Friday, January 5, 2024

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဝန်ထမ်းဟောင်းများအသင်း၏ သတ္တမအကြိမ် အာစရိယပူဇော်ပွဲနှင့် အသက်(၈၀)နှစ်အထက် အသင်းဝင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ

 ရန်ကုန် ဇန်နဝါရီ ၄

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဝန်ထမ်းဟောင်းများအသင်း၏ သတ္တမအကြိမ် အာစရိယပူဇော်ပွဲနှင့် အသက် (၈၀) နှစ်အထက် အသင်းဝင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဝန်ထမ်းဟောင်းများအသင်းဥက္ကဋ္ဌ ဦးမြင့်ဆွေ ကြေမုံသတင်းစာတိုက် စာတည်းမှူးချုပ်(ငြိမ်း)က အမှာစကားပြောကြားသည်။

ထို့နောက် အသင်းအတွင်းရေးမှူး ဦးထွန်းလင်းအောင် မြန်မာ့သတင်းစဉ်-စာတည်းမှူး (ငြိမ်း)က အသင်း၏ အခြေအနေများကို တင်ပြပြီး ကန်တော့ခံပုဂ္ဂိုလ်များမှ ဦးလှကြင်၊ ဦးမြင့်ထွန်းနှင့် ဦးလှိုင်ဝင်းတို့က မုဒိတာစကားများ ပြောကြားကြသည်။

သတ္တမအကြိမ် အာစရိယပူဇော်ပွဲနှင့် အသက် (၈၀) နှစ်အထက် အသင်းဝင်များ ပူဇော်ကန်တော့ပွဲတွင် ကန်တော့ခံပုဂ္ဂိုလ် ၁၃ ဦးအား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ အသက်(၈၀)နှစ်အထက် အသင်းဝင် ၃၁ ဦးအား တစ်ဦးလျှင် ငွေကျပ်ခုနစ်သောင်းခွဲနှုန်းဖြင့်လည်းကောင်း ကန်တော့ခဲ့ပြီး ပူဇော်ကန်တော့ပွဲသို့ ကျန်းမာရေးအရ မတက်ရောက်နိုင်သည့် ကန်တော့ခံပုဂ္ဂိုလ်နှင့် အသက် (၈၀) နှစ်အထက် အသင်းဝင်များအား အိမ်တိုင်ရာရောက်ကန်တော့ခံပစ္စည်းနှင့် လှူဒါန်းငွေများ ပူဇော်ကန်တော့ခဲ့သည်။

အဆိုပါ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းဝန်ထမ်းဟောင်းများ အသင်းကို ၂၀၁၅ ခုနှစ်မှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ အငြိမ်းစားယူခဲ့ကြသူများ၊ ဝန်ထမ်းဟောင်းကြီးများနှင့် မိသားစုပင်စင်ခံစားနေကြရသူများ၏ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများတွင် လုပ်ဖော်ကိုင်ဖက်များအနေဖြင့် စုပေါင်းပါဝင်ကူညီနိုင်ရေးအတွက် အဓိကရည်ရွယ်လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment