Tuesday, January 2, 2024

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

 


နေပြည်တော် ဇန်နဝါရီ ၁

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက “မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ”၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီကို တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပရန် လျာထားခဲ့သည့်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒုတိယအကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း။

ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization -WTO) နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization-WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာပြီး နောက်ပိုင်းတွင် နိုင်ငံတကာအဆင့်မီသည့် မူပိုင်ခွင့်စနစ်သစ်တစ်ရပ်တည်ထောင်ရန် လိုအပ်လာပါကြောင်း၊ ၎င်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ(၄)ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း။

ပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့်ဥပဒေ (၄)ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် အာဏာတည်ခဲ့ပြီး အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းများကို တရားဝင်လက်ခံဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်နေ့မှစ၍ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကိုလည်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် အာဏာတည်နိုင်ခဲ့ပြီး မူပိုင်ခွင့်လျှောက်ထားချက်များ လက်ခံနိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မူပိုင်ခွင့်သမိုင်းတွင် ၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအဆင့်မီသည့် မူပိုင်ခွင့်စနစ်သစ်တစ်ရပ် စတင်ဖော်ဆောင်နိုင်သော နှစ်တစ်နှစ်ဖြစ်ကြောင်း။

ယခုကဲ့သို့ မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ် စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အပံ့ကောင်းတစ်ခုဖြစ်သည်ဆိုသည်ကို ယုံကြည်လက်ခံပြီး မူပိုင်ခွင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။

အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တာဝန်ရှိသည့် ဝန်ကြီးဌာနများအပြင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီနှင့် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီများတွင် တာဝန်ပေးအပ်မည့် အစိုးရဌာနများ၊ ပညာရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်တည်ထောင်ရာတွင် အများပြည်သူလိုက်နာကျင့်သုံးနိုင်ရန်၊ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ထို့ပြင် အာဆီယံနိုင်ငံများတွင် အကောင်အထည်ဖော်နေသည့် အာဆီယံ IPR Action Plan များကိုလည်း မြန်မာနိုင်ငံအနေဖြင့် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ပြီး ဒေသဆိုင်ရာမူပိုင်ခွင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဦးဆောင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာနိုင်စေရန် အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

ယခုကဲ့သို့ မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းကျင့်သုံး ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေခြင်း၊ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ခိုင်မာလာစေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ လူသားအရင်း အမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည်ဖြစ်ကြောင်း။

ယခုဖွဲ့စည်းထားသည့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီတွင်ပါဝင်သော တာဝန်ခံဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေသည့် မူပိုင်ခွင့်အကာအကွယ်ပေးခြင်း စနစ်တစ်ရပ်ကျင့်သုံးရာတွင် မိမိတို့ပါဝင်ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ(၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

အမှာစာများကို ဖတ်ကြားတင်ပြ

ဆက်လက်၍ ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၃)သို့ တင်ပြသည့်အမှာစာများကို ဖတ်ကြားတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒေါက်တာဝါဝါမောင်၊ ဒေါက်တာအောင်ကြီး၊ ဦးရင်မောင်ညွန့်၊ ဒေါက်တာဇော်မြင့်၊ ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် မူပိုင်ခွင့်ဆိုင်ရာများဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဆုံးဖြတ်ချက်(မူကြမ်း)ကို အတည်ပြု

ယင်းနောက် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ(၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်(မူကြမ်း)ကို အတည်ပြုသည်။

ဆက်လက်၍ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment