Tuesday, January 2, 2024

လွတ်လပ်ရေးနှင့်ထိုက်တန်သည့်ဘဝပိုင်ဆိုင်

 


မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း (၇၆)နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ လွတ်လပ်ရေးသက်တမ်း အနှစ် ၇၀ ကျော်ခဲ့ပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လွတ်လပ်ရေးနှင့် ထိုက်တန်သည့် အကျိုးခံစားခွင့်များနှင့်ထိုက်သင့်သည့် တိုးတက်ဖြစ်ထွန်းမှုများ အပြည့်အဝမရှိသေးပေ။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံနှင့်ထိုက်တန်သော အရည်အချင်း၊ ဂုဏ်ဒြပ်များ ပြည့်စုံစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။

လွတ်လပ်ရေးနှင့်ထိုက်တန်သည့် တိုးတက်သာယာဝပြောသော နိုင်ငံဖြစ်စေလိုလျှင် လွတ်လပ်ရေးနှင့်ထိုက်တန်သော နိုင်ငံသားများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံသူနိုင်ငံသားများအနေဖြင့် တရားဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်သည်။ စည်းကမ်းရှိပြီး စည်းလုံးညီညွတ်စွာ အတူလက်တွဲနေထိုင်ကြရမည်ဖြစ်သည်။ အနာဂတ်ကိုမြော်တွေးပြီး ပညာသင်ကြားရမည့်အရွယ်တွင် ပညာသင်ကြားရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အလုပ်လုပ်နိုင်သည့်အရွယ်အားလုံး ကုန်ထုတ်လုပ်မှုမြင့်မားရေးကို လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

အဓိကမှာ နိုင်ငံသူ နိုင်ငံသားအားလုံး မိမိတို့ဘဝမြင့်မားတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ အားကြိုးမာန်တက်အလုပ်လုပ်ကြရန် လိုမည်ဖြစ်သည်။ နိုင်ငံသူနိုင်ငံသားများအနေဖြင့် စွမ်းနိုင်သလောက်အလုပ်ကို ကြိုးစားလုပ်ကိုင်ကြသူများဖြစ်သည်။ သို့သော် အနှောင့်အယှက် အဖျက်အဆီး အမျိုးမျိုးတို့ကြောင့် တိုးတက်ရာတိုးတက်ကြောင်း လုပ်ကိုင်လိုကြသော်လည်း အခွင့်အလမ်းနည်းပါးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အကယ်၍ အနှောင့်အယှက် အဟန့်အတားများမရှိခဲ့ပါက စွမ်းအားပြည့်လုပ်ကိုင်ဆောင်ရွက်ကြပြီး လွတ်လပ်ရေးနှင့်ထိုက်တန်သည့် နိုင်ငံတော်၊ နိုင်ငံသူနိုင်ငံသားများ ဆောလျင်စွာဖြစ်နေပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုသည့် နိုင်ငံတော်ကို ရှေ့ဆောင်လမ်းပြပြုလုပ်ပေးသည့် နိုင်ငံတော်အစိုးရသည် အခက်အခဲအနှောင့်အယှက် စိန်ခေါ်မှုများကြားမှ လွတ်လပ်ရေးနှင့်ထိုက်တန်သည့် နိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ချမှတ်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားရေးရည်မှန်းချက်များ၊ နိုင်ငံရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်သူလူထုနှင့်လက်တွဲပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

တိုင်းရင်းသားပြည်သူလူထုအားလုံးကလည်း နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပေသည်။ အဓိကအားဖြင့် တိုင်းပြည်စီးပွားရေး ဦးမော့လာအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ယခုထက် ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပညာတတ်များဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်၏လွတ်လပ်ရေး ထာဝရအဓွန့်ရှည်အောင်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ပြည်ထောင်စုစိတ်ဓာတ်အခြေခံဖြင့် ဝိုင်းဝန်းလက်တွဲ ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ နိုင်ငံ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြီးဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက် ဆောင်ရွက်ကြရမည်ဖြစ်သည်။

လူမျိုးရေး၊ ဘာသာရေး၊ ဒေသအရေးစသည့်အစွဲများ ကင်းဝေးခြင်းနှင့်အတူ တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်းစာတရား၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများ တိုးပွားကြိုးပမ်းအားထုတ်ပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးထိပ်ပန်ဆင်၍ တိုင်းပြည်နှင့်လူမျိုးကို ကာကွယ်စောင့်ရှောက်ကြပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဘိုးဘွားဘီဘင်များ အသက်သွေးချွေးများ စတေးပေးဆပ်ပြီး အရယူထားသည့် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် “ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ” ဆိုသည့်အတိုင်း နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားပြည်သူများအားလုံးအကျိုးကို ရှေးရှုဦးတည်ပြီး လွတ်လပ်ရေးနှင့်ထိုက်တန်သည့် နိုင်ငံတော်နှင့် လူမှုဘဝများကို ပိုင်ဆိုင်နိုင်အောင် လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)

No comments:

Post a Comment