Wednesday, December 13, 2023

ထူးကဲလနတ်တော် ဂုဏ်ပြုဆင်ယင်ကျင်းပ


 

နတ်တော်လသည် ဓနုရာသီဖြစ်သည်။ မိဂသီနက္ခတ်စန်းယှဉ်သည်။ ဂမုန်းပန်း၊ သဇင်ပန်းတို့ ပွင့်ကြသည်။ ဂမုန်းနှင့်သဇင်သည် အတူတူပင်ဖြစ်သည်။ ဂမုန်းနီ၊ သဇင်ဖြူ၊ သဇင်နီ၊ သဇင်နက်စသည့် ဂမုန်းပေါင်း ၁၂၀ ရှိသည်။ ရှေးကမြန်မာတို့သည် သဇင်ပန်းကို တော်ဝင်ပန်းဟုဆိုကြသည်။ ရှေးကမြန်မာတို့သည် သဇင်ပွင့်ပေါ် လနတ်တော်မှာ မဟာဗိန္နဲ သို့မဟုတ် စာဆိုပုဂ္ဂိလ်တို့ကို ပူဇော်သည့် စာဆိုတော်ပွဲလဟု ဆိုခဲ့ကြပြန်သည်။

ရှေးခေတ်က မြန်မာတို့ စစ်မက်အင်္ဂါပြည့်စုံရေးတွင် ဆင်တပ်၊ မြင်းတပ်သည် အဓိကဖြစ်သည်။ ဆင်တပ်၊ မြင်းတပ်ပြည့်စုံသောတိုင်းပြည်သည် စစ်ရေးစစ်ရာတွင် အသာစီးရရန် များသည်။ ရှေးခေတ်က မြန်မာဘုရင်တို့ ဆင်ဖမ်းပွဲကို တခမ်းတနားကျင်းပခဲ့ကြောင်း တောင်ငူခေတ် စာဆိုအကျော်တစ်ဦးဖြစ်သည့် မင်းဇေယျရန္တ မိတ်ကဖွဲ့ဆိုခဲ့သည်။ နတ်တော်လတွင် မြန်မာဘုရင်တို့သည် စစ်ဘက်၊ စာပေဘက်၊ အုပ်ချုပ်ရေးဘက်တွင် ထူးချွန်သော ပညာရှင်များ၊ မင်းညီမင်းသား၊ မှူးမတ်များအား ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ချီးမြှင့်လေ့ရှိသည်။ ထိုသို့ နတ်တော်လတွင် ဘွဲ့နှင်းသဘင်ပွဲ ဆင်ယင်ကျင်းပခြင်းဖြင့် နိုင်ငံတော်တွင် စာပေသူရဲကောင်း၊ စစ်သူရဲကောင်း၊ အုပ်ချုပ်စီမံထူးချွန်သူများ ပေါ်ထွက်လာအောင် လုပ်ဆောင်ရာ ရောက်သဖြင့် တိုင်းပြည်အတွက်အကျိုးရှိသည်။

ထူးခြားလေးနက်သည့် စာဆိုတော်ပွဲနှင့်ပတ်သက်၍ မြန်မာ့စွယ်စုံကျမ်းတွင် နှစ်စဉ်နတ်တော်လဆန်း ၁ ရက်နေ့သည် စာဆိုတော်နေ့ဖြစ်သည်။ ယင်းစာဆို တော်နေ့ကို ၁၃၀၆ ခုနှစ် ဂျပန်ခေတ်တွင် ပညာရေးဝန်ကြီး ဦးလှမင်း၊ ဒီးဒုတ် ဦးဘချို၊ သူကြီးဂေဇက် ဦးခင်မောင်၊ ဦးသိန်းဟန်၊ ဦးကောင်း၊ သူရိယဦးသိမ်းမောင်၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဇဝန၊ မြို့မ ဆရာဟိန်စသည့် မြန်မာနိုင်ငံစာရေးဆရာများအသင်း အမှုဆောင်အဖွဲ့နှင့် စာပေဆိုင်ရာလူကြီးများ ညှိနှိုင်းသတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ စာဆိုတော်နေ့ကို စာရေးဆရာများအသင်း ဖွဲ့စည်းပြီးနောက် ၄ နှစ်မြောက်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ခရစ်နှစ် ၁၉၃၉ ခုနှစ် မတိုင်မီက စာရေးဆရာများအသင်းဟူ၍ မရှိသေးပေ။ စာရေးဆရာအချို့တို့ ဖွဲ့စည်းထားသော ကလောင်အဖွဲ့လေးတစ်ခုသာရှိသည်။ ၁၉၃၉ ခုနှစ်တွင် အင်္ဂလိပ်စာရေးဆရာကြီး အိပ်၊ ဂျီ၊ ဝဲသည် မြန်မာနိုင်ငံသို့ အလည် ရောက်လာသောအခါ စာရေးဆရာများက စုပေါင်း၍ကျင်းပသောဧည့်ခံပွဲနှင့် စာရေးဆရာ ပီမိုးနင်းကွယ်လွန်၍ ဈာပနကိစ္စတို့တွင် စာရေးဆရာများစုမိကြရာမှ ဒီးဒုတ်ဦးဘချိုခေါင်းဆောင်၍ စာရေးဆရာအသင်းတည်ထောင်ဖြစ်သည်။ မူလက မြန်မာပြည်စာရေးဆရာများအစည်းအရုံးဟု ခေါ်တွင်ခဲ့သည်။ ဂျပန်ခေတ်တွင် စာရေးဆရာအသင်းကို ပြန်လည်စုစည်းပြီး မြန်မာနိုင်ငံစာရေးဆရာများအသင်းဟု မှည့်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံ၌ ပထမဆုံးကျင်းပသည့် စာဆိုတော်နေ့တွင် စာဆိုတော်အထိမ်းအမှတ်အဖြစ် စလေဦးပုည၏ ဝိဇယပြဇာတ်ကို စာရေးဆရာများကိုယ်တိုင် သရုပ်ဖော်ကပြခဲ့ရာမှ နှစ်စဉ်စာဆိုတော်နေ့များတွင် စာဆိုတော်စာရေးဆရာကြီး တစ်ယောက်ယောက်၏အတ္ထုပ္ပတ္တိကို ပြဇာတ်အဖြစ်ပြသသည့် အလေ့အထစွဲမြဲလာခဲ့သည်။ စာဆိုတော်နေ့တွင် သက်ကြီးဝါကြီးစာရေးဆရာကြီးများကို ကန်တော့ခြင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်း၊ စာပေပြိုင်ပွဲ၊ စာပေဟောပြောပွဲတို့ကို ရန်ကုန်မြို့နှင့် အနယ်နယ်အရပ်ရပ်တို့တွင် ကျင်းပပြုလုပ်ကြသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံ၌ စာဆိုတော်နေ့နှင့်အခမ်းအနားများ နှစ်စဉ်ကျင်းပလာခဲ့သည်။

ထို့ကြောင့် နတ်တော်လစာဆိုတော်လသည် ထူးခြားလေးနက်သည့် အနှစ်သာရအပေါင်းအစုတို့ အားသစ်သွန်းလောင်းသည့်လဖြစ်၍ တိုင်းပြည်အတွက် အရေးပါသောလဖြစ်သည်။ စစ်ရေးစစ်ရာတွင်လည်းကောင်း၊ ပညာအရေးပညာ အရာတွင်လည်းကောင်း ထူးချွန်ထက်မြက်သူများ၊ စွမ်းစွမ်းတမံထမ်းဆောင်သူများ၊ ရွပ်ရွပ်ချွံချွံကြိုးပမ်းထမ်းရွက်ခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်သောလဖြစ်၍ တိုင်းပြည်အတွက် ကောင်းသောလက္ခဏာပြည့်စုံသည့်လဖြစ်သည်။ တိုင်းပြည်တွင်ဆင်တပ်၊ မြင်းတပ်ကဲ့သို့ ကြည်းတပ်၊ လေတပ်၊ ရေတပ် စစ်မက်အင်္ဂါများလည်း ပြည့်စုံသည်။ မကြာသေးမီက တိုင်းပြည်ကာကွယ်ရေးအတွက် စွမ်းစွမ်းတမံထမ်းရွက်ကြသော၊ ရွပ်ရွပ်ချွံချွံထမ်းဆောင်ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့သည်။

မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးက မျိုးစေ့ချပေးခဲ့သော စာဆိုတော်နေ့ကို ကျင်းပတော့မည်ဖြစ်သည်။ စာပေဘက်တွင် ထူးချွန်ပေါက်မြောက်သောပုဂ္ဂိုလ်များအား အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို နှစ်စဉ်အစဉ်အလာမပျက် ချီးမြှင့်ပေးအပ်မည်ဖြစ်သည်။ စာဆိုတော် နေ့မတိုင်မီရက်များမှစ၍ နိုင်ငံတစ်ဝန်းရှိကျောင်းများ၊ ရပ်ကွက်များတွင် စာဆိုတော်နေ့ဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့် ပုံပြောပြိုင်ပွဲများကျင်းပကြသည်။ စာပေအဖွဲ့အစည်းများကဦးဆောင်၍ သက်ကြီးစာပေ ပညာရှင်များကိုလည်း ရိုသေဂါရဝအလေးအမြတ်ထား၍ ပူဇော်ကန်တော့ကြသည်။

သို့ဖြစ်ရာ ထူးခြားလေးနက်သည့် နတ်တော်လတွင် စာပေရေးရာ၊ စစ်ရေးစစ်ရာတို့တွင် တိုင်းပြည်နှင့်လူမျိုးအကျိုးကို စွမ်းစွမ်းတမံထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များအား အားပေးဂုဏ်ပြုချီးမြှင့်မြှောက်စားသည့် အစဉ်အလာကောင်းများကို အစဉ်အလာမပျက်ဆင်ယင်ကျင်းပသည့် ပွဲတော်ကာလဖြစ်၍ နိုင်ငံကာကွယ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးအတွက် စွမ်းအားတိုးပွားလာအောင် ဆောင်ကြဉ်းပေးသည့် ရာသီကာလဖြစ်ပါကြောင်း။ ။

No comments:

Post a Comment