Wednesday, December 13, 2023

Myanmar Digital News အမည်ဖြင့် Online Digital Newspaper & News Portal Services လုပ်ငန်း၏ နည်းပညာပိုင်းဆိုင်ရာများနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းလှူဒါန်းပေးအပ်


 နေပြည်တော် ဒီဇင်ဘာ ၁၂

Myanmar Digital News အမည် ဖြင့် Online Digital Newspaper & News Portal Services လုပ်ငန်း၏ နည်းပညာပိုင်းဆိုင်ရာများနှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းလှူဒါန်း ပေးအပ်ခြင်းအခမ်းအနားကိုယနေ့မွန်းလွဲပိုင်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ Megalink Advanced Technologies Co.,Ltd (MAT)မှ တာဝန်ရှိသူများ၊ Myanmar Digital News မှ ဝန်ထမ်းများ တက်ရောက်ကြသည်။

နေရာအနှံ့ ခရီးဆန့်နေပြီဖြစ်

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝန်း၌ သိပ္ပံနှင့်သတင်းအချက်အလက်နည်းပညာ တစ်ဟုန်ထိုးတိုးတက်လာခြင်းကြောင့် ကမ္ဘာအရပ်ရပ်မှသတင်းများသည် အချိန်မဆိုင်းဘဲ နေရာအနှံ့ခရီးဆန့်နေပြီဖြစ်ပါကြောင်း၊ ထိုအထဲမှ မီဒီယာကျင့်ဝတ်စည်းကမ်းများကို လိုက်နာမှုရှိသည့် အွန်လိုင်းမီဒီယာ များရှိသကဲ့သို့ မီဒီယာကျင့်ဝတ် စည်းကမ်းလိုက်နာမှု မရှိသော အွန်လိုင်းမီဒီယာများက နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ တင်းမာမှုများဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သတင်းတုများ၊ ဝါဒဖြန့်မှုများကို ပြုလုပ်လျက်ရှိသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း။

စတင်မိတ်ဆက်ထုတ်လွှင့်နိုင်ခဲ့

ထိုသတင်းတုနှင့် ဝါဒဖြန့်မှုအန္တရာယ်များကို မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ သတင်းသမားများ၊ သတင်းမီဒီယာအများစုနှင့် အွန်လိုင်းသုံးစွဲသူများ ၏ ဖော်ထုတ်နိုင်မှုစွမ်းရည် အားနည်းနေချိန်တွင် နိုင်ငံသားများ သတင်းအချက်အလက်များကို လျင်မြန်စွာသိရှိစေရန်နှင့် ကမ္ဘာအရပ်ရပ်ကပါ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေသည့် သတင်းအချက်အလက် အမှန်များကို သိရှိစေရန် Myanmar Digital News အမည်ဖြင့် အွန်လိုင်းမီဒီယာ တစ်ခုကို ၁၁-၁-၂၀၁၈ ရက်နေ့တွင် စတင်မိတ်ဆက် ထုတ်လွှင့်နိုင်ခဲ့ပါကြောင်း။

Myanmar Digital News (MDN)အမည်ဖြင့် မိုဘိုင်းအက်ပလီ ကေးရှင်း Digital Newspaper အဖြစ် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ နေ့စဉ်ထုတ်ဝေနေသော နိုင်ငံပိုင်သတင်းစာသုံးစောင်ကို နေ့စဉ် နံနက် ၆ နာရီဆိုသည်နှင့် အွန်လိုင်းမှ ဖတ်ရှုနိုင်နေပြီဖြစ်ပြီး MDN ၏ News Portal မှလည်း ပြည်တွင်း/ ပြည်ပနောက်ဆုံးရ သတင်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ အတွေးအမြင်များ၊ တိုင်းရင်းသားရေးရာနှင့် မိန့်ခွန်းစသည်တို့ကိုကဏ္ဍခွဲ၍ စုံလင်စွာဖတ်ရှုလေ့လာနိုင်သည်ကို တွေ့ရပါကြောင်း။

ယခုလို MDN ၏ သတင်း စီးဆင်းမှု အရှိန်ရနေစဉ်တွင် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီက မမျှော်မှန်းနိုင်သည့် အချို့ကန့်သတ်ချက်များကြောင့် ဆက်လက်ဆောင်ရွက်ရန် အခက်အခဲရှိလာသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုကိုရပ်နားပြီး လုပ်ငန်း၏နည်းပညာပိုင်းဆိုင်ရာများနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းလှူဒါန်း ပေးအပ်သွားမည်ဖြစ်သည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်ဟု ပြောကြားလိုပါကြောင်း။

တစ်ဆက်တည်းမှာပဲ MDN အနေဖြင့်လည်း ယခုမှစပြီး ကိုယ်လမ်းကိုယ့်ထွင် ကိုယ်တိုင်ဦးဆောင် ကိုယ့်မော်ကွန်းကိုယ်ရေးထိုးရန် အောင်မြင်အောင်လျှောက်လှမ်းရမည့် အွန်လိုင်းမီဒီယာခရီးလမ်းမှာ အမှားအယွင်းနည်းပါးစွာဖြင့် အောင်မြင်ပါစေ၊ ပြည်သူများ၏ သတင်းသိရှိပိုင်ခွင့် အပေါ်ကိုလည်း အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင် ကြပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါကြောင်း ပြောကြားသည်။

ထို့နောက် Megalink Advanced Technologies Co.,Ltd (MAT) မှ တာဝန်ရှိသူတစ်ဦးက ယနေ့ လှူဒါန်းလွှဲပြောင်းပေးအပ် မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

လွှဲပြောင်းပေးအပ်

ယင်းနောက် Megalink Advanced Technologies Co.,Ltd (MAT) မှ တာဝန်ရှိသူများက သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးထံ Online Digital Newspaper & News Portal Services လုပ်ငန်း၏ နည်းပညာပိုင်းဆိုင်ရာများနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်း ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက Megalink Advanced Technologies Co.,Ltd (MAT) မှ တာဝန်ရှိသူများထံ ဂုဏ်ပြုလက်မှတ်ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

No comments:

Post a Comment