Tuesday, December 12, 2023

ဝိုင်ဘီအက်စ်စီး ခရီးသွားပြည်သူများ QR Code ဖြင့် ယာဉ်စီးခပေးချေနိုင်တော့မည်

 

ရန်ကုန် ဒီဇင်ဘာ ၁၁

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ဝိုင်ဘီအက်စ်ယာဉ်များအား လိုက်ပါစီးနင်းနေသည့် ခရီးသွားပြည်သူများအနေဖြင့် YPS QR Code ဖြင့် ယာဉ်စီးခပေးချေနိုင်တော့မည်ဖြစ် ကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ရုံးချုပ်၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

အသုံးပြုရမည်

QR Code ဖြင့် ယာဉ်စီးခပေးချေရာတွင် MPyps Plus Application ကို အသုံးပြုရမည်ဖြစ်ပြီး ယင်း Application ကို Google Play Store တွင် Download ရယူနိုင်ကြောင်း Asia Starmar Transport Intelligent Co.,Ltd မှ Chief Operating Officer ကိုကျော်သိန်းက ပြောသည်။

လက်ရှိမှာ Application က အသုံးပြုလို့ရတဲ့ အခြေအနေကို ရောက်နေပါပြီ။ အဆင့်လိုက် အကောင်အထည်ဖော်နေတာဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ဒီဇင်ဘာလကုန် ဒါမှမဟုတ် ၂၀၂၄ ခုနှစ်အစပိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ငွေပေးချေမှုသီးသန့်သက်သက်မဟုတ်ဘဲ Life Style ပုံစံမျိုးလုပ်ထားတာဖြစ်ပြီး အလုပ်အကိုင်၊ ကျန်းမာရေးစတဲ့ သတင်းအချက်အလက် တွေထည့်ထားတဲ့အပြင် တခြားဖျော်ဖြေရေးကဏ္ဍတွေလည်း ပါပါတယ်။ လက်ရှိ YPS Card သုံးနေတဲ့သူတွေလည်း ဒီ Application ကနေကတ်မှာ ငွေဘယ်လောက်ကျန်တယ်၊ ငွေဘယ်လောက်ဖြည့်ခဲ့တယ်၊ ယာဉ်စီးခတွေ ဘယ်လိုပေးချေခဲ့တယ်ဆိုတာကို ကြည့်ရှု လို့ရပါတယ်။ အဓိကကတော့ YPS Card မဝယ်ထားတဲ့သူတွေအနေနဲ့ ဖုန်းရှိရုံနဲ့ ယာဉ်စီးခပေးချေနိုင်အောင် ရည်ရွယ်ပြီးလုပ်ဆောင်ထားတာဖြစ်ပါတယ်ဟု ကိုကျော်သိန်းက ရှင်းလင်းပြောကြားသည်။

YPS QR Code ဖြင့် ယာဉ်စီးခပေးချေနိုင်မည်ဆိုပါက ခရီးသွားပြည်သူများအတွက် ပိုမိုအဆင်ပြေနိုင်ပြီးငွေအကြွေ ရှားပါးမှုအခက်အခဲကိုလည်း အထိုက်အလျောက် ပြေလည်သွားစေနိုင်ကာ ငွေဖြည့်သွင်းမှုများ လည်း ပိုမိုအဆင်ပြေစေနိုင်ကြောင်း၊ လက်ရှိတွင် YPS Card ဖြင့် ယာဉ်စီးခပေးချေနိုင်သည့်စနစ်ကို ဝိုင်ဘီအက်စ်ယဉ်လိုင်း ၁၈ လိုင်းရှိ ယာဉ်စီးရေ ၃၅၈၀ တွင် တပ်ဆင်ထားပြီး ဆက်လက်တိုးချဲ့တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ YPS ကတ်အရေအတွက် လေးသိန်းခန့် ဖြန့်ချိထားနိုင်ပြီး အဆိုပါအရေအတွက်၏ ၅၀ ရာခိုင်နှုန်းကျော်မှာ အသုံးပြုလျက်ရှိကြောင်း၊ ရန်ကုန်မြို့တွင်း၌ ဝိုင်ဘီအက်စ်ယာဉ်လိုင်း ၁၃၁ လိုင်းမှယာဉ်အစီးရေ ၃၆၀၀ ကျော်ဖြင့် ခရီးသွားပြည်သူဦးရေ ၁၅၀၀၀၀၀ ခန့်ကို နေ့စဉ်သယ်ယူပို့ဆောင် ပေးလျက်ရှိကြောင်း ယနေ့ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

လင်းရာမ

No comments:

Post a Comment