ယနေ့ဟာ တစ်ကမ္ဘာလုံး အများသုံးဖြစ်တဲ့ ခရစ်နှစ် ၂၀၂၄ ခုနှစ်ရဲ့ နှစ်ဦးအစ နှစ်သစ်မင်္ဂလာအခါသမယနေ့ ဖြစ်ပါတယ်။ ယခု ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယမှစ၍ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူပြည်သူများအပါအဝင် အားလုံးကမ္ဘာသူ ကမ္ဘာသားများ ကျန်းမာချမ်းသာဘေးရန်ကွာပြီးတော့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နှစ်သစ်ဖြစ်ပါစေ။
လွန်ခဲ့တဲ့နှစ်ဟောင်းက မကောင်းတဲ့ အတွေ့အကြုံတွေ၊ ပျက်စီးချို့ယွင်းမှုတွေကို အတိတ်မှာပဲထားခဲ့ပြီး ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ အခါတော်သမယကစပြီး အားလုံးအကောင်းဆုံး စိတ်ထားဖြစ်တဲ့ မနောကံ၊ အပြောအဆိုဖြစ်တဲ့ ဝစီကံ၊ အလုပ်အကိုင်ဖြစ်တဲ့ ကာယကံတွေ အကောင်းဆုံးဖြစ်အောင် ပြောင်းဖို့လိုနေပြီ။ ပြောင်းတဲ့အခါမှာ သူတော်သူမြတ်တွေရဲ့ စိတ်ထားဖြစ်တဲ့ သို့မဟုတ် မွန်မြတ်တဲ့စိတ်ထားများဖြစ်တဲ့ တစ်ဦးရဲ့အကျိုးမကောင်းကျိုးပျောက် ကောင်းကျိုးရောက်စေလိုတဲ့ ကောင်းကျိုးကို လိုလားတဲ့မေတ္တာ၊ ဆင်းရဲဒုက္ခရောက်တဲ့သူတွေ သနားငဲ့ညှာကူညီဖေးမလိုတဲ့ ကရုဏာတရား၊ ကိုယ့်ထက်သာတဲ့ သူတွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုနိုင်တဲ့ မုဒိတာတရား၊ တစ်ဖက်သားရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ခွင့်လွှတ်နိုင်တဲ့ ဥပေက္ခာဆိုတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားလက်ကိုင်ထားရင် တစ်ကမ္ဘာလုံးဟာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေမှာပဲ။ မင်္ဂလာတရားကတော့ ဒီမှာလည်းပဲ တစ်ဦးနဲ့တစ်ဦး ကောင်းကျိုးလိုလားတဲ့ စိတ်ထားတွေထားဖို့၊ မင်္ဂလာတရားတွေထားဖို့၊ မင်္ဂလာကဗျာ ဆရာပြောခဲ့တဲ့အတိုင်း (၃၈)ဖြာ မင်္ဂလာတရားတို့ ပျက်ပြားနေကြ ကမ္ဘာမြေ၊ ဟိုတိုင်းသည်ပြည်ရန်စစ်ခင်းလို့ လူနှင့်လူချင်းသတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့ စွမ်းနိုင်ရာက ကူညီသလေ၊ (၃၈)ဖြာ မင်္ဂလာတရားရေးသားဖြန့်ကာဝေဆိုတဲ့ ဒီလိုရေးခဲ့တဲ့ ကဗျာလေးဟာလည်း (၃၈)ဖြာ မင်္ဂလာတရားတွေ၊ မကောင်းတဲ့စိတ်ဓာတ်တွေ၊ မကောင်းတဲ့လုပ်ရပ်တွေ၊ မကောင်းတဲ့ပုဂ္ဂိုလ်တွေကို ရှောင်ရှားစေလိုတဲ့ အသေဝနာစ ဗာလာနံ စတဲ့မင်္ဂလာတရားတွေကို လိုက်နာခြင်းဟာလည်း ကမ္ဘာကြီးငြိမ်းချမ်းကြောင်းဖြစ်တယ်။
ခုနက မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ပတ်သက်ပြီး မစိုးရိမ်ပဋ္ဌာန်း ဆရာတော်ကြီးရဲ့ ကဗျာလေးတစ်ပုဒ်၊ အခုပတ်ဝန်းကျင်မှာလည်း အမြဲတမ်းဖွင့်နေတယ်။ လောကမှာ အားလုံးခြုံလိုက်ရင် လူတန်းစား (၃)မျိုးရှိတယ်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည်ဖြင့် အဘက်ဘက်က ကိုယ်နဲ့တန်းတူပုဂ္ဂိုလ်တွေရှိတယ်။ ကိုယ့်ထက်နိမ့်ကျတဲ့ လူတန်းစားမျိုးလည်းရှိတယ်။ ကိုယ့်ထက်သာလွန်တဲ့ လူတန်းစားမျိုးလည်းရှိတယ်။ လူတန်းစား (၃)မျိုးမှာ ကိုယ်နဲ့တန်းတူ လူတန်းစားမျိုးတွေ့ရင် တစ်ဦးရဲ့အကျိုး တစ်ဦးလိုလားတဲ့ မေတ္တာထားဖို့ လိုအပ်တယ်။
မေတ္တာမထားနိုင်ရင် အချင်းချင်းပြိုင်ဆိုင်တတ်တဲ့ အဖြစ်ကို ရောက်သွားတတ်တယ်။ ဒါကို ပဋ္ဌာန်းဆရာတော်ကြီးက တန်းတူတွေ့ရင် မေတ္တာဝင်မဝင်နိုင်က ပြိုင်တတ်သည်၊ ပြိုင်မည့်အစားမေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့မည်။ ကိုယ်နဲ့စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်က တန်းတူအဆင့်အတန်းတွေဆိုရင် တစ်ဦးရဲ့အကျိုးတစ်ဦးလိုလားတဲ့ မေတ္တာထားရမယ်။ ကိုယ့်ထက်နိမ့်ကျတဲ့ ပုဂ္ဂိုလ်တွေ၊ အားနည်းတဲ့ပုဂ္ဂိုလ်တွေကို ကူညီဖေးမပေးလိုတဲ့ ကရုဏာစိတ်ထားရမယ်။ အဲဒီလိုသနားငဲ့ညှာကူညီဖေးမလိုတဲ့ ကရုဏာစိတ်ထားမထားနိုင်ရင် အနိုင်ကျင့်တဲ့ဘက်ကို ရောက်သွားနိုင်တယ်။ ဒါကိုပဲ ပဋ္ဌာန်းဆရာတော်ကြီးက နိမ့်သူတွေ့ရင် ကရုဏာဝင် မဝင်နိုင်က နိုင်တတ်သည်။ နိုင်မည့်အစား ကရုဏာပွားစိတ်ထားပြုပြင်ပြောင်းပါ့မည်။
အဲဒီတော့ တစ်ဖက်သားကို အနိုင်မကျင့်မိအောင်၊ ကိုယ့်ထက်နိမ့်ကျတဲ့ ပုဂ္ဂိုလ်တွေကို သနားငဲ့ညှာကူညီဖေးမလိုတဲ့ ကရုဏာစိတ်ထား ထားရမယ်။ လောကမှာ အဘက်ဘက်က ကိုယ့်ထက်သာလွန်တဲ့ လူတန်းစားမျိုးလည်း ရှိတယ်။ ကိုယ့်ထက်သာတဲ့ လူတန်းစားမျိုးတွေ့ရင် အော်..တော်ပါပေတယ်၊ ကောင်းပါပေတယ်လို့ ဝမ်းမြောက်ဝမ်းသာလက်ခံကြိုဆိုနိုင်တဲ့ မုဒိတာစိတ်ထား ထားရမယ်။ မုဒိတာ စိတ်မထားနိုင်ရင် မနာလိုတဲ့ဘက်ယိုင်သွားနိုင်တယ်။ ဒါကိုမြင့်သူတွေ့ရင် မုဒိတာဝင်မဝင်နိုင်က ယိုင်တတ်သည်၊ ယိုင်မည့်အစား မုဒိတာပွားစိတ်ထားပြုပြင်ပြောင်းပါ့မည်လို့ ဆိုခဲ့တယ်။
ခုနက လူတန်းစား(၃)မျိုးမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ နှိုင်းယှဉ်ဖြစ်တယ်။ ဒါကလည်း ပတ်ဝန်းကျင်လောကကြီး ငြိမ်းချမ်းဖို့အတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာဆိုတဲ့ တရားတွေဟာ တကယ့်လက်တွေ့ကျတဲ့တရားတွေ ဖြစ်ပါတယ်။
တစ်ဦးနဲ့တစ်ဦး မနာလိုတာဟာလည်း လောကကြီး ဒုက္ခရောက်စေနိုင်တဲ့အရာဖြစ်တာကို သက္ကပညာသုတ်မှာ သိကြားမင်းက မြတ်စွာဘုရားကို မေးတဲ့မေးခွန်းရှိတယ်။ အရှင်ဘုရား ကာမဘုံသား လူတွေ၊ နတ်တွေဟာ ချမ်းချမ်းသာသာနေချင်ရဲ့သားနဲ့ ဆင်းရဲဒုက္ခတွေရောက်နေတာ ဘာကြောင့်လဲလို့ မေးခဲ့တာကိုတော့ မဟာစည်ဆရာတော်ဘုရားကြီးက မနာလိုတဲ့ ဣသာတွေ၊ ဝန်တိုတဲ့ မစ္ဆရိယတွေကြောင့်ဆိုတာ ကဗျာလေးနဲ့ပြောခဲ့တယ်။ ကာမဘုံသားနတ်လူများတို့ ကောင်းစားပြည့်ဝ ဘေးရန်ပလည်း အေးမြချမ်းသာနေလိုပါလည်း ဣဿာမစ္ဆရိယ သူရှုပ်ပွေ၍ ထင်ငြိမ်မကျဆင်းရဲရ၏၊ ဣသာခေါ်ဆို မနာလို၍ ဝန်တိုမစ္ဆရိယ၊ မနာလိုကင်း ဝန်တိုရှင်း၊ လက်ငင်းချမ်းသာမည်လို့ ဒီလိုမဟာစည်ဆရာတော်ဘုရားကြီး မိန့်တဲ့အတိုင်း တို့တစ်တွေ ဣဿာမစ္ဆရိယဆိုတဲ့ မကောင်းတဲ့ စိတ်ထားတွေဖယ်ရှားပြီးတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ လက်ကိုင်ထားခြင်းဖြင့် ငြိမ်းချမ်းတဲ့ကမ္ဘာကြီး တည်ဆောက်ကြပါစို့လို့ တိုက်တွန်းရင်းဖြင့် ဆရာတော်ရဲ့ဩဝါဒကို ဤမျှနဲ့ပဲ နိဂုံးချုပ်အပ်ပါသတည်း။
No comments:
Post a Comment