Saturday, May 25, 2024

စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး ပူးပေါင်းကူညီ

 


မျက်မှောက်ကာလတွင် ပြည်သူများအတွက် နေ့စဉ်လိုအပ်လျက်ရှိသောအရာမှာ လျှပ်စစ်ဓာတ်အားဖြစ်သည်။ ပြည်သူလူထု၏ လူမှုစီးပွားအဆင်ပြေစေရေးသာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အဓိကပံ့ပိုးဖြည့်ဆည်းပေးနေသည်မှာ လျှပ်စစ်ဓာတ်အားဖြစ်သည်။ ပြည်သူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံ၏ဓနအင်အား၊ အရင်းအမြစ်များဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် နိုင်ငံတော်ကထုတ်လုပ်နိုင်သည့် လျှပ်စစ်ဓာတ်အားပမာဏနှင့် သုံးစွဲနေသောပမာဏ မမျှတသဖြင့် ပြည်သူများ နေ့စဉ်နှင့်အမျှ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိပြီး အဆင်မပြေမှုများ ဖြစ်ပေါ်နေသည်။ လျှပ်စစ်ဓာတ်အား ထိန်းညှိထုတ်လုပ်ဖြန့်ဖြူးနိုင်မှုမှာ မဂ္ဂါဝပ် ၂၉၅၀ ခန့်သာရှိပြီး ခန့်မှန်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မဂ္ဂါဝပ် ၄၂၀၀ ခန့်ရှိသဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ရသည့်အခြေအနေဖြစ်လာသည်။ လက်ရှိအချိန်တွင် စွမ်းအားပြည့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို နှစ်စဉ် မဖြစ်မနေ ဆောင်ရွက်ရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုနှင့် သုံးစွဲမှု ကွာဟချက်အရ အများပြည်သူ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏများသော နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၂၅၀ ခန့်ကို ဝန်အားထိန်းညှိလျှော့ချခြင်းများ ဆောင်ရွက်ရပြီး ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို တစ်ချိန်တည်းဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မလုံလောက်သဖြင့် အသုံးများသောအချိန်တွင် ထုတ်လုပ်မှုထက် ပိုမိုသုံးစွဲလာသောကြောင့် လျှပ်စစ်ပိုင်းဆိုင်ရာအကြီးစားစက်ပစ္စည်းများ မပျက်စီးစေရန်နှင့် ဝန်အားများစွာပိပြီး စက်များရပ်တန့်ခြင်းမဖြစ်စေရန် မဖြစ်မနေဝန်အားလျှော့ခြင်း (ခေတ္တဓာတ်အား ဖြတ်တောက်ခြင်း) ပြုလုပ်ရသည်။

ပြည်သူများအသုံးပြုသော လျှပ်စစ်ပစ္စည်းများ၌ သတ်မှတ်ထားသော ဗို့အားမပြည့်ခြင်းနှင့် ကျော်လွန်ခြင်းတို့ကြောင့် လျှပ်စစ်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်း မဖြစ်စေရန် ဝန်အားလျှော့ခြင်း သို့မဟုတ် ခေတ္တဖြတ်တောက်ခြင်းကို ပြုလုပ်ရသည်။ ဓာတ်အားစနစ်အတွင်း ဓာတ်အားကြိမ်နှုန်းကျဆင်းခြင်း၊ ကျော်လွန်ခြင်းဖြစ်ပေါ်နေစဉ် ဝန်အားလျှော့ခြင်းမပြုလုပ်ပါက စနစ်တစ်ခုလုံး ရပ်တန့််သွားခြင်းဖြစ်ပေါ်နိုင်သဖြင့် ဝန်အားလျှော့ခြင်းကို ပြုလုပ်ရသည်။ ဖြစ်ပေါ်တတ်သောအခြေအနေတို့ကို သဘောမပေါက်သော ပြည်သူများအနေဖြင့် မကျေနပ်မှုများဖြစ်ပေါ်ကြသည်။ အမှန်တကယ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အဝပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင်သည်ဖြစ်စေ ပြည်သူများ ပုံမှန်သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရသည့် အခက်အခဲများစွာရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အနှောင့်အယှက်များကြားမှ ပြည်သူများ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးအတွက် ရှိပြီးအရင်းအမြစ်များဖြင့် ဓာတ်အားရရှိရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အတည်ပြုခဲ့သော ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်အရ ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု ၂၈ ရာခိုင်နှုန်း (၅၁၅၆ မဂ္ဂါဝပ်)၊ နေရောင်ခြည်နှင့် လေစွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင်ပါဝင်မှု ၁၁ ရာခိုင်နှုန်း (မဂ္ဂါဝပ် ၂၀၀၀) စီမံကိန်းကိုရေးဆွဲထားသည်။ လက်ရှိအချိန်တွင် နေရောင်ခြည်စွမ်းအင်မှ ၃ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်ထုတ်လုပ်ပေးလျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ၁၁ ရာခိုင်နှုန်းရရှိအောင် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ဓာတ်အားစနစ်ကွန်ရက်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်အသုံးပြုပြီး လျှပ်စစ်ဓာတ်အားများ ချိတ်ဆက်ပို့လွှတ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံ ခြောက်ရုံရှိခဲ့ရာမှ စက်ရုံအသစ်နှစ်ရုံမှ ထွက်ရှိသောဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထပ်မံချိတ်ဆက်ပို့လွှတ်လျက်ရှိသည်။ ယခုအခါ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ရှစ်ရုံ စုစုပေါင်း စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၄၀ အထိ တိုးတက်ထုတ်လွှတ်ပေးနိုင်ပြီဖြစ်သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား ထုတ်လွှတ် ရာတွင် စွမ်းအင်အရင်းအမြစ်အချိုးအစားအရ ရေအားလျှပ်စစ်မှ ၄၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၅၀ ရာခိုင်နှုန်း၊ နေရောင်ခြည်မှ သုံးရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်းတို့ဖြင့် ထုတ်လုပ်ပေးလျက်ရှိသည်။

ပြည်သူများ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနိုင်ရန်အတွက် ထုတ်လုပ်မှုအပိုင်းတွင် ပမာဏအနည်းအများ၊ အတိုးအလျှော့ရှိသလို သုံးစွဲမှုအပိုင်းတွင်လည်း ပမာဏအတိုင်းအတာ မခန့်မှန်းနိုင်သည့် အခြေအနေတွင်ရှိ၍ လက်ရှိတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ၊ ဝန်အားလျှော့ချမှုများရှိသဖြင့် အခက်အခဲများရှိမည်ဖြစ်သည်။ ပြည်သူများ လျှပ်စစ်ဓာတ်အား အလွယ်တကူ ရယူသုံးစွဲနိုင်ရန်အတွက် လျှပ်စစ်ကဏ္ဍတွင် ၂၄ နာရီမပြတ် ဝန်အားထိန်းညှိရခြင်း၊ ပြုပြင်ထိန်းသိမ်းရခြင်းတို့အား အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေရသည်ကို ပြည်သူများအနေ ဖြင့် နားလည်သဘောပေါက်ပြီး ပူးပေါင်းကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။ ။

No comments:

Post a Comment