Monday, January 1, 2024

နေပြည်တော်၌ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးအခါသမယကို ပြည်သူများတစ်ခဲနက်ပျော်ရွှင်စွာကြိုဆို



 

နေပြည်တော် ဒီဇင်ဘာ ၃၁

ကမ္ဘာပေါ်တွင် လူမျိုးအလိုက်၊ ဘာသာအလိုက်နှစ်များကို ရေတွက်သည့် အစဉ်အလာမှာ လူ့ယဉ်ကျေးမှု ထွန်းကားသည့် အချိန်မှစ၍ ရှိလာခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ လူမျိုး၊ ဘာသာမတူညီကြသော်လည်း ခရစ်သက္ကရာဇ်သည် တစ်ကမ္ဘာလုံးတရားဝင်အသုံးပြုကြသည့် သက္ကရာဇ်ဖြစ်သောကြောင့် နိုင်ငံတိုင်းတွင် ခရစ်သက္ကရာဇ်နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယကို ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ ကြိုဆိုကြလေ့ရှိသည်။ ထိုသို့ ခရစ်သက္ကရာဇ်နှစ်သစ်သို့ကူးပြောင်းသည့် အခါသမယကို ပျော်ပွဲရွှင်ပွဲများကျင်းပကာ ကြိုဆိုကြသည့် နိုင်ငံများတွင် မိမိတို့ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။

 

မြန်မာနိုင်ငံတစ်ဝန်းနှစ်သစ်ကို ကြိုဆိုကြသည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများကျင်းပကာ ကြိုဆိုကြသကဲ့သို့ နေပြည်တော်၌လည်း New Year Countdown Live Show နှင့် ဈေးရောင်းပွဲတော်များ ကျင်းပ၍ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးအခါသမယကို ပြည်သူများ တစ်ခဲနက်ပျော်ရွှင်စွာ ကြိုဆိုကြသည်။

ယနေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ နံနက်ပိုင်းမှစတင်၍ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများသည် နေပြည်တော်ရှိ Ocean Super Center ၊ Juction Center ၊ Naypyitaw Wholesale နှင့် မြို့နယ်၊ ရပ်ကွက်ဈေးများတွင် မိသားစုအလိုက်၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့အလိုက် ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲရန်အတွက် လိုအပ်သည်များကို ဈေးလာဝယ်ယူကြသဖြင့် စည်ကားလျက်ရှိသည်။

ညပိုင်းတွင် နေပြည်တော်ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ အပန်းပြေပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် နှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် New Year Countdown Live Show နှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်ရေပန်းဥယျာဉ်၌ ကျင်းပရာ ပြည်သူများတစ်ခဲနက်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသဖြင့် အထူးစည်ကား လျက်ရှိသည်။

New Year Countdown Live Show နှင့် ဈေးရောင်းပွဲတော်သို့ လာရောက်လည်ပတ်ကြသည့် ပြည်သူများ စာရေးသောက်ရေးအဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ထိုင်းအစားအစာ၊ တရုတ်အစားအစာ၊ ကိုရီးယားအစားအစာ၊ မြန်မာ့ရိုးရာအစားအစာများ၊ ပင်လယ်စာများ၊ အထောင်းမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသုံးကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် လာရောက်လည်ပတ်ကြသည့် ကလေးငယ်များအတွက် ကလေးကစားစရာ မီးလင်းရောင်စုံအရုပ်အရောင်းဆိုင်များ၊ လူကြီး/ ကလေးများ ဆော့ကစားနိုင်သည့် Game Booth များ၊ အလှဓာတ်ပုံရိုက်ရန်အတွက် Photo Booth များအပြင် ပျော်ရွှင်စရာအစီအစဉ်တို့ကို ထည့်သွင်းထားရာ လူများစိတ်ပါဝင်စားသည့် အစီအစဉ်တစ်ခုအဖြစ်လည်း တွေ့ရသည်။

New Year Countdown Live Show နှင့် ဈေးရောင်းပွဲတော်တွင် နိုင်ငံကျော်တေးသံရှင်များနှင့် Dancer များက Music Band၊ DJ များဖြင့်တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေတင်ဆက်ကြပြီး ည ၁၂ နာရီအချိန်တွင် New Year Countdown Live Show က ၂၀၂၄ ခုနှစ် နှစ်သစ်ကူးအခါသမယကို Countdown ရေတွက်၍ ပြည်သူများက Happy New Year သံပြိုင်အော်ကြကာ မီးရှူးမီးပန်းများ ပစ်ဖောက်ပြီး နှစ်သစ်ကို တစ်ခဲနက်ပျော်ရွှင်စွာ ကြိုဆိုကြသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်နေအိမ်များနှင့် ဝန်ထမ်းအိမ်ရာတို့တွင်လည်း နှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများကျင်းပ၍ ပြည်သူများ၏ ၂၀၂၄ ခုနှစ်ကို ကြိုဆိုသော Happy New Year အသံသည် နေပြည်တော်တစ်ခွင်လုံးကို လွှမ်းခြုံသွားခဲ့သည်။

ထို့အတူ Junction Center ၌ ကျင်းပသည့် Junction Night Bazaar တွင်လည်း စားသာက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ နိဗ္ဗာန်ကုန်ဆိုင်၊ ဆေးဝါးဆိုင်၊ အလှကုန်ပစ္စည်းဆိုင်နှင့် indoor plants ဆိုင်အပါအဝင် ဆိုင်ခန်းပေါင်း ၅၀ကျော် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် Junction Night Bazaar သို့ လာရောက်ကြသည့် ပြည်သူများကို တေးသံရှင်နှင့် ဝါသနာရှင် များက Music Band နှင့်တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် ဖျော်ဖြေကြရာ အားပေးကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

၂၀၂၄ ခုနှစ် နှစ်သစ်ကူးအခါသမယကို ကြိုဆို သည့်အနေဖြင့် အစိုးရရုံးများ၊ မင်္ဂလာကန်တော်၊ စားသောက်ဆိုင်ကြီးများ၊ အများပြည်သူအပန်းဖြေရာပန်းခြံများ၊ လူစည်ကားရာလမ်းများနှင့် လမ်းဆုံအဝိုင်းများ၌ ရောင်စုံမီးများ လှပစွာထွန်းထားသည်မှာ တွေ့မြင်ရသူအပေါင်း၏ စိတ်နှလုံးကိုလည်း ရွှင်လန်းစေခဲ့သည်။

တက်သစ်စ၊ ဓာတ်ပုံ- ဖိုးပြည့်စုံ

No comments:

Post a Comment