Tuesday, January 2, 2024

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် တတိယအကြိမ် စာအုပ်စာစောင်လှူဒါန်းပွဲကျင်းပ

 


နေပြည်တော် ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် တတိယအကြိမ် စာအုပ်စာစောင်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မုဒိတာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

စာအုပ်စာစောင်များလှူဒါန်း

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များသို့ စာအုပ်စာစောင်များလှူဒါန်းရာ အရှေ့ပိုင်း ဇုန်မြို့နယ်များရှိ စာကြည့်တိုက်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် စာကြည့်တိုက်၊ အနောက်ပိုင်းဇုန်မြို့နယ်များရှိ စာကြည့်တိုက်များ၊ တောင်ပိုင်းဇုန်မြို့နယ်များရှိ စာကြည့်တိုက်များ၊ မြောက်ပိုင်းဇုန်မြို့နယ်များရှိ စာကြည့်တိုက်များ၊ ရန်ကုန်တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန စာကြည့်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့စာကြည့်တိုက်တို့ကို စာအုပ်စာစောင်များ လှူဒါန်းသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော်မူမဟာဂီတကျမ်းစာအုပ်များကို အရှေ့ပိုင်းဇုန်၊ အနောက်ပိုင်းဇုန်၊ တောင်ပိုင်းဇုန်၊ မြောက်ပိုင်းဇုန်များရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့အတွက် ပေးအပ်လှူဒါန်းခဲ့သည်။

ခင်းကျင်းထားမှုကြည့်ရှု

ဆက်လက်၍ ၂၀၂၃ ခုနှစ်အတွက် Dr. Abdul Kalam Foundation International Award 2023 ဆုရ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များအတွက် စာအုပ်အလှူရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြရာ စာကြည့်တိုက်မှူးများကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်များသို့ လှူဒါန်းမည့် စာအုပ်စာစောင်များ ခင်းကျင်းထားမှုကို လှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်/ ကျေးရွာများမှ စာကြည့်တိုက် ၁၂၈ တိုက်တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၁၄ ဖွဲ့တို့ကိုလည်းကောင်း စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment