Saturday, May 25, 2024

နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ



နေပြည်တော် မေ ၂၄

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန နွေရာသီအခြေခံ ရေကူးသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်၌ ကျင်းပသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခု သင်တန်းကို တက်ရောက်ခဲ့ကြသည့် သင်တန်းသားများအနေဖြင့် ရေကူးအားကစားနည်းကို အရှိန် အဟုန်မြှင့် ဆက်လက်လေ့ကျင့်သွားနိုင်ရန် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကို ဖွင့်လှစ်ပေးထားပြီး ဖြစ်၍ မိမိတို့အားလပ်ချိန်တွင် လာရောက်ရေကူးလေ့ကျင့်ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် ဆက်လက်လေ့ကျင့်သွားကြရန်လိုကြောင်း၊ ဝဏ္ဏသိဒ္ဓိရေကူးအသင်းအနေဖြင့် သက်တမ်းအလိုက် ရေကူးပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံရေကူးအဖွဲ့ ချုပ်နှင့်ပူးပေါင်းပြီး ကလပ်အသင်းပေါင်းစုံ ရေကူးပြိုင်ပွဲနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲများကိုလည်း ကျင်းပပေးသွားမည့်အပြင် လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ် မည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင်လည်း ရေကူးအားကစားနည်းကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းကရရှိလာမည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက် လေ့လာလိုက်စား၍ ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ရေကူးအားကစားသမား များဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အသက် ၁၆ နှစ်အထက် (အမျိုးသား /အမျိုးသမီး) နွေရာသီ ရေကူးသင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက အသက် ၁၂ နှစ် အထက် (အမျိုးသား/အမျိုးသမီး) နွေရာသီရေကူးသင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် သင်တန်းနည်းပြ ဆရာများအား ချီးမြှင့်ငွေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အသက် ၁၂ နှစ်အောက် (အမျိုး သား/ အမျိုးသမီး) နွေရာသီရေကူး သင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများကိုလည်းကောင်း၊ ညွှန်ကြား ရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ပထမဆုရရှိသည့် သင်တန်းသား သင်တန်းသူများကို ဝဏ္ဏသိဒ္ဓိ ရေကူးကန်တွင် အခမဲ့ Member Card များကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

သတင်းစဉ်

No comments:

Post a Comment