Friday, January 5, 2024

ရောဂါဗေဒ ရှေ့ပြေးခေတ် ရှာဖွေကုသ နယ်ပယ်အသစ်

 

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ(၂၀၂၄)ကို ဇန်နဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ဆေးတက္ကသိုလ်(၁) (ရန်ကုန်) လမ်းမတော်ဝင်း၌ ကျင်းပမည်ဖြစ်ပါသည်။

နှီးနှောဖလှယ်ပွဲမတိုင်မီ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဆေးတက္ကသိုလ်(၂) (ရန်ကုန်)၌ အကြို အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပမည်ဖြစ်ပါသည်။ ယခုနှီးနှောဖလှယ်ပွဲ၏ ဆောင်ပုဒ်မှာ “Pathology Updates in Theranostic Era” ဖြစ်ပါသည်။ အဆိုပါဆောင်ပုဒ်အား မည်သို့သောအဓိပ္ပာယ်ဖြင့် သတ်မှတ်ရသည်ကို မရှင်းလင်းမီ ဆေးသိပ္ပံ ပညာရပ်နှင့်တွဲလျက် ပေါ်ထွန်းလာခဲ့သော “Pathology” ဟု ခေါ်သည့် ရောဂါဗေဒပညာရပ်အကြောင်းကို ရှေးဦးစွာ တင်ပြလိုပါသည်။ Pathology ဘာသာရပ်ဆိုသည်မှာ ရောဂါတစ်ခုဖြစ်စေသော အကြောင်းရင်း၊ ရောဂါဇာစ်မြစ်၊ ရောဂါဆင့်ပွားလာပုံအဆင့်ဆင့်နှင့် နောက်ဆက်တွဲ ပြဿနာများကို ခန္ဓာကိုယ်တွင်းအင်္ဂါများ၊ အသားစနှင့် အရည်အမျိုးမျိုးတို့ကို ဓာတ်ခွဲခန်း၌ ခွဲခြမ်း စိတ်ဖြာလေ့လာသော ကျယ်ပြန့်နက်ရှိုင်းသည့် ဆေးပညာရပ်တစ်ခု ဖြစ်ပါသည်။

ရောဂါဗေဒပညာရပ်ကို တစ်ခေတ်ဆန်းစေခဲ့သည်မှာ နှစ်ပေါင်း ၄၀၀ ကျော်ကြာခဲ့ပြီ

ဆေးပညာဖခင်ကြီး ဂရိသမားတော် ဟစ်ပိုခရေးတီးက အစပြု၍ အဆင့်ဆင့်သော ပညာရှင် တို့သည် သေဆုံးသူ၏ရုပ်အလောင်းကို ခွဲစိတ်ပြီး သေဆုံးရခြင်းအကြောင်းရင်းကို ရှာဖွေခဲ့ကြပါသည်။ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ဆဲလ်တစ်ခုချင်းစီ၏ အသေးစိတ်အထိ တွေ့မြင်လေ့လာနိုင်ရန် အဆပေါင်းများစွာချဲ့ထွင်သော အလင်းသုံး အဏုကြည့်မှန်ဘီလူးကို အသုံးပြုပြီး ရောဂါဗေဒ ပညာရပ်ကို တစ်ခေတ်ဆန်းစေခဲ့သည်မှာ နှစ်ပေါင်း ၄၀၀ ကျော်ကြာခဲ့ပြီ ဖြစ်ပါသည်။

ထိုမှတစ်ဆင့် အေးခဲအသားဖြတ်စများကို လေ့လာသောပညာရပ် (Frozen Section Analysis)၊ အီလက်ထရွန်အရွယ်အစားအထိ ကြည့်ရှုနိုင်သော အဏုကြည့်မှန်ဘီလူး (Electron Microscope)၊ တုံ့ပြန်ဓာတ်ပြုဆိုးဆေးများ အသုံးပြု၍ ရောဂါ ရှာဖွေခြင်း (Immunohisto- chemistry)၊ သွေးဖြူဥ ကင်ဆာဆဲလ်များကို အမျိုးအစား ခွဲခြားစိတ်ဖြာ စစ်ဆေးခြင်း (Flow Cytometry)၊ မော်လီကျူးအဆင့် ရောဂါရှာဖွေသတ်မှတ်ခြင်း (Molecular Profiling)၊ မျိုးရိုးဗီဇဆိုင်ရာလေ့လာခြင်း (Cytogenetic) စသည်ဖြင့် ဆင့်ကဲတိုးတက်လာသည့် ရောဂါရှာဖွေရေး နည်းပညာအသစ်များမှ လူသားတိုင်း သက်ရှည်ကျန်းမာနေထိုင်လိုသည့် ဆန္ဒကောင်းများကို ဖြည့်ဆည်းပေးနိုင်လာကြပါသည်။

Chemical Pathology ဘာသာရပ်အနေဖြင့် ဟော်မုန်းနှင့် ပရိုတိန်းဓာတ်များ လွန်ကဲမြင့်တက် လာမှုကို စစ်ဆေးပြီး ကင်ဆာရောဂါများကို ကြိုတင် သိရှိနိုင်သည့် တိကျမှန်ကန်သော အဆင့်မြင့် Fully Automated Analyzer များ မပြတ်ပေါ်ထွက်လာ နေပြီဖြစ်သည့်အတွက် ကင်ဆာရောဂါများ အဆင့်မလွန်မီကတည်းက ကြိုတင်သိရှိ ကုသပေးနိုင်ပြီ ဖြစ်ပါသည်။

အရည်အသွေးပြည့်ပြီး အန္တရာယ်ကင်းသော သွေးသွင်းကုသမှု (Blood Transfusion Services) ပညာရပ်သည် အသက်ကယ်လုပ်ငန်းတစ်ခုထက် သာလွန်၍ ရောဂါရှာဖွေရေးအတွက်ပါ ကျယ်ပြန့်စွာ တိုးတက်နေပြီဖြစ်သည့်အတွက် စေတနာသွေးလှူရှင်တို့ လှူဒါန်းရာမှရရှိသော သွေးတစ်မျိုးတည်းမှ သွေးနီဥ၊ သွေးရည်ကြည်၊ သွေးဥမွှားနှင့် အနုစိတ်အဆင့်ဆင့် သွေးခဲပစ္စည်းများ ခွဲထုတ်ကာ မတူညီသော ဝေဒနာရှင်များစွာအတွက် တစ်ဦးချင်း လိုအပ်ချက်အတိုင်း ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ သွေးဆဲလ်များမှ ပင်မဆဲလ်နှင့် သွေးဖြူဥအတွင်းမှ ရောဂါတိုက်ထုတ်ပေးနိုင်သည့် ဆဲလ်များကို ဓာတ်ခွဲခန်းအတွင်း ပြင်ဆင်၍ ပြန်လည်ကုသပေး သည့် (CAR-T Therapy) စသည့် တိုးတက်ဆန်းပြားသော နည်းပညာများဖြင့် လှူဒါန်းသွေးကို အစွမ်းထက် ကုသပစ္စည်းများအဖြစ် အသွင်ပြောင်း ထုတ်လုပ်နေနိုင်ပြီ ဖြစ်ပါသည်။

Molecular Profiling နည်းပညာ

Molecular Profiling နည်းပညာဖြင့် ကင်ဆာရောဂါဆိုင်ရာမျိုးရိုးဗီဇနှင့် ဗီဇပြောင်းလဲမှုများကို ရှာဖွေပြီး ထိုတွေ့ရှိချက်ဖြင့် ဝေဒနာရှင်၏ ရောဂါအား တိုက်ရိုက်တိုက်ခိုက်နိုင်မည့် အထူးပြုဆေးဝါး များ အသုံးပြုကုသနိုင်ပြီဖြစ်၍ ကင်ဆာရောဂါများ ပျောက်ကင်းမှုနှုန်း၊ အသက်ရှင်မှုနှုန်းများ မြင့်မားလာကာ သက်တမ်းစေ့နီးပါး နေထိုင်လာနိုင်ကြပြီ ဖြစ်ပါသည်။ ရောဂါဗေဒပညာရှင်က အဆိုပါ Targeted Therapies ကုသမှုအစဉ်အတိုင်း ဝေဒနာရှင်တစ်ဦးချင်းစီအတွက် ကုထုံးစနစ်ကို ထိန်းကျောင်းပြုပြင်ပေးနိုင်လာပြီ ဖြစ်ပါသည်။

ခန္ဓာကိုယ်အစိတ်အပိုင်းများ အစားထိုး ကုသခြင်းဆိုင်ရာ ရောဂါဗေဒပညာရပ်ဖြစ်သည့် (Transplant Pathology) ဆိုသည်မှာ ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းသူနှင့် လက်ခံသူနှစ်ဦးကြား HLAs protein ဓာတ်များ ကိုက်ညီမှုရှိ၊ မရှိ အသေးစိတ်စစ်ဆေးရသော ပညာရပ်ဖြစ်သည့်အတွက် အောင်မြင်သော အစားထိုးကုသမှုရရှိနိုင်ရန် တိုက်ဆိုင်စစ်ဆေးပေးသော ရောဂါဗေဒပညာရှင်တို့၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးလှပါသည်။

ဖော်ပြခဲ့သော ရောဂါရှာဖွေရေးနည်းပညာ အသစ်များကြောင့် Pathology ၏ မူလအစ အဓိပ္ပာယ် ဖြစ်သော ရောဂါဖြစ်ပွားခြင်းနှင့် ဖြစ်တည်ပုံအဆင့်ဆင့်ကို ရှာဖွေခြင်းဟူသည့် “Diagnostic Pathology” အဆင့်ကိုကျော်လွန်ပြီး “Theranostic Pathology” ဟူသည့် နယ်ပယ်သစ်သို့ ရောက်ရှိနေ ပြီဖြစ်ပါသည်။ “Theranostic Pathology” ဟူသည်မှာ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဟူသည့် နယ်ပယ်နှစ်ခုကို ပေါင်းစပ်ထားသည့်အသွင်ဖြင့် လူနာတစ်ဦးချင်းစီအတွက် အနီးစပ်ဆုံးမှ အတိကျဆုံးအထိ ရောဂါပျောက်ကင်းဆေးဝါးများကို ဖော်ထုတ်နိုင်သော ရောဂါရှာဖွေလေ့လာရေး ပညာရပ်အသစ်ဖြစ်ပါသည်။

ယခုအခါ ကမ္ဘာနှင့်တစ်ဝန်း ရောဂါဗေဒပညာရှင်များသည် ဝေဒနာရှင်တို့ သက်ရှည်ကျန်းမာ‌ရေးကို ရှေးရှုကာ ပညာရှင်တစ်ဦးတစ်ယောက်တည်း၏ ထင်မြင်ယူဆချက်များထက် အခြားရောဂါဗေဒ ပညာရှင်တို့၏ အကြံဉာဏ်၊ ထင်မြင်ချက်တို့ကို အမြန်ရရှိပေါင်းစပ်နိုင်စေရေး၊ သင်ကြားရေးနှင့် သုတေသနနယ်ပယ် တိုးတက်ရေးတို့ကိုပါ ဦးတည်သည့် “Virtual Consultation” ဖြင့် အင်တာနက်မှတစ်ဆင့် တိုင်ပင်နှီးနှောသည့် “Tele-Pathology” ဟူသည့် ရောဂါရှာဖွေနည်းသစ်ကိုလည်း ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကတည်းက တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်ပါသည်။

ဉာဏ်ရည်တုနည်းပညာကို စတင်အသုံးပြု

ရောဂါရှာဖွေရေးပညာရပ်၌ ဉာဏ်ရည်တုနည်းပညာ “Artificial Intelligence” ကို စတင် အသုံးပြုလာခြင်းကြောင့် အသားစနှင့် အရည်အမျိုးမျိုးတို့ကို အဏုကြည့်မှန်ဘီလူးအောက်တွင် လေ့လာကြည့်ရှုရာ၌ ဓာတ်သဘောမပျက်စီးစေဘဲ ကောင်းမွန်သော ပုံရိပ်အရည်အသွေးရရှိစေရန် ပြင်ဆင်ထားသော မှန်ချပ်များကို ရောဂါဗေဒ ပညာရှင်တို့ကိုယ်တိုင် ဖတ်ရှုရန်မလိုအပ်ဘဲ အဆိုပါ မှန်ချပ်တစ်ခုလုံးအား ဒစ်ဂျစ်တယ်နည်းပညာဖြင့် အမြန်ဆုံးဖတ်ရှုပေးပြီး ရောဂါအမည်ကို အကြမ်းဖျင်း ကူညီဖော်ထုတ်ပေးနိုင်လာပြီဖြစ်ပါသည်။

ထိုအကူအညီသည် ရောဂါဗေဒပညာရှင်များနှင့် ဓာတ်ခွဲမှုဆိုင်ရာ နည်းပညာရှင်တို့အား အစားထိုးရန်မဟုတ်ဘဲ အချိန်နှင့် အလုပ်ဝန်ထုပ်ဖိစီးမှု သက်သာစေကာ နည်းစနစ်မှန် ရောဂါရှာဖွေရေး၌ အားဖြည့်ပံ့ပိုးခြင်းသာ ဖြစ်ပါသည်။

ထို့အပြင် AI နည်းပညာအကူအညီကြောင့် ရောဂါရှာဖွေရေးနယ်ပယ်အပြင် ရောဂါပြင်းထန်မှု ပမာဏခန့်မှန်းခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှု ရှာဖွေခြင်း၊ သုတေသနနှင့် ပညာရပ်ဆိုင်ရာ နယ်ပယ် ချဲ့ထွင်တိုးတက်လာစေခြင်း၊ ကင်ဆာရောဂါဆိုင်ရာ ဆေးဝါးအသစ်များ ရှာဖွေနိုင်ခြင်း စသည့် ကျန်းမာရေးနယ်ပယ်အသီးသီး၌ ဖွံ့ဖြိုးတိုးတက်မှုများ တွေ့ရှိလာရပါသည်။

 ဆေးလက်တွေ့ရောဂါဗေဒအဖွဲ့ကို ၁၉၈၄ ခုနှစ်တွင် စတင်ဖွဲ့စည်း

မြန်မာနိုင်ငံတွင် ဆေးပညာဘွဲ့ M.B.,B.S သင်တန်းကို ၁၉၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ၁၉၃၀ ပြည့်နှစ်တွင် ရောဂါဗေဒ(ပါမောက္ခ) တာဝန်ကို နိုင်ငံခြားသားဆရာဝန်ကြီးများဖြင့် တာဝန်ယူခဲ့ ကြပြီး ၁၉၅၆ ခုနှစ်တွင် ဒေါက်တာခင်မောင်ဝင်းက ပထမဆုံးသော မြန်မာနိုင်ငံသား ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးလက်တွေ့ရောဂါဗေဒအဖွဲ့ကို ၁၉၈၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် အထိ မြန်မာနိုင်ငံရောဂါဗေဒညီလာခံကို (၁၁)ကြိမ် မြောက်အထိ ကျင်းပနိုင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ရောဂါဗေဒပညာရှင်များ၏ ပညာရပ်ဆိုင်ရာစာတမ်းများ၊ လေ့လာမှုများနှင့် ဆွေးနွေးပွဲရလဒ်များမှသည် အနာဂတ်ပညာရပ်ဆိုင်ရာ တိုးတက်ရေး အခြေခံကောင်းများ ချမှတ်နိုင်ခဲ့ကြပါသည်။

ရောဂါဗေဒဒီပလိုမာသင်တန်းကို ၁၉၆၅ ခုနှစ်၊ ဆေးပညာမဟာသိပ္ပံ(ရောဂါဗေဒ) သင်တန်းကို ၁၉၉၁ ခုနှစ်မှ ယနေ့အထိ၊ ရောဂါဗေဒပါရဂူ (Ph.D) သင်တန်းကို ၁၉၉၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ၊ ဘာသာခွဲများအလိုက် ရောဂါဗေဒဆေးလက်တွေ့ ပါရဂူ (Doctorate) ဘွဲ့သင်တန်းကို ၂၀၂၀ ပြည့်နှစ်မှ ယနေ့အထိ ဖွင့်လှစ်နေပြီး ရောဂါဗေဒအထူးကု ဆရာဝန်များ စုစုပေါင်း ၈၈၇ ဦးအထိ ရှိနေပြီဖြစ်ကာ ပြည်တွင်း၊ ပြင်ပဆေးရုံကြီးများ၊ ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ၊ ဆေးသုတေသနဦးစီးဌာန၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်ဆေးရုံကြီးများနှင့် ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍအသီးသီးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

အစဉ်အလာကောင်းတစ်ခုအနေဖြင့် ရောဂါဗေဒဆရာဝန်များအဖွဲ့မှ နှစ်လလျှင်တစ်ကြိမ် ဝါရင့်ဆရာကြီး ဆရာမကြီးများ ဦးဆောင်ပြီး ရောဂါအမည်တပ်ရန် ခက်ခဲနက်နဲသော ပြဿနာများကို ပညာရှင်များက ဝိုင်းဝန်းဆွေးနွေးကြသည့် ဘွဲ့လွန်သင်တန်းသား သင်တန်းသူများအတွက် လေ့လာသင်ကြားနိုင်ရေးအစီအစဉ်ကိုလည်း ပုံမှန်ဆောင်ရွက်လျက် ရှိပါသည်။

ရောဂါရှာဖွေရေးအပြင် ကုသမှုရှုထောင့်ကပါ အပြည့်အဝပေးနိုင်စေရေး ရည်ရွယ်

ကျင်းပတော့မည့် နှီးနှောဖလှယ်ပွဲ၏ဆောင်ပုဒ် ဖြစ်သော “Pathology Updates in Theranostic Era”အား ရိုးရှင်းစွာဖြင့် “ရောဂါဗေဒ ရှေ့ပြေးခေတ် ရှာဖွေကုသ နယ်ပယ်အသစ် ဟု အဓိပ္ပာယ် ဖွင့်ဆိုလိုပြီး ဆိုခဲ့ပြီးသောရာစုနှစ်၊ ဆယ်စုနှစ်အတွင်း တစ်ဟုန်ထိုး တိုးတက်လာသည့် နည်းပညာအသစ်များဖြင့် ပြည်သူလူထုအား အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု (Quality Healthcare)ကို ရောဂါရှာဖွေရေးအပြင် ကုသမှုရှုထောင့်ကပါ အပြည့်အဝပေးနိုင်စေရေး ရည်ရွယ်ချက်ဖြင့် နှီးနှောဖလှယ်ပွဲကို ကျင်းပမည်ဖြစ်ပါသည်။

နှီးနှောဖလှယ်ပွဲမတိုင်မီ အကြိုအလုပ်ရုံ ဆွေးနွေးပွဲ၌ Immunohistochemistry Technique (တုံ့ပြန်ဓာတ်ပြုဆိုးဆေးများ အသုံးပြု၍ ရောဂါ ရှာဖွေခြင်းနည်းပညာ)ကို ရောဂါဗေဒဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာရှင်များအား စင်ကာပူနိုင်ငံမှ ရောဂါဗေဒဆရာဝန်ကြီး အပါအဝင် ပြည်တွင်းပညာရှင်များက လက်တွေ့သင်ကြား ပြသပေးမည်ဖြစ်ရာ ရလဒ်ကောင်းအနေဖြင့် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးမည့် အဆင့်မြင့် ဓာတ်ခွဲဆေးပစ္စည်းများကို အကျိုးရှိစွာအသုံးချပြီး ဝေဒနာရှင်တို့အတွက် တိကျမှန်ကန်သော ရောဂါအမည်ကို ဖော်ထုတ်ပေးနိုင်မည် ဖြစ်ပါသည်။

နှီးနှောဖလှယ်ပွဲ နှစ်ရက်တွင်လည်း ရောဂါဗေဒဘာသာရပ်၏ ပင်မဒေါက်တိုင်ဖြစ်သည့် အသားမျှင်ဗေဒ၊ သွေးရောဂါဗေဒ၊ ဓာတုရောဂါဗေဒနှင့် လုံခြုံစိတ်ချရသော သွေးသွင်းကုသမှုဆိုင်ရာ ဘာသာရပ်တို့၏ နောက်ဆုံးပေါ်နည်းပညာရပ်များ၊ Tele-Pathology & Artificial Intelligence in Pathology ကဏ္ဍများ တိုးတက်စေရေးတို့ကို ပြည်တွင်းမှ ရောဂါဗေဒပညာရှင်များ၊ ရုရှားနှင့် ဂျပန်နိုင်ငံတို့မှ ပညာရှင်များက တင်ပြကြမည့်အပြင် ရောဂါအဖြေရှာရခက်သည့် ကိစ္စရပ်များကို မည်ကဲ့သို့ ထုတ်ဖော်ဖြေရှင်းနိုင်သည်ဆိုသည့် ဆွေးနွေးချက်များအား တိုက်ရိုက်တင်ပြချက်များ၊ ပိုစတာ တင်ပြချက်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပမည် ဖြစ်ပါသည်။

ထို့အပြင် အတွေ့အကြုံရှိ ဝါရင့်ရောဂါဗေဒ ပညာရှင်ကြီးများက ပို့ချမည့် Key Notes များသည် ရောဂါဗေဒဆရာဝန်ငယ်များအတွက် ကိုင်စွဲရမည့် လုပ်ငန်းလမ်းညွှန်သဖွယ် နာယူမှတ်သားခွင့် ရရှိမည်ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော အမျိုးသားအဆင့် ကျန်းမာရေးညီလာခံနှင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၏ ဘုံရည်မှန်းချက်မှာ ကမ္ဘာတစ်ဝန်း တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက် နေသည့်ဆေးပညာရပ်ဆိုင်ရာနည်းနာသစ်များကို မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အသီးသီး၌ တာဝန်ယူဆောင်ရွက်ပေးနေသည့် ပညာရှင်အသီးသီးတို့ လက်လှမ်းမီသိရှိပြီး ပြည်သူလူထုတိုင်း သက်ရှည်ကျန်းမာ သက်တမ်းစေ့နေနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ရောဂါရှာဖွေရေးနယ်ပယ် သာမက ကုထုံးဖော်စပ်သည့် နယ်ပယ်အထိပါ ကျယ်ဝန်းလှသည့် ပြောင်းလဲတိုးတက်နေသည့် ရောဂါဗေဒနည်းပညာအသစ်များကို ဆွေးနွေး ကြားနာရမည့် မြန်မာနိုင်ငံရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၄) သည် ကုသရေး၊ သင်ကြားရေးနှင့် သုတေသနနယ်ပယ်များ၌ တာဝန်ထမ်းဆောင်နေကြသည့် ရောဂါဗေဒ ဆရာဝန်ကြီး/ဆရာဝန်ငယ်များအတွက် ပညာတန်ဖိုးကြီးမားလှသည့်အပြင် မြန်မာနိုင်ငံ ပြည်သူလူထုတစ်ရပ်လုံးအတွက် ကောင်းကျိုးဖော်ဆောင်ပေးနိုင်မည့် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပမည့် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။     

ကျမ်းကိုးစာရင်း

https://www.mohs.gov.mm

http://um1yangon.edu.mm

https://www.sciencedirect.com

ပါမောက္ခ ဒေါက်တာဌေးဌေးတင်

No comments:

Post a Comment