Monday, January 1, 2024

အားသစ်မာန်သစ်ဖြင့် နိုင်ငံတည်ဆောက်

 


ယနေ့သည် ၂၀၂၃ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၄ နှစ်သစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်ဟောင်း ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံးတွင် မိမိတို့ဆောင်ရွက်ခဲ့သမျှကို ပြန်လည်သုံးသပ်ဆင်ခြင်ပြီး နှစ်သစ် ၂၀၂၄ ခုနှစ်တွင် ကောင်းသောကိစ္စအဝဝတို့ကို ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မင်္ဂလာရှိသောနှစ်သစ်တွင် မကောင်းမှုများကို ရှောင်ရှားပြီး ကောင်းကျိုးများကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။ အားနည်းချက်များကိုပြုပြင်၍ အားသာချက်များဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

အထူးသဖြင့် မိမိနိုင်ငံ၏ တိုးတက်ဖြစ်ပေါ်နေသောအခြေအနေများကို မှန်မှန်ကန်ကန်ရှုမြင်ပြီး ကောင်းကျိုးများဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုန်လွန်ခဲ့သောကာလများတွင် မြန်မာနိုင်ငံအနေဖြင့် ခက်ခဲကြမ်းတမ်းခရီးလမ်းကို ဖြတ်သန်းခဲ့ရသည်။ ပြည်ပမှ နှောင့်ယှက်ဟန့်တားမှုများနှင့် ပြည်တွင်းမှ အဖျက်သမားသောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်များကို ကြုံတွေ့ခဲ့ရသည်။ အကြမ်းဖက်လုပ်ရပ်များကြောင့် တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများအတွက်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့သည်။

မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းကျိုး၊ အများအကျိုးအတွက် ဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်းပြုလုပ်နေသော အဖျက်လုပ်ရပ်များကို သိရှိကြပြီဖြစ်သည်။ မြန်မာနိုင်ငံသည် အခက်အခဲများကြားမှ ရုန်းကန်နိုးထရန် ကြိုးစားနေသောနိုင်ငံဖြစ်သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှသာ အများပြည်သူအေးချမ်းစွာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝတိုးတက်အောင်လုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတွင် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ကြရမည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှသာ မိမိတို့လူမှုစီးပွားဘဝ တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

တိုးတက်နေသောနိုင်ငံများ၏ နိုင်ငံသားများစိတ်ထားခံယူချက်မှာ မိမိတို့သူများနောက်မှ မနေချင်၊ သူများထက် နောက်မကျစေချင်သည့် ဆန္ဒများရှိကြသည်။ လူတစ်ဦးချင်းစီသည် သူတို့နောက်တွင် သူတို့နိုင်ငံရှိနေသည်။ နိုင်ငံသားတစ်ဦးချင်းစီမှစ၍ ကြိုးစားမှ၊ စည်းကမ်းရှိကြမှ၊ ချွေတာစုဆောင်းကြမှ၊ ပညာတတ်ကြမှသာ နိုင်ငံအပေါ်တွင် တာဝန်ကျေအောင်ဆောင်ရွက်နိုင်မည်ဟု ခံယူချက်ထားရှိသည်။ မိမိနိုင်ငံ မျက်နှာမငယ်ရအောင်ကြိုးစားရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟူသောတွန်းအားများ ကိုယ်စီရှိနေကြသည်။ ထို့ကြောင့် ၎င်းတို့၏ နှစ်သစ်တိုင်းတွင် တိုးတက်သည်ထက် တိုးတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။

မိမိနိုင်ငံ၊ မိမိလူမျိုးအပေါ် အကောင်းမြင်စိတ်ထား မမွေးနိုင်သည့်အပြင် မည်သူတို့ မည်သို့ကျော်တက်သွားပါစေ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်ရန်လိုသည်ဟူသော စိတ်ထားခံယူချက်ထားရှိပါက မည်သည့်အခါမျှရှေ့တန်းမရောက်ဘဲ နောက်ကျကျန်နေမည်သာဖြစ်သည်။ ထို့ကြောင့် မိမိနိုင်ငံတိုးတက်မှ မိမိဘဝများလည်း တိုးတက်လာမည်ဟူသော အသိစိတ်ဓာတ်များမွေးမြူပြီး ကုန်လွန်ခဲ့သောနှစ်ဟောင်း၌ မှားယွင်းခဲ့မိသည်ရှိသောစိတ်ထားများကို ပယ်ဖျောက်၍ မိမိအကျိုး၊ တိုင်းပြည်အကျိုးကို ကောင်းမွန်လာအောင် အားမာန်သစ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မိမိနိုင်ငံရှိပြည်သူများ နိစ္စဓူဝရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ကြမ်းတမ်းခက်ထန်မှုများအတွက် အဓိကကျသောအဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းပြည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်သည်။ တိုင်းရင်းသားပြည်သူ များအားလုံး၏ ဆန္ဒအမှန်မှာ အေးချမ်းသာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံရေးပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့ကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်လာအောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် တည်ဆောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ တိုးတက်ကောင်းမွန်လာသော စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်မြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအား အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် မြှင့်တင်ဆောင်ရွက်ပေးနေသည်။

သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်ကောင်းစားရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးအတွက် အနှောင့်အယှက်အဟန့်အတား ဖျက်ဆီးမှုများကို စည်းလုံးညီညွတ်မှုဖြင့် ဝိုင်းဝန်းဖယ်ရှားတိုက်ဖျက်ပြီး မင်္ဂလာရှိသောနှစ်သစ်တွင် တိုင်းရင်းသားပြည်သူအားလုံး စိတ်သစ်၊ လူသစ်၊ အားမာန်သစ်များဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။                  

No comments:

Post a Comment