Friday, January 5, 2024

မြန်မာ့နိုင်ငံရေးအပေါ် အမြတ်ထုတ်ဖို့ ကြိုးစားတာလား . . .

 ကိုပြည်

ဘင်္ဂါလီအရေးအပါအဝင် မြန်မာ့ပြည်တွင်းရေးပြဿနာတချို့ကို အကြောင်းပြပြီး မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံတွေ၊ အထူးသဖြင့် အာဆီယံနိုင်ငံတွေက အထင်အမြင်လွဲမှားအောင်ပြောဆိုခဲ့တဲ့ အင်ဒိုနီးရှား အောက်လွှတ်တော်ရဲ့ ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုတိယဥက္ကဋ္ဌ အာမတ်ဟာဖစ်တိုဟီ (Achmad Hafisz Thohir) ရဲ့ပြောကြားချက်တွေကို ASIATODAY.ID သတင်းဝက်ဘ်ဆိုက်တစ်ခုမှာ ဖတ်လိုက်ရပါတယ်။

တည့်တည့်ပြောရရင် သူ့ရဲ့တိုက်တွန်းချက်တွေဟာ မြန်မာနိုင်ငံကို နိုင်ငံတကာအစည်းအဝေးတွေကနေ အထီးကျန်ထားဖို့၊ လက်နက်ရောင်းချမှုနဲ့ စီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့၊ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်သူတွေကို ပြည်ဝင်ဗီဇာပိတ်ပင်တာတွေလုပ်ဖို့ဆိုတဲ့ အချက်တွေကို တိုက်တွန်းထားတာတွေ့ရပါတယ်။ လက်ရှိမြန်မာအစိုးရအနေနဲ့ ဘင်္ဂါလီအရေးကို အာရုံစိုက်မှုမရှိဘူးလို့လည်း ဒီဇင်ဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ သူ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။ ဒါ့အပြင် အခုလိုလျစ်လျူရှုမှုဟာ ဘင်္ဂါလီလူမျိုးတွေရဲ့ ကံကြမ္မာကို ပိုဆိုးလာစေပြီး ဒီလိုဖြစ်ရတာဟာ မြန်မာအစိုးရတာဝန်ရှိသူတွေက ဘာတာဝန်ယူမှုမှမရှိသလို ဘင်္ဂါလီတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကိုလည်း ဆက်ပြီးလျစ်လျူရှုထားတယ်လို့လည်း ဆိုပြန်ပါတယ်။ အဲဒီစကားတွေဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဝေဖန်လေ့ရှိသူတချို့ ပြောနေကျစကားတွေဖြစ်လို့ ဆီသည်မလက်သုတ်လို သိပ်တော့လည်း မထူးဆန်းဘူးလို့ ဆိုရမှာပါ။

အာမတ်ဟာဖစ်တိုဟီက ဘာကြောင့် ဒီလိုပြောတာလဲဆိုတာ စဉ်းစားကြည့်တော့ ဒီဇင်ဘာလ ပထမပတ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ စက်လှေတွေနဲ့ ပင်လယ်ကိုဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံကိုရောက်လာတဲ့ ဘင်္ဂါလီတွေကို လက်မခံနိုင်တာကြောင့် ဒေသခံအင်ဒိုနီးရှားနိုင်ငံသားတစ်ရာကျော်က ဆန္ဒပြကြတဲ့အပေါ် နိုင်ငံရေးအမြတ်ထုတ်လိုတာကြောင့် ဖြစ်မယ်လို့ သုံးသပ်ရပါတယ်။

ဘယ်သူတွေက လူနည်းစုလဲ

အာမတ်ဟာဖစ်တိုဟီရဲ့ မူရင်းပြောဆိုချက်မှာ ရိုဟင်ဂျာလို့ ဖော်ပြထားပါတယ်။ ပထမဆုံးသိဖို့လိုတာက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုး မရှိဘူးဆိုတာပါပဲ။ ဒီလိုဘာကြောင့် ပြောရသလဲဆိုရင် အင်မတန်မှ စည်းစနစ်ကြီးလှပါတယ်ဆိုတဲ့ နေမဝင်အင်ပါယာ ထူထောင်ခဲ့ကြတဲ့ နယ်ချဲ့ဗြိတိသျှတွေကိုယ်တိုင်ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာတောင် ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်မပါပါဘူး။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုးမရှိဘူးဆိုတဲ့ မူဝါဒဟာ မြန်မာအစိုးရအဆက်ဆက်ကိုင်စွဲလာခဲ့တာ ဖြစ်ပါတယ်။ အာမတ်ဟာဖစ်တိုဟီ အပါအဝင် မြန်မာနိုင်ငံအကြောင်း ခြေခြေမြစ်မြစ်မသိဘဲ မြန်မာအစိုးရကို ဝေဖန်လေ့ရှိတဲ့သူတွေ မကြာခဏပြောလေ့ရှိတဲ့စကားက ဘင်္ဂါလီတွေကို လူနည်းစုလို့ ဆိုကြပါတယ်။ ဘူးသီးတောင်၊ မောင်တောသွားကြည့်ရင် ဘင်္ဂါလီကလူများစုဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ဒေသခံတွေကတောင် လူနည်းစုလိုဖြစ်နေပါတယ်။ သူပြောသလို လူမျိုးတုံးသတ်ဖြတ်မှုသာရှိရင် အဲဒီလောက် လူဦးရေများလာပါ့မလားဆိုတာ လောဂျစ်နည်းကျကျ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ သမိုင်းမသိ၊ မြေပြင်မကြည့်ဘဲပြောနေတော့ အခြေအနေမှန်တွေနဲ့ ကင်းကွာသွားတာ ဖြစ်ပါတယ်။

အမြတ်မထုတ်နဲ့

လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲခဲ့တာပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက ဖြစ်ပါတယ်။ နိုင်ငံကို တရားစွဲတာဖြစ်လို့ ဘယ်အစိုးရတက်တက် ဖြေရှင်းရမှာဖြစ်ပါတယ်။ လက်ရှိမြန်မာအစိုးရကလည်း ဒီအမှုကို ဥပဒေကြောင်းအတိုင်း စနစ်တကျရင်ဆိုင်ဖြေရှင်းနေတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ဖက်နိုင်ငံကို ရောက်ရှိသွားတဲ့ ဘင်္ဂါလီလူမျိုးတွေကိုလည်း စိစစ်လက်ခံဖို့ ကြိုဆိုရေးစခန်းတွေနဲ့ စနစ်တကျပြင်ဆင်ထားသလို တစ်ဖက်နိုင်ငံနဲ့လည်း အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့၊ ပြုလုပ်နေဆဲလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်များကို မြန်မာနိုင်ငံ၏ဥပဒေအရ ပြန်လည်စိစစ်လက်ခံပေးသွားမည်ဖြစ်ပြီး ဥပဒေအရ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတကာမှတစ်ဆင့် တောင်းဆို၍ လုပ်ဆောင်ခြင်းကို လက်ခံနိုင်ခြင်းမရှိပါ။ မိမိတို့အနေဖြင့် ဘင်္ဂါလီများကို လုံးဝလက်ခံနိုင်ခြင်းမရှိဟု ပြောကြားနေခြင်းမဟုတ်ဘဲ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်ခဲ့သည့်အထောက် အထားပြသနိုင်မည်ဆိုလျှင် လက်ခံပေးသွားမည်ဖြစ်ကြောင်း” (၁၇-၈-၂၀၂၂)ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့စဉ်မှာလည်း ပြောကြားထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဖက်နိုင်ငံရဲ့ ဒုက္ခသည်စခန်း ဆိုတဲ့အထဲမှာ အကြမ်းဖက်သမားတွေက စိမ့်ဝင်ပြီး မြန်မာနိုင်ငံဘက်ပြန်လိုကြတဲ့ ဘင်္ဂါလီတွေကို အမျိုးမျိုးခြိမ်းခြောက်နှောင့်ယှက်နေကြတာကြောင့် စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့တာဖြစ်ပါတယ်။ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စဟာ နှစ်နိုင်ငံအကြား ဖြေရှင်းဆောင်ရွက်သွားရမယ့် ကိစ္စရပ်သာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိမ်နီးချင်းကောင်းပီသစွာ ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုလိုဖိအားပေးသလိုလို၊ ခြိမ်းခြောက်သလိုလို ပြောတာတွေဟာ တကယ့်လက်တွေ့မှာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

ဘင်္ဂါလီတွေဟာ နိုင်ငံသားမဟုတ်လို့၊ တိုင်းရင်းသားမဟုတ်လို့ ခွဲခြားဆက်ဆံမှုရှိသလားမေးရင် မရှိပါဘူးလို့ပဲ လိုတိုရှင်းဖြေရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားဆိုတာ ဖန်တီးယူလို့ရတဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။ နိုင်ငံသားဆိုတာကတော့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာလည်း နိုင်ငံသားဖြစ်ဖို့ဆိုတာ လွယ်လွယ်နဲ့ ရတတ်တာမျိုးမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာလည်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ဆိုတာရှိပြီးဖြစ်ပါတယ်။ ဒီဥပဒေမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားဆိုပြီး ဖော်ပြထားတာရှိပါတယ်။ ဘင်္ဂါလီတွေထဲကလည်း သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေဟာ နိုင်ငံသားပြုခွင့်ရနိုင်တာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ရခိုင်ပြည်နယ်မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့ပါတယ်။ ကြိုတင်ပြင်ဆင်မှုကောင်းတဲ့အတွက် အသေအပျောက်နည်းခဲ့ပေမယ့် အပျက်အစီးကတော့များပါတယ်။ ဒီအတွက်လည်း မြန်မာအစိုးရက တိုင်းရင်းသားရယ်၊ ဘင်္ဂါလီရယ် ခွဲခြားမှုမရှိဘဲ တစ်ပြေးညီထောက်ပံ့ကူညီခဲ့တာဖြစ်ပါတယ်။ ထိခိုက်ခံရသူအားလုံးရဲ့ ပြန်လည်ထူထောင်ရေးအတွက် တပ်မတော်အရာရှိကြီးများ ကိုယ်တိုင်အနီးကပ်ကွပ်ကဲပြီး အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတိုင်းမှာတော့ ပြဿနာတွေဟာ အနည်းနဲ့အများသာကွာမယ်၊ ပုံစံအမျိုးမျိုးနဲ့တော့ ရှိနေကြတာပါပဲ။ ဒါဟာ ပြည်တွင်းရေးကိစ္စတွေဖြစ်လို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဝင်ရောက်စွက်ဖက်ဖို့ မသင့်ပါဘူး။ ဒါကြောင့်လည်း ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းမှာရော၊ အာဆီယံရဲ့ပဋိညာဉ်မှာပါ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရဘူးလို့ အတိအလင်းဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါမျိုးတွေ ဖြစ်လာနိုင်တာကြောင့် ပဋိညာဉ်ရေးဆွဲသူတွေက အမြော်အမြင်ရှိရှိ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း နိုင်ငံတိုင်းဟာ ပဋိပက္ခနွံထဲကနေ ထွက်လာခဲ့ကြတဲ့ နိုင်ငံတွေပါပဲ။ တစ်နိုင်ငံချင်းစီအလိုက် ကျင့်သုံးတဲ့စနစ်တွေကလည်း မတူကြပါဘူး။ ဒါကြောင့် မတူညီတဲ့စနစ်တွေရှိတဲ့နိုင်ငံတွေ၊ မတူညီတဲ့ပဋိပက္ခတွေရှိတဲ့ နိုင်ငံတွေကြားမှာ အာဆီယံဆိုတဲ့ အသိုက်အဝန်းအောက်ကနေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုရင် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အာဆီယံပဋိညာဉ်ကို ချိုးဖောက်ပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို အာဆီယံအနေနဲ့ ဘယ်လိုအရေးယူပါဆိုပြီး တိုက်တွန်းတာမျိုးဟာ နောင်မှာကိုးကားစရာဖြစ်လာပြီး အာဆီယံအသင်းမှာ သွေးကွဲစရာတွေ ဖြစ်လာပါလိမ့်မယ်။

အင်ဒိုနီးရှား အောက်လွှတ်တော်ရဲ့ ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုဥက္ကဋ္ဌဖြစ်တဲ့ အာမတ်ဟာဖစ်တိုဟီဟာ ဒါတွေကို နားလည်ပြီးသား၊ အရည်ကျိုသောက်ထားပြီးသားသူ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အာဆီယံပဋိညာဉ်ကို မျက်ကွယ်ပြုပြီး ပြည်တွင်းနိုင်ငံရေးမှာ အာရုံစိုက်ခံလိုမှု၊ တစ်ကိုယ်ရေထင်ပေါ်လိုမှုနဲ့ မြန်မာကို ခေါင်းစဉ်လာတပ်လိုက်တာလို့ပဲ ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဆိုရင်ပဲ အင်ဒိုနီးရှားအထွေထွေရွေးကောက်ပွဲလည်း ကျင်းပတော့မှာဖြစ်တဲ့အတွက် ဘင်္ဂါလီကိစ္စနဲ့ အချိန်ကိုက်မဲဆွယ်စည်းရုံးပြီး အမြတ်ထုတ်လိုက်ခြင်းသာဖြစ်မယ်လို့ ယူဆပါတယ်။ မြန်မာ့နိုင်ငံရေးအပေါ် ဝင်ရောက်စွက်ဖက်ပြီး အမြတ်မထုတ်ဖို့ သတိပေးလိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ Maluku ကျွန်းမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်လောက်အထိ မွတ်ဆလင်− ခရစ်ယာန်ဘာသာနှစ်ခုကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ကြဖူးပါတယ်။ အဲဒီပဋိပက္ခကြောင့် ပြည်သူတစ်ထောင်ဝန်းကျင် သေဆုံးခဲ့ပြီးတော့ တစ်သောင်းဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ဖူးတယ်ဆိုတာ အာမတ်ဟာဖစ်တိုဟီတစ်ယောက် မမေ့လောက်သေးဘူးလို့ ထင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာမွတ်ဆလင်ဘာသာဝင် အများစုနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလိုပဋိပက္ခဖြစ်တဲ့အချိန်မှာ မွတ်ဆလင်ဘာသာဝင်အများစုနဲ့ ခရစ်ယာန်ဘာသာဝင် အနည်းစုရှိတဲ့ အသိုက်အဝန်းကြား ပဋိပက္ခမဖြစ်အောင် မတားဆီးနိုင်ဘူးလား၊ အင်ဒိုနီးရှားတာဝန်ရှိသူတွေ ဒီအပေါ်အာရုံစိုက်မှုမရှိဘူး၊ အင်ဒိုနီးရှားအစိုးရက ဒီကိစ္စကို မျက်ကွယ်ပြုထားလား၊ အင်ဒိုနီးရှားအစိုးရကို အာဆီယံအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေပြီဆိုပြီးတော့ အာဆီယံနိုင်ငံတစ်နိုင်ငံကဖြစ်စေ၊ ခရစ်ယာန်ဘာသာဝင်အများစု ရှိတဲ့နိုင်ငံကဖြစ်စေ တိုက်တွန်းခဲ့ရင် အာမတ်ဟာဖစ်တိုဟီ ဘယ်လိုတုံ့ပြန်မှာလဲ။ အဲဒီအချိန်က အာဆီယံနိုင်ငံထဲကရော၊ အခြားပြင်ပနိုင်ငံတွေကပါ အာမတ်ဟာဖစ်တိုဟီရဲ့ မြန်မာအစိုးရအပေါ် ပြောသလိုမျိုးပြောတာ မတွေ့ခဲ့ရပါဘူး။

မြန်မာအစိုးရအဆက်ဆက်ကတော့ ကိုယ်ပါဝင်တဲ့ အဖွဲ့အစည်းတိုင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် တစ်စုံတစ်ရာဝေဖန်တာမျိုး မရှိခဲ့ပါဘူး။ ယခုလည်း မရှိသလို နောင်လည်းရှိလာမှာ မဟုတ်ပါဘူး။ ဒီလိုပြောလို့ မြန်မာအစိုးရအနေနဲ့ အထိမခံရွှေပန်းကန်လို မဟုတ်ပါဘူး။ မဝေဖန်ရဘူး မဟုတ်ပါဘူး။ ပြဿနာတစ်ရပ်ကို ပိုပြီးကြီးထွားလာအောင် လှုံ့ဆော်ပေးတာမျိုးထက် အပြုသဘော ဝေဖန်ထောက်ပြ တာမျိုး ဖြစ်ဖို့လိုပါတယ်။ ပြဿနာတစ်ရပ်ပြေလည်ရေးကို ဦးတည်တဲ့ အပြုသဘော ဝေဖန်ထောက်ပြတာမျိုးကို ကြိုဆိုပါတယ်။ ဒီလိုမဟုတ်ဘဲ ငယ်တဲ့အမှုကြီးအောင်၊ ကြီးတဲ့အမှုရှင်းမရအောင် လှုံ့ဆော်တဲ့ဝေဖန်မှုမျိုး၊ အာဆီယံပဋိညာဉ်ကိုကျော်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ ဝေဖန်မှုမျိုးကိုတော့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။

အာမတ်ဟာဖစ်တိုဟီအနေနဲ့ ဆန္ဒရှိရင် မြန်မာနိုင်ငံကို လာလည်လို့ရပါတယ်။ တစ်ဖက်နိုင်ငံကို ရောက်ရှိသွားတဲ့ ဘင်္ဂါလီတွေ နေရပ်ပြန်ရေးအတွက် ဘယ်လိုပြင်ဆင်ထားတယ်ဆိုတာသိချင်ရင် မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးလို့ရပါတယ်။ အပြုသဘောအကြံပေးလို့ ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ မျက်မမြင်ပုဏ္ဏားခြောက်ယောက်ဆင်စမ်းသလို ကိုယ်သိတာလေးနဲ့ ကိုယ်ထင်ရာ ပြောနေရင်တော့ ဖြစ်ရပ်မှန်နဲ့ ဝေးနေဦးမှာဖြစ်ပါတယ်။ အာမတ်ဟာဖစ်တိုဟီကို ပြောချင်တာက သမိုင်းကိုသိ၊ မြေပြင်ကိုကြည့်ပြီးမှ ဝေဖန်ရေးလုပ်ပါဆိုတာပါပဲ။ ဒီလိုမဟုတ်ဘဲ ပြည်တွင်းနိုင်ငံရေးအမြတ်ထုတ်လိုတာ တစ်ခုတည်းနဲ့ အာဆီယံရဲ့ပဋိညာဉ်ကို ချိုးဖောက်တာမျိုးမဖြစ်ရလေအောင် သတိပြုသင့်ပါတယ်။ ဆိုလိုရင်းပြောရရင် မြန်မာ့နိုင်ငံရေးကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေတာလားလို့ ရွေးကောက်ပွဲအကြို စစ်တမ်းထုတ်ပြီး မေးလိုက်ချင်ပါတယ်။ ။

No comments:

Post a Comment