နေပြည်တော် မတ် ၁
အေးချမ်းတည်ငြိမ်လျက်ရှိသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသအတွင်း အဓိကဆက်သွယ်ရေး လမ်းကြောင်းဖြစ်သော ပြည်ထောင်စုလမ်းမကြီးအား ဖြတ်တောက်ပိတ်ဆို့ရန် အကြံဆိုးဖြင့် ပြည်ပမှ NUG ၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့၊ ပြည်တွင်းမှ PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့၏ မြှောက်ပင့်ပေးမှုများအရ NCA တွင် လက်မှတ်ရေးထိုးထားသည့် PNLA အဖွဲ့မှ ငြိမ်းချမ်းမှုကို မလိုလားသူအချို့နှင့် KNDF ၊ KNPP အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အဓိကနေရာများအား ပိတ်ဆို့မှုများ လုပ်ဆောင်လာခဲ့သည်။
ထိုသို့ ပိတ်ဆို့မှုများကြောင့် ခရီးသွားလာမှုများ ခေတ္တရပ်တန့်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုများ
ပြတ်တောက်ခဲ့ရာ ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ဖြစ်စဉ် ဖြစ်လျှင်ဖြစ်ခြင်း
တိုက်ခိုက်ရေးစစ်ကြောင်းများအား စနစ်တကျ အင်အားစုဖွဲ့၍ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ကာ
ဆီဆိုင်-မိုင်းပွန်ကားလမ်းတစ်လျှောက်နှင့် ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် ဘေးဝဲယာများကို
ချီတက်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၁၆
ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလမ်းမကြီးအား အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး
ယနေ့ မတ်လ ၁ ရက်နေ့မှစတင်၍ ယာယီရပ်တန့်ခဲ့သည့် ခရီးသွား ယာဉ်များ၊ လူစီးယာဉ်၊ ကုန်သယ်ယာဉ်များ
ပုံမှန်အတိုင်း သွားလာနိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။
ထိတွေ့တိုက်ပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာများ
ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ
သိမ်းဆည်းရရှိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့်
ဟိုပုံး-မိုင်းပွန်သွား ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် အကြမ်းဖက်သမား၏ ပိတ်ဆို့ထားသည့်နေရာများအား
ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး ယနေ့တွင် မိုင်းပွန်မြို့မှ တောင်ကြီးမြို့အထိ ပုံမှန်အတိုင်း
သွားလာနိုင်ပြီးဖြစ်ကြောင်းနှင့် ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့်
လမ်းမကြီးအား ပိတ်ဆို့၍ ဆက်ကြေးကောက်ခြင်း၊ လက်နက်မှောင်ခိုလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး
ဖြန့်ချိရောင်းချရေးလုပ်ငန်းများကို လုပ်ကိုင်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်
လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ အကြမ်းဖက်မှုချေမှုန်းရေး
စစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment