Friday, January 5, 2024

ဒုတိယဝန်ကြီး ဦးရဲတင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပွဲများ လာရောက်ကြည့်ရှုအားပေး

 


နေပြည်တော်  ဇန်နဝါရီ  

၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များတွင် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူလူထုများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ကြည့်ရှုအားပေး

နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပွဲများကို ဝဏ္ဏသိဒ္ဓိရပ်ကွက် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့်အတူ အလျားခုန်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ၊ သံပရာသီး ဇွန်းကိုက်ပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲ၊ မိတ်ကပ်ပြင်ပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲ၊ ကျောကုန်းထောက်ခုန်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ရွှေစွန်ညိုပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စက်ဘီးအနှေးစီးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ စသည့်ပြိုင်ပွဲများတွင် အားကစားနည်းအလိုက်အစုအဖွဲ့အလိုက်၊ အသင်းအဖွဲ့အလိုက် ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လွန်ဆွဲပြိုင်ပွဲ၊ သံပရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲတို့တွင် ဆုများရရှိကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာမများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အားကစားနည်းအလိုက် ဆုများရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဂုဏ်ပြုဆုများချီးမြှင့်

အလားတူ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်များအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်အသီးသီးတွင်လည်း အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ ပါဝင်ယှဉ်ပြိုင်ကြကာ အားကစားနည်းအလိုက် ဆုရရှိကြသူများကို ပညာရေးမှူးများနှင့် ကျောင်းအုပ် ဆရာ ဆရာမကြီးများ၊ သက်ဆိုင်ရာ ဆရာ ဆရာမများနှင့် ရပ်ကွက်အလိုက် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment