နေပြည်တော် မေ ၂၀
ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပထမဦးဆုံးအကြိမ် ပူးပေါင်းဖွင့်လှစ်သော အဆင့်မြင့်ပညာဦးစီးဌာန အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊
ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများ၊ ဆရာ ဆရာမများ၊ အားကစားနှင့်
ကာယပညာဦးစီးဌာနနှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊
ဒီဂရီကောလိပ်များမှ အားကစားနည်းပြ၊ အားကစားမှူး၊ အားကစားတာဝန်ခံ သင်တန်းသား
သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်ဒုတိယဝန်ကြီးက
ကျောင်းစာတွင်သာမက အားကစားတွင်ပါ ထူးချွန်ထက်မြက်သော နိုင်ငံအတွက်အားထားရသည့်
မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးသည် အားကစားနည်းပြ၊ အားကစားမှူးနှင့်
အားကစားတာဝန်ခံဆရာ ဆရာမများအပေါ်တွင် မူတည်ကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍအနေဖြင့်
နှစ်စဉ်အားကစား ပြက္ခဒိန်ရေးဆွဲပြီး ကျောင်းတွင်းပြိုင်ပွဲ၊ ကျောင်းပေါင်းစုံပြိုင်ပွဲ၊
ဇုန်အဆင့်ပြိုင်ပွဲနှင့် ဗဟိုအဆင့်ပြိုင်ပွဲများကို
နှစ်စဉ်ကျင်းပပေးလျက်ရှိကြောင်း၊ အဆိုပါပြိုင်ပွဲများမှ ထူးချွန်ထက်မြက်သည့်
ကျောင်းသား ကျောင်းသူများကို စိစစ်ရွေးချယ်ကာ တက္ကသိုလ်လက်ရွေးစင်မှသည်
မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊
နိုင်ငံ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအဆင့်မှသည်
နိုင်ငံတော်အဆင့်၊ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်မှသည် ကမ္ဘာအဆင့်အထိ
ထိုးဖောက်နိုင်စေရေး ရည်မှန်းချက်ထားပြီး မလျှော့သော ဇွဲ၊ လုံ့လတို့ဖြင့်
ကြိုးပမ်းအားထုတ်လေ့ကျင့်ပေးကြစေလိုကြောင်း ပြောကြားကာ သင်တန်းကို
ဖွင့်လှစ်ပေးသည်။
ယခုသင်တန်းတွင်
ဘောလုံး၊ ဖူဆယ်၊ ဘော်လီ ဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ပြေးခုန်ပစ်
အားကစားနည်းများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန၏
ဦးဆောင်မှုဖြင့် အားကစားအဖွဲ့ချုပ်များမှ ကျွမ်းကျင်ပညာရှင်များက ၁၆ ရက်ကြာ
သင်တန်းပို့ချသွားမည်ဖြစ်ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ အားကစားနည်းပြ
စုစုပေါင်း ၈၆ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment