Monday, January 1, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

၂၀၂၃ ခုနှစ်ဆိုတဲ့ အချိန်ကာလကုန်ဆုံးလို့ ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိတဲ့အချိန် အခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူ ကမ္ဘာသားများအားလုံးကိုလည်း ဘေးဘယာများ ဝေးကွာကြပါစေကြောင်းနဲ့ အေးချမ်းသာယာတဲ့ လူ့ဘောင်အသိုက်အဝန်းတစ်ခုမှာ ချစ်ခင်စည်းလုံးစွာ နေထိုင်နိုင်ကြပါစေကြောင်းလည်း ဆန္ဒပြုဆုတောင်းပေးလိုက်ရပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ အခက်အခဲအချို့နဲ့ စိန်ခေါ်မှုများကိုလည်း နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူတွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်း ရှိပါတယ်။ အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်။

ဒါတွေသာ မရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ များစွာကိုတိုးတက်နေမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သင်ခန်းစာပါ။ ကျွန်တော်တို့အားလုံး နိုင်ငံကိုချစ်တဲ့၊ အမျိုးကိုချစ်တဲ့စိတ်၊ ညီညွတ်တဲ့အားနဲ့ကျော်လွှားရပါမယ်။ ၂၀၂၄ ခုနှစ်မှာလည်း ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ အမျိုးသားရေးရည်မှန်းချက်များ၊ နိုင်ငံရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနဲ့ ဦးတည်ချက်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့ ပြည်သူလူထုနဲ့လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် စီးပွားရေးပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ MSME လုပ်ငန်းများ ယခုထက် ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးသွားပါမယ်။ ပညာရေးကိုလည်း ပိုမိုအားပေးဆောင်ရွက်သွားပါမယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူအားလုံးအနေနဲ့ တည်ငြိမ်အေးချမ်းပြီး မိမိတို့ရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုသည့်အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့အကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝများကို ကြိုးစားတည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံအတွင်း ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းမှရရှိတဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များက ကျွန်တော်တို့နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များမှာ အကျိုးရှိရှိလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်တဲ့ မဲစာရင်းများ မှန်ကန်ပြည့်စုံရေးမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့လည်း ဆောင်ရွက်မယ့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရတာ (၇၆)နှစ်ရှိပြီ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ထိုက်သင့်သော တိုးတက်မှုမရသေးပါဘူး။ ကိုယ့်နိုင်ငံကို တိုးတက်သာယာဝပြောစေချင်ရင် (၁) တရားဥပဒေကို လေးစားလိုက်နာရပါမယ်၊ (၂) စည်းကမ်းရှိရှိနဲ့ စည်းစည်းလုံးလုံး နေထိုင်ကြရပါမယ်၊ (၃) အနာဂတ်ကိုမျှော်တွေးပြီး ပညာသင်ကြားသင့်တဲ့အရွယ်မှာ ပညာသင်ကြားရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးရပါမယ်၊ (၄) တတ်နိုင်သူများ၊ အလုပ်လုပ်နိုင်သူများအားလုံး ကုန်ထုတ်လုပ်မှုမြင့်မားရေး ရင်းနှီးမြှုပ်နှံအလုပ်လုပ်ကြဖို့လိုပါတယ်။ ဘာအလုပ်ပဲ လုပ်ကြလုပ်ကြ အင်အားရှိမှရမှာဖြစ်လို့ ပျော်ရွှင်ဖွယ်ရာမိသားစုများ တည်ဆောက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းထဲမှ ကျွန်တော်တို့နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့်အရာတွေကို ဆက်လက်သယ်ဆောင်ကြပြီး မကောင်းသောအတွေး မကောင်းသောအမြင်များနဲ့ မကောင်းသောလုပ်ရပ်များကိုချန်ရစ်ခဲ့ကာ လူမျိုးရေး၊ ဘာသာရေး၊ ဒေသအရေးအစွဲများကင်းဝေးခြင်းနဲ့အတူ တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်းစာတရား၊ မုဒိတာတရား၊ မေတ္တာတရားများနဲ့ ကျွန်တော်တို့အားလုံး မျှော်လင့်တောင့်တနေတဲ့ နိုင်ငံတော်သစ်ဆီ ဆက်လက်လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားအပ်ပါတယ်ခင်ဗျာ။

No comments:

Post a Comment