Monday, January 1, 2024

လက်တွဲအတူလျှောက်ရန် ဘုံလမ်းကြောင်းတစ်ခုကို ရှာကြစို့

ကျွန်ုပ်တို့လူသားများသည် မျက်စိဖြင့်မြင်နိုင်စွမ်းမရှိသော စွမ်းရည်သတ္တိများ ကိန်းအောင်းလျက်ရှိသည့် ထူးဆန်းသော သတ္တဝါများ ဖြစ်ကြသည်။ ကျွန်ုပ်တို့၏ ခန္ဓာတွင်း၌ မျက်စိဖြင့် မမြင်နိုင်သော သူတော်ကောင်းလက္ခဏာများ၊ သူယုတ်မာလက္ခဏာများ၏ သတ္တိ များသည် ကိန်းအောင်းလျက်ရှိသည်။

ဓနအင်အားနှင့် အမိန့်အာဏာတို့ကို အသုံးပြုရခြင်းမရှိဘဲ မမျှော်လင့်သောအချိန်၊ မထင်မှတ်သောနေရာတို့၌ ထိုလူကောင်း လူဆိုးနှစ်မျိုးတို့၏ မျိုးစေ့များသည် ကျွန်ုပ်တို့၏ ဘဝမျက်နှာပြင်ဝယ် ပေါ်ပေါက်လာတတ်ကြပေသည်။ ဤလူဆိုး လူကောင်းတို့၏ သဘော သတ္တိများသည် ကျွန်ုပ်တို့၏ခန္ဓာတွင်း၌ အဆင့်ဆင့်၊ အစားစား ကိန်းအောင်းလျက်ရှိကြကုန်၏။

စွမ်းရည်သတ္တိကြီးမားကြသော လူသားတို့၏ စိတ်ဓာတ်ဟူသည့် ကျယ်ပြန့်ရှုပ်ထွေးသော စက်ရုံကြီးတစ်ခုအတွင်း၌ ကျွန်ုပ်တို့သည် သူတော်ကောင်းဓာတ်တို့ကို သိုလှောင်ထားသော ရတနာဘဏ်တိုက်ကြီးကိုလည်း တွေ့မြင်နိုင်သည်။ ထို့ပြင် ယုတ်မာ၊ ညစ်ညမ်းမှုတို့၏ စုဝေးရာ အမှိုက်ပုံကြီးကိုလည်း တွေ့မြင်နိုင်သည်။

ဤသို့လျှင် ဆိုခဲ့သော သက်ဆိုင်ရာလက္ခဏာ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးကို ကျွန်ုပ်တို့တိုးပွားအောင် အားထုတ်လိုက်လျှင် ကျွန်ုပ်တို့သည် လူသားတို့အတွက် ကောင်းကျိုးပြု မင်္ဂလာရှိပုဂ္ဂိုလ်များလည်း ဖြစ်လာနိုင်သည်။ သို့မဟုတ် လူလောကကြီးကို နှိပ်စက်၊ ညှဉ်းပန်းသော လူယုတ်၊ လူညစ်များလည်း ဖြစ်လာနိုင်သည်။

အကယ်၍ အကျွန်ုပ်တို့သည် လူသားတို့အတွက် မွန်မြတ်သော အကျိုးပြုလုပ်ငန်းများကို လုပ်ကိုင်ခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဘဝကို မြှင့်တင်လိုလျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုယ်တွင်း၌ ကိန်းအောင်းနေသော ယုတ်မာမှုတို့၏မျိုးစေ့ကို ဖယ်ရှားဖို့ရန် ကျွန်ုပ်တို့ အကောင်းဆုံး အားထုတ်ရမည်။

ကျွန်ုပ်တို့ကိုယ်တွင်း၌ ကိန်းအောင်း၍နေသော သူတော်ကောင်း မျိုးစေ့ သူတော်ကောင်းဓာတ် အပင်ပေါက်လာအောင်လည်း အားထုတ်ကြိုးပမ်းကြရမည်။ ကျွန်ုပ်တို့၏နှလုံးသား၌ ကိန်းအောင်း၍နေသော တန်ဖိုးမဖြတ်နိုင်သည့် သူတော်ကောင်းဓာတ်၊ သူတော် ကောင်းရတနာဘဏ်တိုက်ကို ဖွင့်လှစ်ဖို့ရန် ဟန်ချက်ညီသော သည်းခံခြင်း၊ မှန်ကန်သော အားထုတ်ခြင်းနှင့် ထက်မြက်သော အသိဉာဏ်တို့မှာ မရှိမဖြစ် အထူးပင် လိုအပ်ပေသည်။

ပစ္စည်းဥစ္စာ ဆင်းရဲနွမ်းပါးသော ဩဇာ၊ အာဏာကင်းမဲ့သော လောကအပြောအရ အောက်တန်းကျသည်ဟု ဆိုရသော လူများသည်ပင်လျှင် ဤအချက်ကို ပြည့်စုံအောင် အားထုတ်နိုင်စွမ်း၊ အားထုတ်နိုင်ခွင့်ရှိပေသည်။

ဤသို့ဆိုလျှင် လူသားတို့၏ဘဝတန်ဖိုးကို မြှင့်တင်ဖို့ရန် ရာထူး၊ အာဏာ၊ စီးပွားဥစ္စာတို့သည် တကယ်လိုအပ်သောအချက်များ မဟုတ်ကြပေ။

အလွန်အရှိန်ပြင်းသော အဖျက်ဓာတ်တစ်ခုဟုဆိုရသည့် ဒေါသသည် ကျွန်ုပ်တို့၏ ကိုယ်တွင်း၌ ကိန်းအောင်းလျက်ရှိသည်။ ထိုအဖျက်ဓာတ်ကို ဖယ်ရှားနိုင်သည့် လူသားတို့၏ဘဝကိုလည်း မြှင့်တင်နိုင်စွမ်းရှိသည့် တည်ဆောက်ဓာတ်မှာ မေတ္တာတရားပင်ဖြစ်သည်။

ယနေ့ မျက်မှောက်ကမ္ဘာ၌ မရပ်မနားပြန့်ပွားနေသော မြောက်မြားစွာသော ကြောက်မက်ဖွယ်ရာများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို လွန်ကျူးနေသော အခြားအဖျက်ဓာတ်တစ်ခုမှာ “ဟိံသန” တရားပင် ဖြစ်သည်။ ထိုဟိံသနရောဂါကို ကုစားဖို့ အကောင်းဆုံးဆေးမှာမူကား ကရုဏာတရားပင်ဖြစ်သည်။

ကမ္ဘာကြီးတစ်ခုလုံး၏ မူဝါဒတိုင်း၌ သင်ရောက်နေသည့် အလွန်ပြင်းသည့် အဆိပ်ဓာတ်တစ်ခုမှာ “ဣဿာ” တရားပင်ဖြစ်သည်။ “ဣဿာ” တရားဟူသော အဆိပ်သင့်သည့် လူသားတို့၏အလုပ်မှာ ကုစားရခက်သည့်လက်နက်ပြိုင်ဆိုင်မှုများ အန္တရာယ်ကြီးမားသည့် အာဏာပြိုင်ဆိုင်မှုများပင်ဖြစ်သည်။ ထိုဣဿာ အဆိပ်သင့်ရောဂါကို ကုစားဖို့ အထက်မြက်ဆုံးသောဆေးမှာ “မုဒိတာ” တရားပင် ဖြစ်သည်။

လူသားများ၏ တည်ငြိမ်သောစိတ်ထားကို နှောင့်ယှက်ဖျက်ဆီးတတ်သည့် အခြားသော လက္ခဏာနှစ်ခုမှာ ဣဋ္ဌာရုံ၌ မက်မောခြင်း၊ အနိဋ္ဌာရုံ၌ စိတ်ပျက်ခြင်းပင်ဖြစ်၏။ စိတ်ကို ဟန်ချက်ညီအောင် ထားခြင်းဟူသော ဥပေက္ခာတရားသည် ဣဋ္ဌာရုံ၌ဖြစ်သော တပ်မက်ခြင်း၊ အနိဋ္ဌာရုံ၌ဖြစ်သော စိတ်ပျက်ခြင်းတို့ကို ဖယ်ရှားနိုင်သဖြင့် ဘဝတည်ငြိမ်ရေးအတွက် ဥပေက္ခာတရားသည် တန်ဖိုးကြီးမားပေ၏။

ဤထူးခြားမွန်မြတ်သည့် အကျင့်တရား လေးပါးကို ဗြဟ္မစရိယဟု လည်းကောင်း ဗြဟ္မဝိဟာရဟုလည်းကောင်း ခေါ်ဆိုနိုင်သည်။

အကယ်၍ လူသားများသည် ဤဗြဟ္မစရိယ အကျင့်တရားလေးပါးကို ကျင့်သုံးနိုင်ကြလျှင် ထိုလူသားတို့နေသော ကမ္ဘာကြီးကို ထိုလူသားတို့သည် အောက်တန်းမှ အထက်တန်းသို့ မြှင့်တင်နိုင်ကြလိမ့် မည်ဖြစ်သည်။

အသားအရောင်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကြော်ငြာထားသည့် ပေါ်လစီဝါဒတို့ကိုမကြည့်ဘဲ လူသားတိုင်း လူသားတစ်ယောက်အနေနဲ့ ဤဗြဟ္မစရိယတရားလေးပါးကို ကျင့်သုံးနိုင်ကြလျှင် စစ်ပွဲ ဆင်းရဲတို့ဖြင့် ပြွမ်းနေသော ဤကမ္ဘာလောကကြီးကို အဘက်ဘက်မှ ပြည့်စုံသော၊ ငြိမ်းချမ်းသော၊ ညီညွတ်သော၊ သာယာလှပသော၊ မြင့်မြတ်သော၊ ဘုံဘဝတစ်ခုသို့ ပြောင်းလဲဖန်ဆင်းနိုင်မည်မှာ ဧကန်မုချဖြစ်သည်။ ကျွန်ုပ်တို့လူသားများကိုယ်တိုင်လည်း တစ်ခုတည်းသော လောကကြီး၏ စံနမူနာပြ ဗြဟ္မာလူသားများ ဖြစ်လာကြလိမ့်မည်။

သို့ဖြစ်ခြင်းကြောင့် အကျွန်ုပ်တို့ လူသားအားလုံး ဤလေးပါးသော ဗြဟ္မစရိယတရားတို့ကို အကြွင်းအကျန်မထား သတ္တဝါလောကတစ်ခုလုံးသို့ ခြွင်းချက်မရှိ၊ အတိုင်းအတာပမာဏမရှိ လူမျိုး၊ ဝါဒ၊ ဘာသာစသည့် အတားအဆီးများကို ဖယ်ရှား၍ ပွားများသင့်ကြပေသည်။

ဤဗြဟ္မစရိယ တရားလေးပါးကို နယ်ခြားမဲ့၊ အတိုင်းအတာမဲ့၊ အတားအဆီးမဲ့ တရားလေးပါး၊ မွန်မြတ်သော စိတ်ဓာတ်လေးမျိုးဟု ခေါ်ဆိုရပေသည်။

လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ အသားအရောင်၊ မူဝါဒတို့ကိုမကြည့်ဘဲ လူသားတိုင်း ဤမွန်မြတ်သော၊ လှပချိုမြိန်သော အကျင့်မြတ်တို့ကို ကျင့်သုံးခြင်းဖြင့် လူသားအချင်းချင်း တစ်ယောက်သည် တစ်ယောက်ကို၊ တစ်မျိုးသည် တစ်မျိုးကို၊ တစ်ပါတီသည် အခြားပါတီ တစ်ခုကို၊ တစ်နိုင်ငံသည် အခြားနိုင်ငံတစ်ခုကို အပြန်အလှန် ကျေးဇူးပြု၊ အပြန်အလှန် ကောင်းကျိုးပြုသည့် လူသားများ ဖြစ်သင့်ကြပေသည်။

မေတ္တာတရားသည် လူသားတို့၏ နှလုံးသားကို နူးညံ့စေသည်။ လူသားတွေကို စည်းရုံးရာ၌၊ သိမ်းသွင်းရာ၌ လက်နက်၊ အာဏာ၊ ဓနအင်အားတို့ကို သုံးစွဲမည့်အစား မေတ္တာတရားကို သုံးစွဲသင့်ပါသည်။ အကူအညီကင်းမဲ့နေသော လူ့လောကကြီးအတွက် မေတ္တာ တရားကိုပေးခြင်းသည် သန့်ရှင်းသော အကူအညီပေးခြင်းပင်ဖြစ်သည်။

သူနှင့် ငါကို မခွဲခြားဘဲ ရိုးသားဖြူစင်သော တန်းတူညီမျှအကျိုး လိုလားသည့် စိတ်ဓာတ်သည် လူသားအားလုံးအတွက် ချမ်းသာအစစ် တကယ်ပင်ဖြစ်သည်။ ဥပမာ သားငယ်ကို ရင်ခွင်မှာပိုက်ထားသော မိခင်၏မေတ္တာသည် ထိုသားငယ်ရဲ့ အကျိုးစီးပွားအတွက် မိမိအသက်ကိုပင် စွန့်လွှတ်ရန် ဝန်မလေးသကဲ့သို့ ရင်ခွင်၌ ကျင်ကြီး၊ ကျင်ငယ်တို့ကို စွန့်ပစ်နေသောသားငယ်ကို မိခင်သည် ကောင်းကျိုးလိုလားသည့်စိတ်ဓာတ်ကိုသာ မွေးမြူသကဲ့သို့၊ အမျက်ဒေါသ လုံးဝမထားသကဲ့သို့၊ မိမိ၏ အကျိုးစီးပွားနှင့် အသက်ကိုပင် စွန့်လွှတ်၍ သတ္တဝါအားလုံးတို့အပေါ်မှာ ဖြူစင်၊ သန့်ရှင်းသော စိတ်ဓာတ်ဖြင့် ကောင်းကျိုး၊ ချမ်းသာလိုလားသော စိတ်ဓာတ်ကို မွေးမြူရာ၏။

ရင်ခွင်ပိုက်ထား သားငယ်အပေါ်၌ဖြစ်သော မိခင်၏မေတ္တာသည် တဏှာ၊ ရာဂ၊ ဒေါသကင်း သန့်ရှင်းလေဘိသကဲ့သို့၊ ထိုနည်းတူစွာ အကျွန်ုပ်တို့ လူသားထုတစ်ရပ်လုံးအပေါ်မှာ ထားရမည့်မေတ္တာ၊ လူမျိုးတိုင်းနှင့် နိုင်ငံတိုင်းအပေါ်၌ ထားရမည့်မေတ္တာမှာလည်း ရိုးသားရမည်၊ သန့်ရှင်းရမည်။

ကမ္ဘာကြီးတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် ချမ်းသာရေးအတွက် စစ်မှန်သော မေတ္တာဟူသည် မိခင်၏ သားအပေါ်မှာထားသော မေတ္တာမျိုးဖြစ်ပါသည်။

ထို့ကြောင့် ဘာသာရေးအယူအဆ၊ နိုင်ငံရေးယုံကြည်ချက်တို့ မတူညီခြင်းဟူသော အတားအဆီးများကို အကြွင်းမဲ့ဖယ်ရှားလျက် အကန့်အသတ်မရှိ ကျယ်ပြန့်သော ညီအစ်ကို၊ မောင်နှမ စိတ်ဓာတ်ကို မွေးမြူသင့်ကြပေသည်။

ရိုးသားသော၊ ဖြူစင်သောဆန္ဒဟု ဆိုအပ်သည့် မေတ္တာဓာတ်သည် ကမ္ဘာလောကကြီးတစ်ခုလုံး၏ စစ်မှန်သော အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးအတွက် တည်ဆောက်အပ်သည့် ညီအစ်ကို၊ မောင်နှမစိတ်ဓာတ် ပင်ဖြစ်သည်။ နိုင်ငံရေးပါတီများ၊ လူမျိုးစုများ၊ လူမျိုးများ၊ ကိုးကွယ်သည့် ဘာသာတရားများ တစ်ခုစီ တစ်ခုစီ၊ တစ်စုစီ တစ်စုစီ ကျဉ်းမြောင်းစွာ ဖွဲ့စည်းထားသည့် ညီအစ်ကို၊ မောင်နှမ စိတ်ဓာတ်မျိုးသည် မေတ္တာ၌အကျုံးမဝင်ပေ။

မှတ်ချက်။ ။ မေတ္တာတရားကို ဗုဒ္ဓစာပေ၌ အပ္ပမညာတရားဟု ဟောတော်မူသည်။ နယ်ခြားမဲ့၊ အတိုင်းအတာမဲ့၊ ကန့်သတ်ချက်မရှိ၊ ကျယ်ပြန့်သော စိတ်ထားဟုဆိုလိုသည်။

နိုင်ငံရေးညီအစ်ကို၊ မောင်နှမစိတ်ဓာတ်သည် သက်ဆိုင်ရာအယူ အဆတူမျှသော နိုင်ငံရေးပါတီအတွင်းမှာသာ တည်ဆောက်ထားခြင်းဖြစ်သည်။ ဥပမာ - ဒီမိုကရက်တို့သည် ဒီမိုကရေစီပါတီအတွင်း၌သာ Brotherhood Spirit ကို တည်ဆောက်ကြလိမ့်မည်။ ကွန်မြူနစ်တို့ သည်လည်း ကွန်မြူနစ်ပါတီဝင် အချင်းချင်းအပေါ်မှာသာ Brother-hood Spirit ကို ထားရှိနိုင်ကြပေလိမ့်မည်။

National Brotherhood ဆိုသည်မှာလည်း ကန့်သတ်ချက်များဖြင့် တင်းကျပ်နေလိမ့်မည်။ သက်ဆိုင်ရာ မိမိတို့ရဲ့ Nations တို့အပေါ်၌သာ တည်ဆောက်နိုင်ကြလိမ့်မည်။ Racial Brotherhood လူမျိုးစုများ၏ ကိုယ့်အမျိုးကိုသာ ကိုယ်ချစ်သည့်စိတ်ဓာတ်များကား ပို၍ကျဉ်းမြောင်းသည်။

မေတ္တာစိတ်ဓာတ် Universal Love (သို့) Universal Brotherhood Spirit မှာကား Boundless boundary (သို့) Border (သို့) Barrier မရှိဖြစ်သည်။ National Brotherhood Spirit ၌ “သဗ္ဗေ သတ္တာ” ဟု နှလုံးသွင်းနိုင်ကြလိမ့်မည်မဟုတ်။

လူမျိုးရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ်၊ နိုင်ငံရေးစိတ်ဓာတ်၊ တစ်ဖက်သတ်ထားရှိခြင်း၊ (အတ္တနှင့် အတ္တနိယ)ကြောင့် ကရုဏာ တရားကင်းမဲ့စွာ သတ်ဖြတ်၊ တိုက်ခိုက်၊ နှိပ်စက်ကြသော လူမျိုးရေး စစ်ပွဲ၊ ဘာသာရေးစစ်ပွဲ၊ နိုင်ငံရေးစစ်ပွဲများ ကမ္ဘာ့သမိုင်း၌ မေ့ပျောက် မရနိုင်လောက်အောင် ဖြစ်ခဲ့ဖူးကြပြီ။

အမုန်းတွေ၊ ကျည်ဆန်တွေ မိုးကဲ့သို့ရွာချ လူသားပေါင်းများစွာတို့ အသက်ဆုံးရှုံးခဲ့ကြသည်မှာ ကျဉ်းမြောင်းသော၊ အစွန်းရောက်သော Racial, National, Political and Religious Brotherhood Spirit များကြောင့် ဖြစ်ခဲ့ရသည်များကို ကမ္ဘာ့သမိုင်းများက အထင်အရှား မှတ်တမ်းတင်ထားခဲ့ကြပြီးဖြစ်သည်။

ဤအချက်ကို ဒုတိယကမ္ဘာစစ်ကြီး၏ ဖြစ်ရပ်များက စံနမူနာ ယူလောက်အောင် သက်သေခံလျက်ရှိပေသည်။ ယနေ့တိုင်အောင် ရိုက်ခတ်၍နေသော ကမ္ဘာ့စစ်ပွဲကြီးများ၏ လှိုင်းတံပိုးကို မျက်မှောက်ခေတ် လူသားတို့က မေ့ပျောက်၍ မရနိုင်သေးပေ။

သို့ဖြစ်ရကား ဗြဟ္မစရိယတရားလေးပါးတို့၏ အစွမ်းသတ္တိဖြင့် လူသားတို့၏ နှလုံးသားကို ခြိမ်းခြောက်နေသော ဆူပူခြင်း၊ သောင်းကျန်းခြင်း၊ အကြမ်းဖက်ခြင်း၊ ချောင်းမြောင်းလုပ်ကြံခြင်းတည်း ဟူသော လူ့သမိုင်း၏ အညစ်အကြေးများကို ဆေးကြောသုတ်သင်ဖို့ ကောင်းပါပြီ။

ဗြဟ္မစရိယတရားလေးပါးတို့၏ စွမ်းပကားဖြင့် နောက်ခံအတွေးအခေါ် အယူအဆ (လူသားတို့ ဘဝမှာ) မတူမျှကြသော်လည်း တူမျှသည့် ဘုံလမ်းကြောင်းတစ်ခုကို တည်ဆောက်ကြ၍ ဤဗြဟ္မစရိယ လမ်းကြောင်းပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း၊ ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ် လက်တွဲလျှောက်လှမ်းကြဖို့ ကောင်းလှပါပြီ။

“မေတ္တာ” ကို “ချစ်ခြင်း” ဟု ဘာသာပြန်လျှင် ကိုယ့်လူမျိုးအချင်းချင်းသာချစ်၍ အခြားလူမျိုးကို မချစ်နိုင်ခဲ့လျှင်၊ ကိုယ့်ပါတီဝင်များကိုသာချစ်၍ အခြားပါတီဝင်များကို မချစ်နိုင်ခဲ့လျှင်၊ ကိုယ့်ဘာသာဝင်များကိုသာချစ်၍ အခြားဘာသာဝင်များကို မချစ်နိုင်ခဲ့လျှင် ဤကဲ့သို့ ကျဉ်းမြောင်းသော စိတ်ဓာတ်များကြောင့် ကရုဏာကင်းမဲ့စွာ သတ်ဖြတ်ကြသော Holy Wars သို့မဟုတ် Fighting for Peace အမည်တပ်သည့် စစ်ပွဲကြီးများ ကမ္ဘာ့သမိုင်းတွင် ဖြစ်ခဲ့ဖူးသည်ကို သံဝေဂယူကြဖို့ ကောင်းပါပြီ။

ရိုးသား၊ ဖြူစင်၊ ပွင့်လင်းစွာဆိုတတ်ကြကုန်သော သူတော်ကောင်း အချို့နှိပ်စက်ညှဉ်းပန်း အကျဉ်းချခံရခြင်းများလည်း ရှိတတ်သည်။ ကမ္ဘာ့သမိုင်းတွင် ရက်စက်ကြမ်းကြုတ်သော ရုန်းရင်းဆန်ခတ်မှုကြီးများကို မှားမှားယွင်းယွင်း၊ ရှုပ်ရှုပ်ထွေးထွေး မှတ်တမ်းတင်ထားခဲ့ကြ သည်မှာလည်း သံဝေဂယူဖွယ်ဖြစ်သည်။ မှားယွင်းသော စစ်ပွဲများ၊ အစွန်းရောက်ဆူပူသောင်းကျန်းမှုများ၊ ရက်စက်သော စစ်ပွဲကြီးများက ကမ္ဘာ့သမိုင်းစာအုပ်ကြီး၏ စာမျက်နှာပေါင်း မြောက်မြားစွာကို မည်းညစ်စွန်းထင်းစေခဲ့လေပြီ။

လူလောကကြီးအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လွတ်လပ်ရေးနှင့် အကျင့်စာရိတ္တနှင့် အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တည်ဆောက်ဖို့အတွက် ရိုးသားဖြူစင်သော ဘာသာရေးခေါင်းဆောင်တို့၏ နိုးကြားမှု၊ ရိုးသားဖြူစင်သော လူမှုရေးခေါင်းဆောင်တို့၏ ညီညွတ်မှုမှာ သီလနှင့်ပညာ ကင်းမဲ့နေသော ဤကမ္ဘာ၌ အထူးပင်လိုအပ်နေချေပြီ။

သို့ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာဘာသာရေး ဆရာများ၊ ဘာသာရေး လူမှုရေးခေါင်းဆောင်များ၏ ရိုးသားဖြူစင်စွာချမှတ်ထားသော မွန်မြတ်သည့်နည်းလမ်း၊ စည်းကမ်းများပေါ်မှာ အခြေခံသော ချစ်ခြင်း၊ သနားခြင်း၊ ဝမ်းမြောက်ခြင်း၊ တည်ငြိမ်ခြင်း၊ အကြောင်းအကျိုး ညီညွတ်ခြင်း၊ တရားမျှတခြင်းဟူသော Common Ground တစ်ခုကို လောကကြီးအတွက် အသုံးဝင်အောင် သန့်ရှင်းသောစိတ်ဓာတ်ဖြင့် ဂရုတစိုက် တည်ဆောက်ကြဖို့ လိုအပ်ပေပြီ။

မုန်းတီးသူကို ပြန်၍မုန်းတီးနေကြခြင်းဖြင့် ထိုအမုန်းဇာတ်သည် အဆုံးမသတ်နိုင်ပေ။ ထိုအမုန်းဇာတ်ကို အဆုံးသတ်ရန်မှာ မေတ္တာဖြစ်သည်။ ရုန့်ရင်းသောစကား ပြောကြားခြင်းကို တုံ့ပြန်၍နေခြင်းဖြင့်၊ ထိုရုန့်ရင်းသောစကားဝိုင်းကြီးသည် ချုပ်ငြိမ်းသွားလိမ့်မည် မဟုတ်ပေ။ ခန္တီတရားဖြင့်သာလျှင် သန္တိစကားကို စတင်နိုင်ကြမည် ဖြစ်သည်။

မုသားမပါသဖြင့် အချောမသတ်နိုင်သည့် လင်္ကာများကို သစ္စာစကားဖြင့် အချောသတ်ရမည်။ ဤသည်ကား မြတ်ဗုဒ္ဓမိန့်ကြားသည့် ရှေးဟောင်းဥပဒေသဖြစ်သည်။ မုန်းတီးသောအတွေးအခေါ်သည် အဖျက်ဓာတ်ပါသည့် ထက်မြက်သောစွမ်းပကားဖြစ်သည်။ ထိုမုန်းတီးသော အတွေးအခေါ်သည် မည်သည့်စနစ် မည်သည့်ဝါဒ၌မဆို မှားနေတတ်သဖြင့် မှားယွင်းစွာ မျိုမိသော အဆိပ်နှင့်တူ၏။

မေတ္တာတရားသည်ကား ဖွဲ့စည်းတည်ဆောက်မှုလုပ်ငန်းများ၌ အလွန်အားကောင်းသော စွမ်းအားဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် မေတ္တာနှင့်ခန္တီကို အခြေခံ၍ ပညာဖြင့်တောက်ပြောင်နေသော အတွေးအခေါ်သည် ကျန်းမာခြင်း၊ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ လက်တွဲအတူ နေခြင်းတို့အတွက် အလွန်အားကောင်းသည့် တည်ဆောက်မှုစွမ်းအား ဖြစ်သည်။

ထို့အပြင် မြတ်ဗုဒ္ဓသည် တင်းမာမှုနှင့် စွပ်စွဲမှုအစရှိတဲ့ အခက်အခဲနှင့် ငြင်းခုံမှုများကို ကျော်လွှားရန် အရေးကြီးသော နည်းစနစ်တစ်ခုမှာ သီလ (Character) ဖြစ်သည်ဟု အလေးအနက် မိန့်မြွက်တော်မူသည်။ အကျင့်ကောင်းခြင်းသည် ဘဝပြဿနာများစွာကို ဖြေရှင်းနိုင်သော အခြေခံစွမ်းရည်တစ်ခုဖြစ်သည်။ သီလနှင့် ပြည့်စုံခြင်းသည် မိမိကောင်းကျိုး၊ သူတစ်ပါးကောင်းကျိုးတို့ကို ဆောင်ရွက်ရာ၌ ပြီးစီးအောင်မြင်နိုင်သော အင်အားတစ်ခုဖြစ်သည်။

ထို့အပြင် ကျွန်ုပ်တို့သည် အတ္တနှင့် အတ္တနိယကိုဖယ်ရှား အနတ္တ ဟူသော Right Thought of Selflessness ကိုလည်း အလေးအနက် ကျင့်သုံးရမည်။ မေတ္တာ၊ ကရုဏာ၊ အဟိံသာ၊ ပညာတရားတို့သည် ကျွန်ုပ်တို့၏ လောကငြိမ်းချမ်းရေးတည်ဆောက်ရာ၌ အလွန်အားကောင်းသော စွမ်းအင် (Powerful Constructive Force) ပင် ဖြစ်သည်။ ယနေ့ ကမ္ဘာလောကကြီးသည် စိုးရိမ်ခြင်း၊ ပူဆွေးခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စစ်တိုက်ခြင်း၊ ဆူပူခြင်း၊ သောင်း ကျန်းခြင်းဟူသောအပြစ်၊ အညစ်အကြေးတို့ဖြင့် ပြည့်နှက်လျက် ရှိနေပါသည်။ လူသားတွေ၊ လူမျိုးစုတွေသည် တိုက်ခိုက်၊ သတ်ဖြတ်ဖို့ လက်နက်များကို တပြင်ပြင်ဖြစ်နေကြသည်။ ကိုက်တော့မည့်ခွေးများ၊ သွားဖြဲနေကြသည်နှင့်တူ၏။ လူသားတို့၏အသက်များမှာ အန္တရာယ်တွင်းထဲသို့ ရောက်လုနီး (သို့မဟုတ်) ရောက်နေဘိအလားဖြစ်၏။

အင်အားကြီးမားသည့် နိုင်ငံကြီးများ၏ လက်နက်ပြိုင်ဆိုင်မှု အကြားမှာ အပြစ်ကင်းသော လူသားထုတစ်ရပ်လုံး ကြောက်လန့်နေ ကြကုန်၏။ ခေတ်မီသည့်၊ တိုးတက်သည့် လက်နက်များသည် အချိန်မရွေး၊ နေရာမရွေး လူသားတို့၏ အသက်ကို သတ်ဖြတ်ဖို့ အဆင်သင့် ဖြစ်နေကြကုန်၏။ တကယ်စင်စစ် ကမ္ဘာလောကကြီးသည် အားကိုးရာမဲ့၊ အကူအညီမဲ့၊ အစောင့်အရှောက်မဲ့ ဖြစ်နေသည်။ လက်နက်နှင့် စောင့်ရှောက်ခြင်းကို တကယ်စင်စစ် စောင့်ရှောက်ခြင်း၏ အနှစ်သာရဟု ဆိုရန်ခက်၏။

“မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ခန္တီ၊ ပညာ” ဤဗြဟ္မစရိယ တရားတို့သည်သာလျှင် လောကကို တကယ်စောင့်ရှောက်သည့် လောကပါလတရားတို့ ဖြစ်ကုန်၏။ ပြည့်စုံသော ငြိမ်းချမ်းခြင်း၊ ခိုင်မြဲသော ညီညွတ်ခြင်း၊ ရိုးသားသောလက်တွဲခြင်းတို့ကို ဤလောကပါလ ဗြဟ္မစရိယတရားတို့ဖြင့် တည်ဆောက်ရမည်ဖြစ်ပါသည်။ လောက၏ ရန်သူစင်စစ် တကယ်ဖြစ်သော ဒေါသတရားကို မေတ္တာဖြင့် ကာကွယ်ရမည်။ လူသားတို့၏ ရန်သူဖြစ်သော နှိပ်စက်ညှဉ်းဆဲခြင်း ဟိံသနတရား ကို အဟိံသာဟူသော ကရုဏာပွား၍ ကာကွယ်ရမည်။

ဝါဒနှင့်စနစ်အားလုံးတို့၏ အဆိပ်သဖွယ်ဖြစ်သော ဣဿာတရား ကို မုဒိတာဟူသော စိတ်ကောင်းထား၍ ဖယ်ရှားရမည်။ မကောင်းလျှင် စိတ်ပျက်၊ ကောင်းလျှင် တပ်မက်သည့် မငြိမ်သက်သည့် ဤစိတ်ဓာတ်ကို ဥပေက္ခာပွား၍ တည်ငြိမ်စေရမည်။ ယနေ့ကမ္ဘာလောက၌ ရုပ်ဝါဒ ရှုထောင့်မှကြည့်လျှင် သိပ္ပံပညာ၊ နည်းပညာ၊ စက်မှုပညာတို့သည် အမြင့်ဆုံးသို့ရောက်အောင် တိုးတက်နေချေပြီ။ အခြားဆန့်ကျင်ဘက် တစ်ခုမှာ လူသားများတို့၏ စိတ်ဓာတ်၊ အသိဉာဏ် အကျင့်တရားတို့ကား ဖွံ့ဖြိုးတိုးတက်မှု မရှိရုံမျှမက ဆင်းရဲမွဲတေခြင်း၏ အောက်သို့ ရောက်ရှိနေချေပြီ။ ယနေ့ လူသားအများစု၏ စိတ်ဓာတ်၌ ဗြဟ္မစရိယ တရားလေးပါးတို့ ခေါင်းပါးခဲ့ချေပြီ။ ထို့အပြင် လူငယ်အများစု၏ ကိုယ်ကျင့်တရားမှာလည်း ဗလာလုနီးနီး ဖြစ်ချေပြီ။

ရုပ်ပိုင်းနှင့်စိတ်ပိုင်း တိုးတက်ခြင်း နှစ်မျိုးလုံးသည် နိုင်ငံတိုင်း၊ လူသားတိုင်းအတွက် အမှန်တကယ် လိုအပ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုအတွက် သိပ္ပံပညာရှင် နည်းပညာရှင်တို့က အားထုတ်နေကြလျှင် အကျင့်စာရိတ္တ၊ စိတ်ဓာတ်၊ အသိပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးသော ဘာသာရေးခေါင်းဆောင်များ၊ အားလုံးသော စိတ်ပညာ ရှင်များ၊ အားလုံးသောစိတ်ဓာတ်ရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး ခေါင်းဆောင်များမှာ အားထုတ်ဆောင်ရွက်ကြဖို့ တာဝန်အထူးရှိပေသည်။ ခေတ်မီသိပ္ပံပညာရေးနှင့် ဘာသာရေး၊ ယဉ်ကျေးမှု စိတ်ဓာတ်ဆိုင်ရာ ရှေးဟောင်းပညာရေးနှစ်ရပ်တို့ ဟန်ချက်ညီညီ ချီတက်ကြဖို့ လိုအပ်ပေသည်။

အများအားဖြင့် ကောင်းသောပညာရေးဟူသည် အကျင့်စာရိတ္တ၊ စိတ်ဓာတ်နှင့် စားဝတ်နေရေး မွဲတေခြင်းတို့ကို မြှင့်တင်ပေးနိုင်သော ပညာရေးကို ကောင်းသောပညာ Good Education ဟု ဆိုသည်။ ယနေ့နိုင်ငံတိုင်း၌ ရုပ်ဝတ္ထုပိုင်း၏ တိုးတက်မှုသည် လုံလောက်ပါ၏။ သို့သော် စိတ်ဓာတ်နှင့် အကျင့်တရားတို့၏ ဖွံ့ဖြိုးတိုးတက်ခြင်းကား ဤရုပ်ကမ္ဘာ၌ အနိမ့်ဆုံးမှာ ရှိနေပါသည်။ သို့ဖြစ်ခြင်းကြောင့် အနာဂတ်လူ့လောကကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့ကျွန်ုပ်တို့၏ သားငယ်၊ သမီးငယ်များကို စိတ်ဓာတ်၊ အကျင့်၊ ပညာ သုံးခုစုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန် ယနေ့မျက်မှောက် ခေါင်းဆောင်တိုင်း တာဝန်ရှိပေသည်။

ကျွန်ုပ်တို့ခေတ်နောက် ကျွန်ုပ်တို့၏သားငယ် သမီးငယ်များသည် မကြာသော အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာဖို့ ယခုပင် ပြုစုပျိုးထောင်ကြရပေမည်။ ဤသို့ ပြုလုပ်ရန် ဘာသာရေး၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ စိတ်ဓာတ်များနှင့် သိပ္ပံပညာ၊ နည်းပညာတို့ ဟန်ချက်ညီအောင် ရေးဆွဲထားသော ပညာရေးစနစ်တစ်ခု ချမှတ်ရန် လိုအပ်ပေသည်။ ဤအတွက် ကျွန်ုပ်တို့ စိတ်ဓာတ်ရေးရာ ခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ အားလုံးလက်တွဲလျှောက်လှမ်းဖို့ (Common Highway) တစ်ခု တည်ဆောက်ရန် လိုအပ်ပေသည်။ United Nations, United States, United Kingdom ဆိုသည်တို့ကို ကြည့်ပါ။

United ဖြစ်ဖို့ရန်မှာ သည်းခံခြင်း၊ ချစ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ငါကိုမေ့ထားခြင်း (Self-forgetfulness) တို့သည် အခြေခံအုတ်မြစ် တရားများ ဖြစ်ကြကုန်၏။

ဘာသာရေးယုံကြည်ချက်၊ လူမျိုးရေးကွဲပြားမှု၊ နိုင်ငံရေးအယူအဆ မတူကြသည်ကို အကြောင်းပြု၍ ညီအစ်ကို၊ မောင်နှမများသဖွယ် သဘောမထားနိုင်ကြဘဲ ဘုံလမ်းမကြီးတစ်ခုပေါ်မှာ မတွေ့ဆုံနိုင်၊ လက်မတွဲနိုင်ကြလျှင် လူသားတို့၏ အကျိုးစီးပွားကို သယ်ပိုးလိုကြသည့် များစွာသောခေါင်းဆောင်၊ များစွာသော အသင်းအဖွဲ့တို့၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ချက်များမှာ အောင်မြင်ပြီးမြောက် ခရီးရောက်ဖို့ အခက်အခဲများစွာ တွေ့ကြလိမ့်မည်ဖြစ်သည်။

ချစ်ခြင်း၊ သနားခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်း၊ ကြောင်းကျိုးစိစစ်ခြင်းတို့သည် ကျွန်ုပ်တို့၏ Common Highway ဖြစ်သည်။ ဤဗြဟ္မစရိယ လောကပါလတရားများကို ကျင့်သုံးလိုက်နာဖို့ ခက်ခဲသည်ဟု ဆိုဖွယ်ရာရှိပါသည်။ သို့သော် ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကြီးများကို ဆင်နွှဲဖို့ ဒုံးပျံလက်နက်၊ အဏုမြူဗုံးလက်နက်များ ထုတ်လုပ်ခြင်းလောက် ခက်လည်းမခက်ပါဘူး။ အကျပ်အတည်းလည်း မရှိပါဘူး။ စိတ်ပင်ပန်းမှု၊ စိုးရိမ်ကြောင့်ကြမှုလည်း မရှိပါဘူးဟု ဆိုချင်ပါသည်။

ကျွန်ုပ်၏ စာတမ်းကို အတုမဲ့မြတ်ဗုဒ္ဓ၏ တန်ဖိုးမဖြတ်နိုင်သော စကားရပ်တို့ဖြင့် အဆုံးသတ်ပါမည်။ ကျွန်ုပ်တို့သည် ဒေါသကို မေတ္တာဖြင့် အနိုင်ယူရမည်။ ကျွန်ုပ်တို့သည် ကောက်ကျစ်စဉ်းလဲခြင်းကို ရိုးသားဖြောင့်မတ်ခြင်းဖြင့် အနိုင်ယူရမည်။ အတ္တဆန်သူကို အနတ္တဖြင့် အနိုင်ယူရမည်။ ကြမ်းတမ်းသူကို ယဉ်ကျေးခြင်းဖြင့် အနိုင်ယူရမည်။ လိမ်လည်လှည့်ဖြားသူကို သစ္စာစကားဖြင့် အနိုင်ယူရမည်။ မပေးရဲသူကို ပေးကမ်းခြင်းဖြင့် အနိုင်ယူရမည်။ ဤသည်ကား မြတ်ဗုဒ္ဓ မိန့်ကြားသည့် ကမ္ဘာဦးတရား။ မုန်းတီးသူကို ပြန်လှန်၍ မုန်းတီးခြင်း သည် အမုန်းဇာတ် အဆုံးမသတ်နိုင်။ မေတ္တာ၊ ခန္တီဖြင့်သာလျှင် ဤအမုန်းဇာတ်ကို အဆုံးသတ်ရမည်။

ဤသည်ကား ကမ္ဘာဦးလူတို့ကျင့်ကြသည့်တရား။ ဤသည်ကား မြတ်ဗုဒ္ဓ၏ အဆုံးအမ ဖြစ်ပါသည်။

သစ္စာတရားနှင့်သန္တိတရားကမ္ဘာ့နေရာတိုင်းမှာထွန်းတောက်ပါစေ။

သတ္တဝါအားလုံး အေးငြိမ်းချမ်းသာ ရှိကြပါစေ။

နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု

သီတဂူဆရာတော် အရှင်ဉာဏိဿရ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ

No comments:

Post a Comment