Monday, January 1, 2024

ဘာသာပေါင်းစုံမှ ၂၀၂၄ ခုနှစ်အတွက် နှစ်သစ်မင်္ဂလာ မေတ္တာပို့ဆုတောင်းစကားသံများ

 




ဦးဝဏ္ဏ (ဗုဒ္ဓဘာသာ)

(ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့) (ဗဟို) မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး မင်္ဂလာပါခင်ဗျာ

ယနေ့ဟာ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ်ကာလသို့ ရောက်ရှိလာသော နှစ်သစ်အခါသမယ ဖြစ်ပါတယ်။

 

 

 

ယနေ့ ၂၀၂၄ ခုနှစ်၊ နှစ်ဆန်း ဇန်နဝါရီ ၁ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ကြီးက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ နိုင်ငံသူနိုင်ငံသားများနှင့်တကွ ကမ္ဘာသူကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံလျက် အေးချမ်းသာယာသော လူ့ဘောင်ဘဝကြီးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့” “ငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဖြစ်သည့်အလျောက် ဘာသာမတူ၊ လူမျိုးမတူ၊ ကိုးကွယ်ယုံကြည်မှုမတူညီကြသော်လည်း အမိမြန်မာနိုင်ငံတော်အတွင်း အတူတကွ မှီတင်းနေထိုင်ကြခြင်းဖြစ်တဲ့အတွက် မေတ္တာတရားရှေ့ထားကာ အဖွဲ့အစည်းအချင်းချင်း၊ လူမျိုးအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် အမိနိုင်ငံတော်၏ အကျိုး၊ အမိနိုင်ငံတော်၏အရေးကို ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်း မြန်မာနိုင်ငံကြီးအေးချမ်း သာယာပါစေကြောင်း ထပ်လောင်းဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။

ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)

(ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့) (ဗဟို) အားလုံးမင်္ဂလာပါခင်ဗျာ

၂၀၂၃ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ် နှစ်သစ်အချိန်အခါသမယမှာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဋ္ဌအနေနဲ့ နှစ်သစ်မှာ ဆုတောင်းခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့နိုင်ငံက ကမ္ဘာပေါ်မှာ ချမ်းသာတာတစ်ခုရှိပါတယ်။ ဒါက မေတ္တာတရားပါ။ အခြားနိုင်ငံတွေက ရုပ်ဝတ္ထုချမ်းသာတယ်၊ ငွေကြေးကြွယ်ဝ တယ်၊ မြန်မာနိုင်ငံကတော့ မေတ္တာတရား ချမ်းသာတယ်၊ မေတ္တာတရားများများထားရင် အစစအရာရာအဆင်ပြေပါတယ်၊ မြတ်စွာဘုရားရဲ့ မေတ္တာကြောင့် မြန်မာနိုင်ငံကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေ၊ မဟာပိန္နဲဘုရားကြောင့် ပြည်တွင်း၊ ပြည်ပရန်များ ကင်းစင်ပြီး ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံကြီးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

နိုင်ငံတော်အစိုးရရယ်၊ ပြည်သူလူထုရယ် အားလုံးချစ်ချစ်ခင်ခင် အတူလက်တွဲပြီး နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးစားမယ်ဆိုရင် နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်မှာပါ၊ အမုန်းတရားများရှိပါက အမုန်းတရားများကိုဖယ်ပြီး မေတ္တာတရားနဲ့ လဲပေးပါလို့ မေတ္တာရပ်ခံပါတယ်၊ မေတ္တာကြောင့် အစစအရာရာအောင်မြင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ဦးသောမတ်(စ်) (ခရစ်ယာန်ဘာသာ)

(ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့) (ဗဟို) မင်္ဂလာအပေါင်း ခညောင်းပြီး ငြိမ်းချမ်းကြပါစေခင်ဗျာ။

အခုလို ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ခရစ်ယာန်အနေနဲ့ နှစ်သစ်ကူးဆုတောင်းမေတ္တာ ပို့သခွင့်ရတဲ့အတွက် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးမှာ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး အတူတကွ စုပေါင်းနေထိုင်ပြီး ဘာသာအယူဝါဒများစွာကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတဲ့ နိုင်ငံကြီးဖြစ်ပါတယ်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေနဲ့ လက်ရှိနိုင်ငံတော်မှာ အလိုအပ်ဆုံးဖြစ်တဲ့ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်ခင်ဗျာ။

နိုင်ငံတော်အတွက် ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်သစ်ကို ကျွန်တော်တို့အားလုံးနှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ အတူတကွ ပူးပေါင်းတည်ဆောက်နိုင်ကြဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

၂၀၂၃ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ် နှစ်သစ်ကူးအခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံးအပေါ် ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းများနဲ့အတူ ဘုရားသခင်ကောင်းချီးများစွာ သက်ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။

Happy New Year, GOD Bless You all.

ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)

(ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့) (ဗဟို) အားလုံးမင်္ဂလာပါခင်ဗျာ။

ဒီကနေ့ဟာ ၂၀၂၃ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ်ကာလသို့ ရောက်ရှိလာသော မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားများ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကာ စီးပွားလာဘ်လာဘများတိုးတက်ပြီး ရောဂါဘယများကင်းစင်ကာ ငြိမ်းချမ်းသာယာသော နိုင်ငံတော်ကြီးဖြစ်ပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာ လူမျိုးပေါင်း ၁၃၅ မျိုး အတူတကွစုပေါင်း နေထိုင်ကြပြီး ဘာသာအယူဝါဒများစွာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိတဲ့ နိုင်ငံကြီးဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် အခုအချိန်အခါမှာ လိုအပ်နေတဲ့ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနဲ့ အေးချမ်းသာယာရေး ငြိမ်းချမ်းသာယာရေးအတွက် ကျွန်တော်တို့ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေနဲ့ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

၂၀၂၃ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းတဲ့ နှစ်သစ်ကာလမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံက အေးချမ်းတည်ငြိမ်သောနိုင်ငံတော်ကြီးအဖြစ် လူသစ်စိတ်သစ်နဲ့ ဘာသာပေါင်းစုံညီညွတ်စွာဖြင့် အနာဂတ်မှာ လူ့ဘောင်သစ်ကို တည်ထောင်နိုင်ပါစေကြောင်း၊ ငြိမ်းချမ်းပျော်ရွှင်သော နှစ်သစ်ဖြစ်ပါကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ။

No comments:

Post a Comment