Monday, January 1, 2024

သဘာဝကပေးတဲ့လက်ဆောင်မွန် အောင်ပါစေ ထန်းလျက်စားသောက်ကုန်လုပ်ငန်း



ကိုဇော်(ဓာတု)၊ ဒီပါလင်း

ထန်းပင်သည် အညာဒေသ၏အလှတစ်ပါးဖြစ်သကဲ့သို့ သဘာဝ၏လက်ဆောင်မွန်ဆိုပါက ပို၍ပြည့်စုံတိကျမည်ဖြစ်သည်။ ထန်းပင်စိုက်ရန် ဓာတ်မြေဩဇာမလို၊ ပိုးသတ်ဆေးမလို၊ ရေပေးရန်မလို၊ သဘာဝအလျောက်ရှင်သန်နိုင်သောအပင်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း ထန်းကိုအခြေခံ၍ စားသောက်ကုန်များထုတ်လုပ်ပြီး ဒေသစီးပွား၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး အထောက်အကူပြုဆောင်ရွက်လျက်ရှိသည်။

 

 


ထန်းပင်မှရရှိသောထန်းလျက်သည် မည်သည့်ဓာတုပစ္စည်းကိုမှ အသုံးပြုထုတ်လုပ်ရန်မလိုသော အချိုဓာတ်ပင်ဖြစ်သည်။ ထန်းလျက်၌ ဗီတာမင်ဘီ များစွာပါဝင်သကဲ့သို့ သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်တို့လည်း ကြွယ်ဝစွာပါဝင်သည်။ တိုင်းရင်းဆေးပညာ၌ထန်းလျက်သည် ဆေးတစ်ပါး ဖြစ်သည်။

ကုန်ကြမ်းအရည်အသွေး အသိအမှတ်ပြုလက်မှတ်

အညာဒေသတွင် ထန်းလျက်လုပ်ငန်း လုပ်ကိုင်သူများစွာရှိရာ ညောင်ဦးမြို့နယ် ပြွန်ကျေးရွာအုပ်စု ပြွန်ကျေးရွာရှိ ဦးမိုးဇော်၏ အောင်ပါစေ အညာထန်းလျက်လုပ်ငန်းလည်းတစ်ခု အပါအဝင်ဖြစ်သည်။ အောင်ပါစေ ထန်းလျက်စားသောက် ကုန်လုပ်ငန်းကို ၂၀၁၇ ခုနှစ် ဇူလိုင် ၉ ရက်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ထန်းလျက်ကုန်ကြမ်း သကာရည်၊ တင်လဲရည်တို့ကို ပြွန်ကျေးရွာ ထန်းတောင်သူ ၂၀ ဆီမှ အရည်အသွေးအလိုက် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးကာ သာမန်ကုန်ကြမ်းထက်ဈေးပိုပေးဝယ်ယူကြောင်း၊ အဆိုပါ ထန်းတောင်သူများကိုလည်း ပစ္စည်းဖိုးသာမက ထန်းလုပ်ငန်းသုံး ဒယ်၊ အိမ်သုံးပစ္စည်းများကိုလည်း လက်ဆောင်ပေးအပ်ထားကြောင်း ဦးမိုးဇော်က ရှင်းပြသည်။

ထန်းလျက်လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်အနေဖြင့် ထန်းသကာရည်များကို ထန်းပင်မှ အိုးများဖြင့် စုဆောင်းခြင်း၊ ပိတ်စအသန့်များဖြင့် အနည်ဖယ်ခြင်း၊ သန့်စင်ခြင်း၊ (အမှိုက်များ၊ အမှုန်အမွှားများ) ဖယ်ထုတ်ခြင်း၊ အပူပေးခြင်း (အမြှုပ်အနှစ်များဖယ်ထုတ်ခြင်း) ဆူပွက်အောင်ကျိုချက်ခြင်း၊ ပါဝင်ပစ္စည်းများ (ဆီး၊ ချင်း၊ မန်ကျည်း၊ ရှားစောင်းလက်ပပ်၊ အုန်း) ရောထည့်ခြင်း၊ ပုံသွင်းခြင်း၊ ဖဲ့ထုတ်ခြင်း၊ နေလှန်းအခြောက်ခံခြင်း၊ အအေးခံခြင်း၊ ထုပ်ပိုးခြင်းနှင့် ဈေးကွက်တင်ပို့ခြင်းတို့ အဆင့်ဆင့်ဆောင်ရွက်ရ‌ကြောင်း လုပ်ငန်းရှင်ကရှင်းပြသည်။ ထန်းလျက်ကို အခြေခံ၍ ဆီးထန်းလျက်၊ ချင်းထန်းလျက်၊ မန်ကျည်းထန်းလျက်၊ အုန်းထန်းလျက်၊ ရှားစောင်းလက်ပပ်ထန်းလျက်များထုတ်လုပ်ကြောင်းသိရပြီး ဖြန့်ချိမှုအနေဖြင့် ပြည်ပနိုင်ငံများဖြစ်သော ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံနှင့် ပြည်တွင်း ဈေးကွက်တွင် မန္တလေး၊ ရန်ကုန်၊ တောင်ကြီး၊ ပြင်ဦးလွင်၊ စသည့်မြို့ကြီးများနှင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချနေရကြောင်း၊ ဖေ့စ်ဘုတ်တွင်ဖြင့် ကြော်ငြာပြီးလည်း ရောင်းချကြောင်း ၎င်းကရှင်းပြသည်။ အဓိကရောင်းအား အကောင်းဆုံးထန်းလျက်မှာ အုန်းထန်းလျက်၊ ဆီးထန်းလျက်နှင့် ချင်းထန်းလျက်တို့ဖြစ်ကြောင်း သိရသည်။

အခက်အခဲအနေဖြင့် မိုးရွာသွန်းပါက အမှာစာအရ အချိန်မီ ကုန်ပေးပို့ရန်ခက်ခဲကြောင်း၊ နေရာ၊ အခြောက်ခံစက်အကြီးတို့ လိုအပ်ဆဲဖြစ်ကြောင်း၊ လက်ရှိ ထန်းလျက်အခြောက်ခံစက်ကို ကိုယ်တိုင် တီထွင်ထုတ်လုပ်ထားပြီး အဖွဲ့အစည်းတစ်ခု၏ ဆိုလာသုံးအခြောက်ခံစက်အသေးကိုသာ အသုံးပြုလျက်ရှိကြောင်း၊ ကျွမ်းကျင်လုပ်သားရှားပါးမှု အနည်းငယ်အခက်အခဲရှိကြောင်း သိရသည်။

အောင်ပါစေ အညာထန်းလျက်စားသောက်ကုန် လုပ်ငန်းအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိထားပြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုများလည်းရရှိကြောင်း၊ လုပ်သားလေးဦးမှ ခုနစ်ဦးအထိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထန်းလျက်စားသောက်ကုန်များ ခေတ်နှင့်အညီ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ ထုတ်လုပ်နိုင်ခြင်းဖြင့် ထန်းပင်များစွာခုတ်လှဲပြီး အပင်အလုံး လိုက်ရောင်းချခြင်းမှကာကွယ်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းကို ကာကွယ်နိုင်ခြင်း၊ ထန်းတောင်သူ (ထန်းတက်သမားများ) နှင့် မှီခိုမိသားစုများအား ဝင်ငွေပုံမှန်ရှာပေးနိုင်ခြင်း၊ ကျေးရွာရှိ အမျိုးသမီးများ အလုပ်အကိုင် အခြေတကျရရှိခြင်း၊ ဝင်ငွေရရှိဖန်တီးပေးနိုင်ခြင်း၊ အလုပ်အကိုင်အသစ်များ ဖန်တီးပေးနိုင်ခြင်း၊ မိရိုးဖလာထုတ်လုပ်နေသည့် ပုံစံမှသည် ပိုမိုသန့်ရှင်း သောပုံစံဖြင့် ထန်းလျက်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ခြင်းအကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

အောင်ပါစေ အညာထန်းလျက်စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သော ထုတ်ကုန်များမှာ ဓာတု ဆေးဝါးကင်းလွတ်ပြီး ကျန်းမာရေးအတွက် သန့်ရှင်းစွာထုတ်လုပ်ထားကာ အကူဆေးများ လုံးဝမသုံးကြောင်း အာမခံနိုင်သည်ဟု ၎င်းကပြောကြားသည်။ အောင်ပါစေ အညာ ထန်းလျက်လုပ်ငန်း၏ Vision and Mission ကိုလည်း လုပ်ငန်းခွင်တွင် ကွန်ပျူတာစာစီကာ ကပ်ထားသည်ကို အောက်ပါအတိုင်း ဖတ်ရှုခဲ့ရသည်။

ဓာတုကင်းစင် ပြုံးပျော်ရွှင်၊ တူညီစိတ်ထား

စုပေါင်းအား၊ ဆောင်တိုင်းမြောက်စေ အောင်ပါစေ။

အစာလည်းဆေး ဘေးကင်းဝေး၊ အသက်ရှည်ဆေး

ကျန်းမာရေး၊ အောင်ပါစေကို စားသုံးပေး။

တောင်သူများစွာဝင်ငွေဖြာ အကျိုးစီးပွား ဖြစ်ထွန်းအား အောင်ပါစေ၏ ဆုတောင်းစကား။

ထန်းလျက်ကိုအခြေခံ၍ စားသောက်ကုန်များကို ခေတ်နှင့်အညီ တိုးတက်သောအမြင်ဖြင့် ထုတ်လုပ်လာနိုင်ခြင်းသည် ဒေသတွင်းစီးပွားရေး၊ နိုင်ငံ့စီးပွားရေးအတွက် အထောက်အပံ့ ကောင်းတစ်ခုဖြစ်သကဲ့သို့ MSME လုပ်ငန်းကဏ္ဍတွင် တွေ့ကြုံရသည့် အခက်အခဲများ လျှော့ချရေး၊ နည်းပညာများရရှိရေး၊ ရင်းနှီးမြှုပ်နှံမှုများ ရရှိနိုင်ရေးတို့ကို ဆောင်ရွက်နိုင်ပါက အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းများသည် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး နိုင်ငံ့စီးပွားကို အထောက်အကူပြုမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။

No comments:

Post a Comment