Tuesday, December 12, 2023

တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ် သိမ်းဆည်းရမိ

 

နေပြည်တော် ဒီဇင်ဘာ ၁၁

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် လယ်ဝေးမြို့နယ်၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၈၁၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၅၄၈၄)ကိုလည်းကောင်း၊ ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့၌ တရားမဝင် သစ်မာ ၂၀ ဒသမ ၇၄ တန်နှင့် အခြားသစ် ၁၈ ဒသမ ၇၆၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၀၃၀၄၀)ကို လည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၈၅၂၄ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာ ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာ တာချီလိတ်၊ မယ်ယန်း ပူးပေါင်းစစ်ဆေးရေးစခန်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ထမင်းပေါင်းအိုး ၃၂ လုံးအပါအဝင် ကုန်ပစ္စည်းရှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၃၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၁၀ ရက်တွင် စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက်၌ လိုင်စင်မဲ့ Alphard ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာသွား ကားလမ်းဘေးအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်သုံးဆီ ဓာတ်ဆီ ၁၀၂ ဂါလန်နှင့် ဒီဇယ်ဆီ ဂါလန် ၉၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၀၈၀၀၀)ကို ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၁၀၈၀၀၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက် လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီး ရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၄၉၆၆၅၂၄ ကျပ်) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment