နော်ယဉ်ကျေး
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် များမကြာမီပူပြင်းလှသော ရန်ကုန်၏ နွေရာသီကာလကို ဖြတ်သန်းချိန်နှင့် ကြုံရသဖြင့် ရန်ကုန်မြို့၏ လျှပ်စစ်မီးဒုက္ခကို မျက်ဝါးထင်ထင် ကြုံတွေ့သိမြင်ခံစားခွင့်ရခဲ့ပါသည်။ အပူဒဏ်ကြောင့် လေအေးပေးစက်၊ ပန်ကာ စသည့် အအေးပေးပစ္စည်းများ တစ်ပြိုင်နက်တည်းများစွာ အသုံးပြုလာကြသဖြင့် ပုံမှန်ထက်ပိုမို၍ ဝန်အားအသုံးပြုလာရသည့်အခါ ထုတ်လုပ်မှုက ပုံမှန်အတိုင်းသာရှိနေသဖြင့် ဓာတ်အားပြတ်တောက်မှုကို များစွာခံစားလာကြရသည်။
ဓာတ်အားစနစ်
တည်ငြိမ်အောင် ဆောင်ရွက်နေ
အဆိုပါ
အခြေအနေများကို အတတ်နိုင်ဆုံး ဖြေလျှော့ဆောင်ရွက်ပေးနိုင်ရေးအတွက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုများအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး
ကော်ပိုရေးရှင်းဥက္ကဋ္ဌက (၃- ၅-၂၀၂၄) ရက်တွင် ထပ်ဆင့်ရှင်းလင်းခဲ့ရာတွင် ဓာတ်အားပြတ်တောက်မှုများနေသည့်
အခြေအနေများအနက် NCC
(National Control Center) ဗဟိုဓာတ်အားထိန်းချုပ်ဌာနမှ အရေးပေါ်ဝန်အားလျော့ခြင်း
(Load Shed) ပြုလုပ်နေခြင်းသည် ဓာတ်အားစနစ်တည်ငြိမ်အောင် မဖြစ်မနေဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊
အခြားသောနိုင်ငံများတွင် ထုတ်လုပ်နိုင်သည့် ဓာတ်အား၏ ၈၅ ရာခိုင်နှုန်းကို
ဖြန့်ဖြူးပြီး ၁၅ ရာခိုင်နှုန်းခန့်ကို လိုတိုးပိုလျှော့လုပ်နိုင်ဖို့ မောင်းနှင်ထားသဖြင့်
မီးမဖြတ်ဘဲဓာတ်အားစနစ်ကို တည်ငြိမ်အောင်ထိန်းနိုင်ပြီး မြန်မာနိုင်ငံအနေဖြင့်
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မလုံလောက်ခြင်းကြောင့် ထုတ်လုပ်နိုင်စွမ်း ၁၀၀
ရာခိုင်နှုန်းကို အပြည့်အဝဖြန့်ဖြူးထားရသဖြင့် ဓာတ်အားစနစ် တည်ငြိမ်အောင်အတွက်
အရေးပေါ်ဓာတ်အားပိတ်ခြင်း နည်းလမ်းမှလွဲ၍ ဆောင်ရွက်၍မရနိုင်ကြောင်း စသည့်
အခြေအနေများကို အသေးစိတ်ရှင်းပြသဖြင့် ဖြစ်ပေါ်နေသည့် အခြေအနေကို သိရှိနားလည်သဘောပေါက်ခဲ့ရသည်။
ပြည်သူအများစုကို
ဝန်အားသုံးစွဲမှုကိစ္စကို ရှင်းပြရာတွင် သဘောမပေါက်ကြဘဲ မီးလာရေးကိုသာ အတင်းတောင်းဆိုနေကြပြီး
လျှော့သုံးဖို့ကို လုံးဝမပြုလုပ်လိုကြပါ။ ယခုကဲ့သို့ ဓာတ်အားစနစ် တည်ငြိမ်အောင်
ဝန်အားလျှော့ရပါသည်ဆိုသည်ကိုလည်း လက်ခံလိုကြမည် မဟုတ်ပါ။ ထို့ကြောင့်
ဆရာသမားပြောသော အထမ်းသမားဥပမာဖြင့် နားလည်လွယ်အောင် ရှင်းပြလိုပါသည်။
အလေးချိန်အား
ကြိုလျှော့ထားရန်လို
ပေါင်
၁၀၀၀ လေးသော ပစ္စည်းတစ်ခုကို လူ ၁၀ ယောက် ထမ်းနေရာတွင် တစ်ဦးလျှင် ပေါင် ၁၀၀ စီ နိုင်နိုင်နင်းနင်း
သယ်ယူနေကြရာမှတစ်ယောက်မှာ ခြေချော်လဲသွားခဲ့လျှင် ပေါင် ၁၀၀၀ အလေးကို ကျန်လူကိုးယောက်မှ
တစ်ဦးလျှင် ၁၁၁ ပေါင် ရုတ်တရက်တိုး၍ထမ်းရပြီး မနိုင်မနင်းဖြစ်ကာ အားလုံးခြေချော်လဲရသလို
လျှပ်စစ်သည်လည်း ထိုသဘောပင်ဖြစ်၍ လူအများ မီးအသုံးများ၍ မနိုင်ဝန်ထမ်းလာရလျှင် စက်များနှေးသွားပြီး
ရပ်ကုန်မည်ဖြစ်ပါသည်။ ထိုသို့မဖြစ်စေရန် အလေးချိန်အား ကြိုလျှော့ထားရန်လိုသလို
လျှပ်စစ်ကို ကြိုတင်ပြီး အလှည့်ကျပိတ်ပေးကြရခြင်းသာဖြစ်ပါသည်။
ဝန်အားလျော့ခြင်း
(Load Shed) ပြုလုပ်ရသည့် အခြေအနေနှင့် အကြောင်းအရင်းနှစ်ချက်သာရှိသည်။ ပထမအချက်မှာ လျှပ်စစ်ဓာတ်အား
ထုတ်လုပ်မှုမလုံလောက်ခြင်းကြောင့် ဓာတ်အားသုံးစွဲမှု များသော (Peak Load
Time) အချိန်တွင် ထုတ်လုပ်မှုထက်ပိုမိုသုံးစွဲခြင်းကြောင့်
လျှပ်စစ်ပစ္စည်းကြီးများ ပျက်စီးမဆုံးရှုံးစေရန်နှင့် ထုတ်လုပ်သည့် စက်များအပေါ်
ဝန်အားများစွာပိပြီး စက်များရပ်တန့်သွားခြင်းမျိုး မဖြစ်စေရေးအတွက် မဖြစ်မနေဝန်အားလျှော့ခြင်း
(ခေတ္တဓာတ်အား ဖြတ်တောက်ခြင်း) ပြုလုပ်ရပါသည်။
ဒုတိယအချက်မှာ
လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးရာတွင် ပြည်သူများအသုံးပြုသော လျှပ်စစ်ပစ္စည်း
(ရုပ်မြင်သံကြား၊ ရေခဲ သေတ္တာစသည်) များ၌ သတ်မှတ်ထားသော ဗို့အားမပြည့်ခြင်းနှင့်
ကျော်လွန်ခြင်းကြောင့်လည်းကောင်း၊ ကြိမ်နှုန်း (Frequency) ကျော်လွန်ခြင်းနှင့်၊
ကျဆင်းနေခြင်းတို့ကြောင့် အဆိုပါပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းမျိုးမဖြစ်စေရန်
Load Shed ပြုလုပ်နေရခြင်း ဖြစ်ပါသည်။ ဓာတ်အားစနစ်အတွင်း Frequency
ကျဆင်းလာနေပါ လျက် ဝန်အားလျှော့ခြင်းကိုမပြုလုပ်ပါက System
Breakdown ကို ဖြစ်ပေါ်လာစေနိုင်သဖြင့်လည်း မဖြစ်မနေ Load
Shed ပြုလုပ်ရခြင်းဖြစ်ပါသည်။ ပြည်သူများမှ ထိုအခါ
မေးလာစရာရှိပါသည်။ လျှပ်စစ် မီးကိုပုံမှန်တစ်သမတ်တည်းပေးလို့ မရဘူးလားဟု မေးကြပါမည်။
တစ်ဦးကရေစက်ဖြင့် ရေတင်ချိန် နောက်တစ်ဦးက လျှပ်စစ်မီးဖိုဖြင့် ဟင်းချက်မည်။
ထိုသို့ မလုပ်ဘဲ နှစ်ဦးစလုံး ရပ်နားလျှင်လည်း ရပ်နားနေမည်။ ဝန်အားဆိုသည်မှာ
တစ်သမတ်တည်း မည်သို့မျှမရှိနိုင်သဖြင့် ဝန်အားသုံးစွဲမှုကိုလိုက်၍
ထိန်းညှိနေရခြင်းဖြစ်သည်။
အရေးပေါ်ဝန်အား
လျှော့ချရခြင်းကို ပြုလုပ်နေရ
ဓာတ်အားထုတ်လုပ်နိုင်မှု
အချိုးကျအရ အချိန်အပိုင်းအခြားအလိုက် မြန်မာတစ်နိုင်ငံလုံးအား ခွဲဝေဖြန့်ဖြူးပေးလျက်ရှိရာတွင်
ရုတ်တရက်မြင့်မားလာသည့် သုံးစွဲမှုအရ ပြည်သူတို့ထိခိုက်နစ်နာ
ဆုံးရှုံးမှုမရှိစေအောင် အရေးပေါ်ဝန်အား လျှော့ချရခြင်းကို ပြုလုပ်နေရသည်။
ပုံမှန်ခွဲတမ်းအရ ရရှိမည့် ဓာတ်အားရရှိချိန်တွင် တိုက်ဆိုင်စွာ ဖြတ်တောက်ခံခဲ့ရပါက
မီးပြတ်ချိန်ပိုမို ရှည်ကြာသွားနိုင်မည်ဖြစ်ပါသည်။
ဆောင်းပါးကို
တိုတိုနှင့်ရှင်းရှင်းကိုရေးပါဟု ဆရာသမားကမှာထားလေတော့ တိုတိုနဲ့ရှင်းရှင်းပဲရေးပါမည်။
လျှပ်စစ်မီးမပျက်စေချင်ပါ၊ သို့သော်ပျက်ပါလိမ့်ဦးမည်။ လျှပ်စစ်ကို ၁၀၀
ရာခိုင်နှုန်း လိုနေချိန်တွင် ၅၀ ရာခိုင်နှုန်းကျော်ကိုသာ ထုတ်လုပ်နိုင်သည်။
ထိုအထဲမှ ၅၀ ရာခိုင်နှုန်းခန့်ကို ရန်ကုန်သို့ ပေးနေရသည်။ မီးမမှန်တာ
ဓာတ်အားထုတ်လုပ်မှု မနိုင်လို့ဆိုတာ ရှင်းနေပါပြီ၊ ဘာလို့မထုတ်နိုင်လဲဆိုတော့
အကြောင်းကြောင်းကြောင့် ဖြစ်ပါသည်။ အဓိကမှာ တစ်ယူနစ် ထုတ်လုပ်စရိတ် ကျပ် ၃၀၀ မှ
ကျပ် ၅၀၀ ခန့် ကုန်ကျနေချိန်တွင် ၃၅ ကျပ်သာ ပြည်သူထံမှ မနည်းကောက်ခံနေရသည်။
မထုတ်လုပ်နိုင်လို့ ဓာတ်အားမနိုင်၍(Load Shed) မဖြစ်မနေလုပ်နေရသည်။ ထိုအခါ
မီးလာချိန် စုပြုံသုံးကြ၍ Breaker တွေ ပြုတ်၊
လိုင်းဖော့တွေဖြစ်ပြီး မီးလာရမည့်အချိန်ပျက်ပြန်သည်။ ထို့ကြောင့်
မီးကပျက်ပါလိမ့်ဦးမည်။ ဒီထက်လည်းရှင်းအောင် မရေးတတ်တော့ပါ။
နိဂုံးချုပ်တင်ပြလိုသည်မှာ
ပြည်သူများ၏ နေအိမ်တွင် မီးခလုတ်လေးတစ်ချက် ဖွင့်လိုက်ရုံဖြင့် လျှပ်စစ်မီးလာစေရန်
နောက်ကွယ်မှ အသက်သွေးချွေးနှင့် နည်းပညာမြောက်မြားစွာကို ရင်းနှီးပေးဆပ်
နေကြသူများသည် လျှပ်စစ်ဝန်ထမ်းများသာ ဖြစ်ပါသည်။ မီးပျက်လျှင် နေပူမရှောင်၊
မိုးရွာမရှောင် အသက်အန္တရာယ်နှင့်ရင်းပြီး ပြည်သူများအတွက် အလုပ်လုပ်နေကြသည်မှာလည်း
လျှပ်စစ်ဝန်ထမ်းများပင် ဖြစ်ပါသည်။ သို့ပါ၍ အမှောင်ခွင်း၍ အလင်းဆောင်ရန် ကြိုးစားဆောင်ရွက်ပေးနေသော
လျှပ်စစ်ဝန်ထမ်းများသည်လည်း ပြည်သူထဲ ကပြည်သူများ နေ့ညဖိအားများစွာ ခံစားနေကြရသည့်
လူသာမန်များ သာဖြစ်ကြသဖြင့် ပြည်သူများမှ မျှဝေခံစားနားလည်မှုပေးကြစေလိုပါသည်။
ထို့ကြောင့် ဝန်အားလျှော့ချချိန် မဟုတ်ဘဲ လျှပ်စစ်မီးပြန်လည် ပြတ်တောက်ရခြင်းမျိုး
မဖြစ်ရလေအောင် (ဝါ) မီးခဏခဏ မလာစေရန် လျှပ်စစ်မီးလာလာခြင်း စုပြုံသုံးစွဲခြင်းမျိုး
မပြုလုပ်ကြဘဲ အလှည့်ကျ စနစ်တကျ ထိန်းသိမ်းသုံးစွဲခြင်း၊ ချွေတာသုံးစွဲကြခြင်းဖြင့်
ဓာတ်အားပြတ်တောက်ချိန် နည်းပါးလာစေနိုင်မည်ဖြစ်ပါကြောင်း အနူးအညွတ်မေတ္တာရပ်ခံ၍
တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:
Post a Comment