Monday, January 1, 2024

ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်) ၏ ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်သို့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးပြောင်းတဲ့ အချိန်အခါမှာ ကမ္ဘာသူ ကမ္ဘာသား၊ နိုင်ငံသူ နိုင်ငံသားအားလုံး ဆရာတော်က ဆုတောင်းမေတ္တာများ ပို့သပါတယ်။ ကိုယ်စီကိုယ်င ကိုယ့်ဒေသ၌ ပျော်ကြစံရာ သတ္တဝါ ဟူသမျှတို့သည် အိပ်မက်ရာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေကုန်သတည်း။ မင်္ဂလာ ကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်ရာ ကောင်းစွာမိုးသောက်အလင်းရောက်၍ ထမြောက်နိုးကြားနိုင်ကြပါစေကုန်သတည်း။ မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို သူတော်လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။ ကောင်းရာဖြည့် အလောင်းအလျာသိ ကောင်းရာဖြစ် သုံးဖြာဆယ်လီ ပါရမီအပေါင်းအကျင့်ကောင်းကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် မလင့်ပုံသွေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ပြောင်းလဲတဲ့အခါမှာ အားလုံးသော သတ္တဝါတွေ၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ခုနစ်ရက်သားသမီးအပေါင်းတို့ ကောင်းမွန်စွာ အိပ်စက်နိုင်ပြီး ကောင်းမွန်စွာနိုးကြားနိုင်ကြပါစေ။ အပါယ်ကို ရောက်စေနိုင်တဲ့ ဒုစရိုက်တရားများကိုလည်း ပယ်ခွာပြီးတော့ သုဂတိနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ ပစ္စုပ္ပန်သံသရာနှစ်ဖြာကို ချမ်းသာစေနိုင်တဲ့ သူတော်ကောင်းတရားတွေ မြဲကြပါစေ။ ကောင်း သောနက္ခတ်၊ ကောင်းသောမင်္ဂလာ၊ ကောင်းသောအချိန်အခါနဲ့လည်း အမြဲတမ်းဆုံစည်းနိုင်ကြပါစေ။ အားလုံးသော သတ္တဝါတိုင်းမှာ ကောင်းတဲ့ကံ၊ မကောင်းတဲ့ကံ ရှိကြပါတယ်။ ကောင်းတဲ့ကံဟာ ကောင်းတဲ့အကျိုးကိုပေးလို့၊ မကောင်းတဲ့ကံဟာလည်း မကောင်းတဲ့အကျိုးကို ပေးတတ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာသူကမ္ဘာသားအပေါင်း၊ နိုင်ငံသူနိုင်ငံ သားအပေါင်း မိမိတို့ပိုင်ဆိုင်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံမှာ မကောင်းသောအရာများ မကျူးလွန်စေဘဲ နေ့စဉ်နေ့တိုင်း ကောင်းတဲ့ကိုယ်အမူအရာ၊ ကောင်းတဲ့ကာယကံ၊ ကောင်းတဲ့ဝစီကံ၊ ကောင်းတဲ့မနောကံတွေနဲ့ မိုးလင်းကြပါစေ၊ မိုးချုပ်ကြပါစေ။ ကောင်းသောအချိန်များ ဖြစ်ကြပါစေလို့ မြန်မာ နိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ယနေ့နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်တဲ့အခါမှာ ကောင်းကျိုးချမ်းသာ များစွာရရှိကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ-ကနူး

No comments:

Post a Comment