲအမိန့် (၂၀၂၂) အပေါ် အခြေခံလျက် အမြန် ဆုံးရေးဆွဲပြုစု၍တင်ပြရန် တိုက်တွန်းပါကြောင်း။

သဘာဝဘေးအန္တရာယ်သည် အချိန်အခါမရွေး ကျရောက်နိုင်သည့်အတွက် ဒေသအလိုက်ဆောင်ရွက်ရမည့် တည်မြဲအမိန့်များ လက်ဝယ်ရှိမှသာ သဘာဝဘေး အန္တရာယ်ကျရောက်ချိန်တွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ နောင်ပြောင်းလဲလာမည့် အစိုးရအဆက်ဆက်တွင်လည်း ထုတ်ပြန်ထားသည့် တည်မြဲအမိန့်များ အပေါ်လေ့လာပြီး လုပ်ငန်းစဉ်များအား သိရှိဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် အမြန်ဆုံးရေးဆွဲထားကြရန်လိုကြောင်း။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေသုံးစွဲမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က မူဝါဒချမှတ်ပေးပြီးဖြစ်ကြောင်း၊ အဓိကအားဖြင့် သဘာဝဘေးနှင့်စပ်လျဉ်း၍ ရေကြီး ရေလျှံမှုဖြစ်ပွားသည်ဖြစ်စေ၊ လေပြင်းမုန်တိုင်းတိုက်ခတ်မှု ဖြစ်ပွားသည်ဖြစ်စေ၊ ခိုလှုံရန် အဆောက်အဦ၊ ဆိုင်ကလုန်း Shelter များကို ပင်လယ်ကမ်းရိုးတန်းနှင့် လေပြင်းတိုက်ခတ်လေ့ရှိသည့် တောင်ပေါ်ဒေသများတွင် တည်ဆောက်ပေးထားပါကြောင်း၊ ရန်ပုံငွေသုံးစွဲမှုကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များအနေဖြင့် စိစစ်တင်ပြခဲ့မှုအပေါ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ပုံငွေမှ ဖြတ်တောက်မှုမရှိဘဲ ချို့ယွင်းချက်မရှိ ခွင့်ပြုပေးထားပါကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အနေဖြင့် ပြည်သူ များ သဘာဝဘေးအန္တရာယ်မှ အသက်ဆုံးရှုံးမှုမရှိစေရေး ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် အဆောက်အဦများ ပြီးစီးမှု၊ ရေရှည်ခိုင်ခံ့မှုနှင့် အရည်အသွေးတို့ ကောင်းမွန်ရေးတို့အတွက် ဝါယမစိုက်ထုတ်ပြီး ကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း။

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအပေါ် အကြံပြုဆွေးနွေးပေးကြရန်လိုကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာစိုးဝင်းတို့က သဘာဝဘေးအန္တရာယ်မကျရောက်မီ အသိပညာပေး ခြင်းလုပ်ငန်းစဉ်များနှင့် ကျရောက်လာပါက တုံ့ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးကြည်က ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ကော်မတီ၏ရန်ပုံငွေ ရရှိ/ သုံးစွဲ/ လက်ကျန်စာရင်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းပိုင်းဆိုင်ရာများနှင့် ဆောင်ရွက်ပြီးစီးမှုများ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်းငယ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၁/၂၀၂၄) ဆုံးဖြတ်ချက်များကို ဖတ်ကြားတင်ပြပြီး ကော်မတီ၏ အတည်ပြုချက် ရယူသည်။

နိဂုံးချုပ်အမှာစကားပြောကြား

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

No comments:

Post a Comment