ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာနှင့်ရင်ပေါင်တန်းရာတွင် တိုင်းပြည်ကို အန္တရာယ်ရန်စွယ်အပေါင်းမှ ကာကွယ်ရန်အပြင် အများနှင့်တန်းတူ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စဉ်ဆက်မပြတ် တည်ဆောက်နေရခြင်းဖြစ်သည်။ တိုင်းပြည်ကာကွယ်ရေးနှင့် တည်ဆောက်ရေးအတွက် အဓိကကျသော ပြည်တွင်းအင်အားသည် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ၇၆ နှစ် ကြာလာပြီဖြစ်သည့်တိုင် အပြည့်အဝစုစည်းညီညွတ်မှုမရသေး။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့လှမ်းချီ ဖြတ်ကျော်သွားကြချိန်တွင် မိမိတို့နိုင်ငံမှာမူ ရှိသင့်ရှိထိုက်သည့်အနေအထားသို့ ရောက်မလာဘဲ နောက်တွင် ကျန်နေရစ်ခဲ့ရသည်။
မြန်မာနိုင်ငံ၏ ထူးခြားသည့်အချက်မှာ ယနေ့ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံး နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် တရုတ်တို့ကို လက်ဝဲလက်ယာတွင် ထားကာ နယ်နိမိတ်ထိစပ်တည်ရှိနေခြင်းဖြစ်သည်။ အိန္ဒိယ၏ အရှေ့မြောက်ဒေသနှင့် တရုတ်၏ အနောက်တောင်ဒေသတို့သည် ကျယ်ဝန်းလှစွာသော ၎င်းနိုင်ငံတို့၏ ကုန်းတွင်းပိတ်ဒေသများဖြစ်နေပြီး မြန်မာနိုင်ငံနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်ဖွံ့ဖြိုးတိုးတက်မည့် အခွင့်အလမ်းများရှိနေခြင်းပင်ဖြစ်သည်။ နိုင်ငံ၏ တည်နေရာအားသာချက်ကို အသုံးချပြီး တောင်အာရှနှင့် အရှေ့တောင်အာရှ ကုန်းမကြီးနိုင်ငံများအကြား ပေါင်းကူးအချက်အချာအဖြစ် ဆောင်ရွက်နိုင်သကဲ့သို့ နိုင်ငံ၏ ရေ၊ မြေ၊ သဘာဝသယံဇာတများကို ထိရောက်စွာအသုံးချ၍ ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာအောင်လည်း အခွင့်အလမ်းများ အဆင်သင့်ရှိနေသည်။
သို့ရာတွင် ပြည်တွင်းအင်အားကို အပြည့်အဝမတည်ဆောက်နိုင်ခြင်း၊ လက်နက်ကိုင်ဆန့်ကျင်မှုများနှင့် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများရှိနေခြင်း၊ ရေ မြေ သယံဇာတနှင့် လူ့စွမ်းအားအရင်းအမြစ်တို့ကို အထိရောက်ဆုံး အကျိုးရှိစွာအသုံးချနိုင်မှု အားနည်းခြင်းတို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ နှေးကွေးနေရသည်။ စည်းလုံးညီညွတ်မှုမရှိလျှင် တည်ငြိမ်အေးချမ်းမှုမရှိနိုင်။ တည်ငြိမ်အေးချမ်းမှုမရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်၍မရ။ ဖွံ့ဖြိုးတိုးတက်မှုမရှိသည့်အခါ ဆင်းရဲနွမ်းပါးမှု ပို၍နက်ရှိုင်းလာသည်။ ဆင်းရဲသည့်နိုင်ငံတွင် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား စသည်ဖြင့် အရာရာတွင်ချွတ်ခြုံကျသည်။ အောက်တန်းနောက်တန်းသို့ ရောက်သည်။ ဝါးအစည်းပြေသကဲ့သို့သာ စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့လျှင် နိုင်ငံသည် ကျရှုံးသည့်နိုင်ငံ၊ ပြိုလဲသည့်နိုင်ငံဘဝသို့ ရောက်ချေမည်ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံကဲ့သို့ပင် ဒုတိယကမ္ဘာစစ်အပြီး နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့ရသည့် နိုင်ငံအများစုပါဝင်သည်။ ပြည်တွင်းစစ်၊ ပြည်ပကျူးကျော်စစ်ဒဏ်ခံခဲ့ရသည့် နိုင်ငံများ၊ လက်နက်ကိုင်ဆန့်ကျင်မှုရှိနေဆဲ နိုင်ငံများလည်းရှိနေသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတိုင်းက မိမိတို့၏ ကြည်း၊ ရေ၊ လေပိုင်နက်နယ်နိမိတ်များကို အချိန်တိုင်းကာကွယ်နေကြရပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဆက်မပြတ်တည်ဆောက်ရင်း ရှေ့သို့လှမ်းချီနေကြခြင်းပင်ဖြစ်သည်။ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော် အကြီးအကဲနှင့် ဆရာတော်သံဃာတော်ထေရ်ကြီးဝါကြီးများ၊ နိုင်ငံတော်အတွင်း ပြည်သူအများ ကိုးကွယ်ရာ ဘာသာသာသနာများမှ ပုဂ္ဂိုလ်များ၊ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ ထင်ရှား ကျော်ကြားသူများ၊ ပညာရှင်ကြီးများ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက် စကား၊ နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာနှင့် ဩဝါဒကထာများ၊ နှစ်သစ်မင်္ဂလာဆုတောင်းစကားများက နိုင်ငံနှင့်ပြည်သူအားလုံးအတွက်၊ လူတစ်ဦးချင်းစီအတွက် အရေးအကြီးဆုံးသောအရာကို နှိုးဆော်တိုက်တွန်းအသိပေးနေသည်။
ယင်းမှာ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ စိတ်နှလုံးငြိမ်းချမ်းခြင်းမှသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၊ နိုင်ငံတစ်ဝန်းလုံး၊ လူ့ဘောင်လောကတစ်ခုလုံး၊ ကမ္ဘာတစ်ဝန်းလုံး ငြိမ်းချမ်းခြင်းဆီသို့ဖြစ်သည်။ မိမိတို့နိုင်ငံအတွက် အလိုအပ်ဆုံးအရာ၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အလိုချင်ဆုံးအရာဖြစ်သည့် ငြိမ်းချမ်းရေးကိုရယူကာ စည်းလုံးညီညွတ်သော ပြည်တွင်းအင်အားဖြင့် ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံတော်ကို တည်ဆောက်နိုင်ပါစေကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)
No comments:
Post a Comment