Monday, January 1, 2024

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အောက်စ်ဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ၏ ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

 


နှစ်သစ် နောက်တစ်ခါ ရောက်လာပြန်ပါပြီ။ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးကို ကြိုဆိုဖို့အတွက် ၂၀၂၃ နှစ်ဟောင်းကို ကျကျနနနှုတ်ဆက်ရပါလိမ့်မယ်။ ၂၀၂၃ က အင်မတန်မှ ခက်ခဲတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့တယ်။ ဒီဟာကို ဘုန်းဘုန်းတို့ လက်ခံဖို့အရေးကြီးတယ်။ အဲဒီလို အခက်အခဲတွေကြားထဲမှာ စိတ်ဖိစီးမှုတွေရှိတယ်။ တစ်ယောက်အပေါ်တစ်ယောက် ပြောမှားဆိုမှားတွေလည်း ရှိကောင်းရှိနိုင်တယ်။ မိသားစုထဲမှာလည်းရှိနိုင်တယ်။ သူငယ်ချင်းတွေနဲ့လည်းရှိနိုင်တယ်။ လုပ်ငန်းခွင်မှာလည်းရှိနိုင်တယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ ကိုယ့်ဟာကိုယ်သတိပေးဖို့ တစ်ခုလိုတာက I always still my best. ငါအကောင်းဆုံးကြိုးစားခဲ့တယ်။ အကောင်းဆုံးကြိုးစားခဲ့တာကို ပြန်သတိရပြီးတော့၊ အသိအမှတ်ပြုပြီးတော့၊ ပြန်ပြီးတော့ ဂုဏ်ယူပြီးတော့ နှစ်ဟောင်းကို နှုတ်ဆက်ဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတာက ဘာအရေးကြီးတာလဲဆိုတော့ ၂၀၂၃ ခုနှစ်အတွင်း ငါတို့အကောင်းဆုံးကြိုးစားခဲ့တယ်။ အဲဒီတော့ တစ်ခုတည်းလားဆိုတော့ မဟုတ်ဘူး။ ၂၀၂၃ ခုနှစ်မှာ အဲဒီလောက်အထိ ခက်ခဲတဲ့နှစ်မှာတောင်မှ အကောင်းတွေလည်း ရှိသေးတယ်။ I see the best, to see the best. အကောင်းဆုံးကို မြင်တတ်တဲ့အလေ့ အကျင့်အရေးကြီးတယ်။ ကိုယ့်ဘဝထဲမှာ ကိုယ်အကောင်းဆုံးဖြစ်တာကို မြင်အောင်ကြည့်ဖို့၊ နောက်တခြားသူတွေ အကောင်းဆုံးလုပ်နေတာကို ကိုယ်ကပြန်ပြီးတော့ အကောင်းဆုံးအနေနဲ့ မြင်ပေးဖို့၊ နှစ်ခွန်းတည်းနော်။ To do the best and to see the best. အကောင်းဆုံးလုပ်ဖို့နဲ့ အကောင်းဆုံးကိုမြင်အောင်ကြည့်ဖို့။ စကားလုံးတစ်လုံးတည်းနဲ့ အကျဉ်းချုပ်မယ်ဆိုရင် ဒါကိုမုဒိတာလို့ ခေါ်ပါတယ်။ ခက်ခဲတဲ့ကာလမှာ မုဒိတာပွားရတာနော်။ မုဒိတာနဲ့ကြည့်တာ။ အဲဒီလို ကြည့်နိုင်တယ်ဆိုရင် ၂၀၂၄ ဘယ်လိုပဲ လာလာ၊ ၂၀၂၄ ကို ကြိုဆိုဖို့အတွက် အသင့်ရှိတယ်။ ဘယ်လို အသင့်ရှိတာလဲဆိုရင် I will do my best. အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်။ I will see the best. I try to see the best. အကောင်းဆုံးမြင်အောင် ငါကြည့်မယ်။ ကိုယ့်ကိုကိုယ်လည်း အကောင်းဆုံးမြင်အောင်ကြည့်မယ်၊ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့နိုင်ငံ၊ ကိုယ်ရဲ့ယဉ်ကျေးမှုအကောင်းတွေ ကြည့်ရအောင်။

အကောင်းကြည့်တတ်တဲ့ Positive Thinking ကို အခြေခံပြီးတော့ ပြဿနာဖြေရှင်းနိုင်တယ်။ ဖြေရှင်းနိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း ဗုဒ္ဓမြတ်စွာဘုရားက ဟောထားတယ်။ အကောင်းဆုံးမြင်တာကို ပါဠိလိုယောနိသော မနသိကာရခေါ်တယ်။ ပြဿနာဖြေရှင်းတာကျတော့ သစ္စာလေးပါးလို့ခေါ်တယ်။ နှစ်သစ်ကူးမှာ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာပြီးတော့ မိမိကောင်းကျိုး၊ အများကောင်းကျိုး၊ ဗုဒ္ဓသာသနာတော်ကောင်းကျိုး၊ လူသားကောင်းကျိုးတိုး၍တိုး၍ သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ ပါရမီရှင်များဖြစ်ကြပါစေ။

No comments:

Post a Comment