Monday, January 1, 2024

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ ၂၀၂၄-ခုနှစ် နှစ်သစ်မင်္ဂလာသာရဏီယ ဆုတောင်းလွှာ

 


ယနေ့သည် ၂၀၂၃ ခုနှစ်ဟုဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၂၀၂၄ ခုနှစ်ဟု ဆိုအပ်သော ကမ္ဘာ့နှစ်သစ်သို့ စတင်ရောက်ရှိသည့် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ယခုလို မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံသောနှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ နိုင်ငံသူ/သားများနှင့် ကမ္ဘာသူ/သားများအားလုံး ဘေးဥပဒ်အန္တရာယ်ရန်စွယ်အပေါင်း မကောင်းဟူသမျှကင်းစင်ပ၍ လိုရာဆန္ဒအဝဝတို့ ပြည့်စုံကြစေရန် ဆုမွန်သလျက် နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ လိုက်နာကျင့်သုံးကြစေရန် ညွှန်ပြလိုသည်မှာ “သုစရိတ၊ ဓမ္မဟူသည်၊ လူတို့ပြည်ဝယ်၊ သက်ရှည်ချမ်းသာ၊ တေဇာကျော်ဟိုး၊ ဘုန်းတန်ခိုးကို၊ တက်တိုးစေတတ်၊ ဆေးမြတ်ဟုဆို၊ သမ္မမိုရ်တည့်”ဟူသော မှတ်တမ်းလင်္ကာနှင့်အညီ လူသားတိုင်းအသက်ရှည်ခြင်း၊ ချမ်းသာများခြင်း၊ ကျော်စောသတင်းနှင့် ပြည့်စုံခြင်း၊ ဘုန်းတန်ခိုးကြီးမားတိုးတက်ခြင်း စသောအကျိုးတရားများကို ခံစားရရှိစေနိုင်သည့် ဆေးကောင်းသဖွယ်ဖြစ်သော “ပါဏာတိပါတာ၊ အဒိန္နာဒါနာ၊ ကာမေသုမိစ္ဆာစာရဆိုအပ်သော ဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်တဲ့ ကာယသုစရိုက်သုံးပါး။ မုသာဝါဒါ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပဆိုတဲ့ ဝစီသုစရိုက်လေးပါးမှ ရှောင်ကြဉ်တဲ့ ဝစီသုစရိုက်လေးပါး။ အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိဟုဆိုအပ်သော မနောသုစရိုက်သုံးပါးဟူသော သုစရိုက် (၁၀)ပါး မြတ်တရားကို နေ့စဉ်အမြဲစိတ်ဝယ်စွဲ၍ ကြိုးစားအားထုတ်တော်မူကြပြီး နိုင်ငံသူ/သားများနှင့်တကွ ကမ္ဘာသူ/သားများအားလုံး ကောင်းကျိုးလိုရာဆန္ဒပြည့်ကြပါစေကြောင်း မေတ္တာရေလောင်း၍ ဆုတောင်းပတ္ထနာပြုအပ်ပါသတည်း။

No comments:

Post a Comment