နေပြည်တော် မေ ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်လျှောက်ထားသူ ပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားစိစစ် ဆောင်ရွက်ပေးနေမှု၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြို့နယ်ရုံးရှေ့၌
ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများကို e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်
(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း ၁၀ လုံးပါ (Unique ID) နံပါတ်ထုတ်ပေးနေမှုကို
လှည့်လည်ကြည့်ရှုကာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏
လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး
Unique ID နံပါတ်လာရောက်ဆောင်ရွက်ကြသူ ပြည်သူများကို
လုပ်ငန်းဆိုင်ရာ အခက်အခဲများအား မေးမြန်းဆွေးနွေး၍ UID နံပါတ်ရရှိပြီးပါက
ပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးအတွက် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများနှင့်
ချိတ်ဆက်နိုင်မှု၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ထိရောက်စွာအသုံးပြုနိုင်မှုနှင့်
ပျောက်ဆုံးမှုမရှိစေရေးအတွက် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းနိုင်ရေးအခြေအနေများကို
ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင်
နိုင်ငံသားကတ်ပြားမရှိသေးသူနှင့် လဲလှယ်လျှောက်ထားသူ စုစုပေါင်း ၂၇ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးကာ
Biographic/ Biometric ကောက်ယူ၍ UID နံပတ်တစ်ပါတည်း ထုတ်ပေးနိုင်ခဲ့ပြီး
နိုင်ငံသားကတ်ပြားရှိပြီးသူ ပြည်သူ ၂၇၄ ဦးကို Biographic/ Biometric ကောက်ယူ၍ UID နံပါတ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ
စနစ်တကျထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ လူတစ်ဦးချင်းစီ
ကိုယ်ရေးဖိုင်များဖြစ်သည်နှင့်အညီ လုံခြုံစွာထားရှိဆောင်ရွက်ရေး၊
မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်တားဆီးဆောင်ရွက်ရေး၊ အသုံးပြုကိုင်တွယ်ရာတွင်လည်း
စနစ်တကျမှတ်တမ်းရေးသွင်း ကိုင်တွယ်ထိန်းသိမ်းဆောင်ရွက်ကြရေး မှာကြားကာ
တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ
ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့်
ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့
အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ အစည်းအဝေးခန်းမ၌
ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ
တာဝန်ရှိသူများ၊ ကယားပြည်နယ်မှ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ဝန်ထမ်းများကို
တွေ့ဆုံသည်။
တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီးက ယခုဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်အဆင့် (၃)လုပ်ငန်းစဉ်
အောင်မြင်ရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်လုံးကျွတ်လူဦးရေနှင့်
သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကိုလည်း ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ
ကောက်ယူမည်ဖြစ်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
ထို့ပြင် e-ID စနစ်ကိုလည်း မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယခုအခါ
နိုင်ငံသားကတ်ရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြားအသစ် လျှောက်ထားရယူသူများကို Biographic/Biometric
ကောက်ယူကာ ရုံးချုပ်ရှိ e-ID Server ရှိအချက်အလက်များနှင့်
တိုက်ဆိုင်စိစစ်၍ Unique ID နံပါတ်များ ထုတ်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊
ရှမ်းပြည်နယ်သည် နယ်စပ်ဒေသနှင့်ထိစပ်နေသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက်
လုပ်ငန်းဆောင်ရွက်မှုတိုင်း၌ အထူးအလေးထားဂရုပြုဆောင်ရွက်ကြရန်နှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ
ပြည်သူကို ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊
ယခုဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်သည့်အတွက်
ဝန်ထမ်းအားလုံးစည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း
ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment