Monday, January 1, 2024

မန္တလေးမြို့တွင် နှစ်သစ်ကူးပွဲတော်ကျင်းပ၍ နှစ်သစ်ကို ပြည်သူများ ပျော်ရွှင်စွာကြိုဆို

မန္တလေး ဒီဇင်ဘာ ၃၁

ခရစ်နှစ် ၂၀၂၃ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာ ဆင်နွှဲကြသကဲ့သို့ မြန်မာနိုင်ငံတွင် လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့နှင့် အခြားမြို့ကြီးများ၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြ ကာ နှစ်သစ်ကို တညီတညွတ်တည်း ကြိုဆိုခဲ့ကြသည်။

 

မန္တလေးမြို့သူ၊ မြို့သားများအနေဖြင့်လည်း ယနေ့ညနေပိုင်းမှစတင်၍ နှစ်သစ်ကိုကြိုဆိုကြရန် မိသားစုနှင့် မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့အလိုက် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များဖြင့် နှစ်သစ်ကူးပြောင်းမည့်အချိန် အခိုက်အတန့်ကို စောင့်မျှော်ဆင်နွှဲကြသည်။

ထို့ပြင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ တပျော်တပါး နှစ်သစ်ကူး အခါသမယကို ဆင်နွှဲနိုင်ရန်အတွက် နှစ်သစ်ကူးအထိမ်း အမှတ်ပွဲတော်ကို ၂၆ လမ်းနှင့် ၆၆လမ်းထောင့်တွင် စီစဉ်ဆောင်ရွက်ပေးထားရာ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားလျက်ရှိသည်။

ပွဲတော်သို့ လာရောက်ဆင်နွှဲသည့် ကိုပူတူးက “၂၀၂၄ နှစ်သစ်ကိုကြိုဆိုဖို့ ရင်တွေအလွန်ခုန်နေ ပါတယ်။ ပျော်ရွှင်ဖွယ်ဖြစ်အောင် နှစ်သစ်ကူးပွဲစီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ လျှပ်စစ်ရောင်စုံအလှမီးတွေ ထွန်းညှိထားတာကြောင့်လည်း ပွဲတော်ကြီးကို လှပစေခဲ့ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်တွေရဲ့ သီချင်းတွေကို နားဆင်ခံစားပြီး ကခုန်ခွင့်ရတဲ့အတွက်လည်း ပြီးပြည့်စုံတဲ့ နှစ်သစ်ကူးညတစ်ည ဖြစ်ခဲ့ပါတယ်” ဟုပြောသည်။   

အဆိုပါ ပွဲတော်တွင် ဖျော်ဖြေရေးစင်မြင့်ထားရှိပြီး မန်းစည်ပင် ခေတ်ပေါ်တေးဂီတ၊ မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးနှင့် DJ အစီအစဉ်များဖြင့်တွဲဖက်၍ နိုင်ငံကျော်အဆိုတော်များ၊ သရုပ်ဆောင်များ၏ မြူးကြွစွာသီဆိုဖျော်ဖြေမှုများကြောင့် နှစ်သစ်ကူးပွဲတော်ကို ပိုမိုအသက်ဝင်စေခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ နှစ်ကူးအချိန်ကာလကို အတူတကွ ဖြတ်ကျော်ကြသည်။

ပြင်ဦးလွင်မှ နှစ်သစ်ကူး ပွဲတော်လာရောက် ဆင်နွှဲသည့် မမီမီက “နှစ်သစ်မှာ အားလုံး စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ မန္တလေးမြို့မှာ နှစ်ကူးပွဲရှိတယ်ဆိုလို့ လာရောက်ပါဝင်ဆင်နွှဲခြင်း ဖြစ်ပါတယ်။ ပွဲတော်ကြီးက ထင်ထားတာထက်ကို ပိုမိုစည်ကား နေတာကို တွေ့ရပါတယ်။ ည၁၂ နာရီမှာ ပွဲတော်လာသူတွေနဲ့တူတူ Happy New Year အော်ဖို့ မစောင့် နိုင်တော့ဘူးဖြစ်နေတယ်။ နှစ်သစ်ကူးကို ပျော်ရွှင်ဖွယ်ရာအစီအစဉ်တွေပြုလုပ်ပြီး ဖြတ်သန်းခွင့်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု ပြောသည်။

ပွဲတော်သို့ လာရောက်ဆင်နွှဲကြသူများ အစားအသောက်များ သုံးဆောင်နိုင်ရန်အတွက်လည်း စားသောက်ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချပေးခဲ့ပြီး ကား/ဆိုင်ကယ်များ စနစ်တကျ အပ်နှံနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးထားသည်။

ထို့နောက် ပွဲတော်လာပြည်သူများသည် နှစ်သစ်ကူးအချိန်ကာလဖြစ်သည့် ည ၁၂ နာရီ မရောက်မီ နှစ်ကူး Countdown ကို တပျော်တပါး ရေတွက်ကြပြီး ည ၁၂ နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ရေရွတ်ကာ မီးရှူးမီးပန်းများ ပစ်ဖောက်၍ နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။

မောင်အေးချမ်း

No comments:

Post a Comment