Monday, January 1, 2024

စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ ထင်ရှားကျော်ကြားသူများ၏ ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းစကားများ

အလင်္ကာကျော်စွာ စည်သူ တက္ကသိုလ်မြတ်သူ

ယနေ့ တိုင်းပြည်မှာ ပြည်သူတွေ တောင့်တလိုလားနေတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာသာယာယာ တည်တည်ငြိမ်ငြိမ်လိုချင်ကြတဲ့ ဆုတစ်ခုရှိပါတယ်။ ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ကြမယ်ဆိုရင် ပိုပြီးစည်းလုံးလာကြပြီး ကြိုးစားအားထုတ်ကြမယ်ဆိုရင် သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ အချမ်းသာဆုံးနိုင်ငံဖြစ်လာဖို့ မြေကြီးလက်ခတ်မလွဲလို့ ပြောလို့ရပါတယ်။ လွတ်လပ်ရေးကြိုးပမ်းစဉ်မှာ တိုင်းပြည်နဲ့ လူမျိုးကိုချစ်ကြလို့ တိုင်းပြည်လွတ်လပ်အောင်၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်အောင် ညီညီညွတ်ညွတ် ကြိုးစားခဲ့ကြတဲ့ မြန်မာတွေဟာ နယ်ချဲ့သွေးခွဲမှု၊ ပြည်ပကဝင်လာတဲ့ နိုင်ငံရေးအယူဝါဒတွေပေါ်မှာ တစ်ဖက်သတ်စွဲလမ်းပြီး လိုက်ပါရင်းနဲ့ လက်နက်ကိုင်တိုက်ခိုက် ကြရင်း ရောင်စုံသောင်းကျန်းမှုကြီးဖြစ်ခဲ့တာပါပဲ။ ဒါကြောင့် ငြိမ်းချမ်းညီညွတ်မှုကြီး လိုအပ်ပါတယ်။

 

 

 

 

၂၀၂၄ ခုနှစ်ဟာ ငြိမ်းချမ်းရေးရအောင် အားလုံးအသိ၊ သတိနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အရတည်ဆောက်ကြမယ်၊ ငြိမ်းချမ်းပြီး ညီညွတ်ကြမယ်၊ ကိုယ့်တိုင်းပြည်ကို ပခုံးထမ်းပြီး ရှိတဲ့သယံ ဇာတတွေနဲ့ ပြုပြင်လိုက်ကြမယ်ဆိုရင် ဒေသတွင်းနိုင်ငံများမှာ အချမ်းသာဆုံးနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာနိုင်အောင် ကြိုးစားကြဖို့လည်း လိုပါတယ်။ မြန်မာနိုင်ငံတော်ကြီး လုံးဝငြိမ်းချမ်းသာယာပါစေ။ စီးပွားရေးဖွံ့ဖြိုး တိုးတက်ပါစေ။ တိုင်းသူပြည်သားအားလုံး ကျန်းမာချမ်းသာပြီး လိုရာဆန္ဒများပြည့်စုံကြပါစေ။ ကပ်ကြီးသုံးပါးကင်းဝေးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ရဲ့အရသာ၊ လွတ်လပ်ရေး အရသာကို ခံစားစံစားနိုင်ကြပါစေလို့ ဆုမွန်ကောင်း ပို့သပါတယ်။

ဒါရိုက်တာဦးကြည်စိုးထွန်း (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)

ခရစ်နှစ် ၂၀၂၄ ခုနှစ် အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်စွာနဲ့ နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်နိုင်ကြသူများ ဖြစ်ကြပါစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဒေါ်နွဲ့နွှဲ့စမ်း (ရုပ်ရှင်သရုပ်ဆောင်)

ကမ္ဘာကြီး၊ မြန်မာပြည်ကြီးနဲ့ မြန်မာလူထုကြီး အေးချမ်းသာယာကြပါစေ။ ရုပ်ရှင်၊ ဂီတနဲ့ သဘင်လောကသား အားလုံးလည်း ပန်းလိုလန်းပြီး ပွင့်လန်းမွှေးကြိုင်ကြပါစေ။ မြန်မာ့ရုပ်ရှင်ကို ချစ်မြတ်နိုးကြတဲ့ ပြည်သူအပေါင်း မှန်ကန်သော ဆုံးဖြတ်ချက်၊ မှန်ကန် သောအတွေးအခေါ်များ မွေးနိုင်ကြပါစေ။

ဦးလွင်မြင့်(မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ )

ကျွန်တော်တို့ ဂီတအစည်းအရုံးဟာ ဂီတသမားများအတွက် ဖန်တီးထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဦးဆောင်မှုနဲ့ ဖွဲ့စည်းထားပြီး မည်သည့်နိုင်ငံရေး အရောင်အသွေးမှမရှိဘဲ အများပြည်သူနဲ့ဂီတအကျိုးအတွက် ဆောင်ရွက်နေပြီးတော့ နိုင်ငံတော်ကတာဝန်ပေးရင် မည်သည့်အစိုးရတစ်ရပ်ဖြစ်စေ ဂီတသမားများဟာ နိုင်ငံတော်အတွက် ကိုယ်ကျိုးစွန့်ပြီး အမြဲတမ်းပါဝင်ခဲ့တဲ့ ဓလေ့ထုံးတမ်းရှိသလို အစဉ်အလာကို ထိန်းပြီး ပြည်သူ့အားနဲ့ ဂီတအားကိုယူပြီး ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ စုစည်းညီညွတ်စွာ နေထိုင်နေတဲ့ ပြည်ထောင်စုကြီးဖြစ်ပါတယ်။ အေးချမ်းတဲ့ သာယာဝပြောတဲ့ ပြည်ထောင်စုကြီးဖြစ်ပါစေ။ မြန်မာနိုင်ငံတစ်ခုလုံး တိုင်းရင်းသားညီအစ်ကိုများ စည်းလုံးညီညွတ်စွာနဲ့ ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲပါစေ။ ယခုလို နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းချိန်ခါမှာ ကမ္ဘာသူကမ္ဘာသားအားလုံး၊ နိုင်ငံသူနိုင်ငံသားအားလုံး ဘေးရန်ကြောင့်ကြကင်းပြီး ကျန်းမာချမ်းသာကြပါစေ၊ ကောင်းခြင်းမင်္ဂလာနှင့်လည်း ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းပို့သပါတယ်။

ဦးအောင်တင်ဝင်း (မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နာယက)

မြန်မာနိုင်ငံတစ်ဝန်းလုံး နှစ်သစ်မင်္ဂလာမှစပြီး ကျန်းမာချမ်းသာလန်းဖြာ ဝမ်းသာကြပါစေ။ ပြည်သူပြည်သားအပေါင်း ကိုယ်လည်းကျန်းမာ စိတ်ချမ်းသာပြီး ဘယာကင်းပ၊ လိုတိုင်းရ သုခချမ်းသာအဖြာဖြာနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းအပ်ပါတယ်။ သဘင်လောကသားများ အနေနဲ့လည်း သဘင်ပညာကြီးတိုးတက်အောင် ကြိုးစားနိုင်ကြပါစေ။ သဘင်ပညာပေါ်မှာ မူတည်ပြီး အားလုံးဝိုင်းဝန်းပြီး အောင်မြင်ပြီးမြောက် ခရီးရောက်အောင် ဆောင်ရွက်နိုင်ကြပါစေ။၊ ချီးမြှင့်နိုင်သူများကလည်း သဘင်ပညာရှင်များကို ချီးမြှောက်မစကြပါ။ ထို့အတူပဲ လိုက်နာ နိုင်တဲ့သူများကလည်း တညီတညွတ်တည်း လိုက်နာနိုင်ကြပါစေ။

ဓာတ်ပုံ - ကနူး

ညိမ်းသူ(သတင်းစဉ်)

No comments:

Post a Comment