Monday, December 11, 2023

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ထိုင်းနိုင်ငံခရီးစဉ်အတွင်း Nonthaburi မြို့ရှိ အလုပ်သမားသံရုံး ဖွင့်လှစ်မည့်နေရာအား ကြည့်ရှု

 


နေပြည်တော် ဒီဇင်ဘာ ၁၀

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာသံအမတ်ကြီး ဦးချစ်ဆွေတို့သည် ယနေ့နံနက်ပိုင်းတွင် နွန်ထပူရီမြို့ရှိ အလုပ်သမား သံအရာရှိရုံး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် ယာယီအချက်အလက် ကောက်ယူရေးဌာနခွဲ (TDCC) နှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့၏ ရုံးခန်းနေရာများ ပြောင်းရွှေ့ဖွင့်လှစ်မည့် နေရာသစ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုပ်သမားသံအရာရှိရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့်နေရာ များနှင့် ဝန်ထမ်းအိပ်ဆောင်များ၊ သံအရာရှိရုံးသို့ အကူအညီတောင်းခံလာသည့် အလုပ်သမားများ ခေတ္တတည်းခိုနေထိုင်မည့်နေရာများ၊ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (TDCC) နှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ရုံးခန်းဖွင့်လှစ်မည့် နေရာများကို ကြည့်ရှုစစ်ဆေးကာ အဆောက်အအုံငှားရမ်းရေးစာချုပ်ချုပ်ဆိုပြီး MOEAF မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလုပ်သမားသံအရာရှိရုံးအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီနှင့် ဝန်ကြီး ဌာန၏ လမ်းညွှန်မှုကိုခံယူကာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် သက်ဆိုင်ရာနိုင်ငံမှ အလုပ်ရှင်များက လုပ်အားခေါင်းပုံဖြတ် မခံရစေရန် ကာကွယ်စောင့်ရှောက်မှုများပေးခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ အပြည့်အဝရရှိခံစားနိုင်ရေး ဆောင်ရွက်ပေးခြင်းနှင့် အလုပ်သမားရေးရာ အခက် အခဲများကို သက်ဆိုင်ရာနိုင်ငံရှိ ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၁၁ ခုနှစ်မှစတင်၍ အလုပ်သမားသံအရာရှိတစ်ဦး ခန့်ထားဆောင်ရွက်ခဲ့သော်လည်း အလုပ်သမားအရေအတွက် များပြားလာခြင်းနှင့် အလုပ်သမားရေးရာပြဿနာရပ်များကို ပိုမိုထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားသံအရာရှိ ငါးဦးကို တာဝန်ပေးစေလွှတ်ခဲ့ပြီး၊ MoU U-turn လုပ်ငန်းစဉ်နှင့် အခြားလုပ်ငန်းလိုအပ်ချက်များအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ညွှန်ကြားရေးမှူးအဆင့် အရာထမ်းတစ်ဦးကို အလုပ်သမားသံအရာရှိအဖြစ် ထိုင်းနိုင်ငံသို့ ထပ်မံစေလွှတ်တာဝန်ပေးအပ်ခဲ့ပြီး ဦးစီးအရာရှိအဆင့် အလုပ်သမားသံအရာရှိ တစ်ဦးကိုလည်း ထပ်မံသက်တမ်းတိုး တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ - ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည့် အလုပ်သမားနှင့် CI ထုတ်ပေးမှုအရေအတွက်မှာ ၁ ဒသမ ၁ သန်း၊ MoU လူသစ် သုည ဒသမ ၄၄ သန်း၊ MoU လူဟောင်း သုည ဒသမ ၁၆ သန်း စုစုပေါင်း ၁ ဒသမ ၇ သန်းအပြင် ယခု CI ထပ်ဆောင်ရွက်ရန် ရှစ်သိန်းကျော်ရှိရာ အကြမ်းဖျင်းအားဖြင့် ၂ ဒသမ ၅ သန်းရှိကြောင်း ခန့်မှန်းထားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာလာရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပြီး တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment