နတ်တော်လသည် စာဆိုတော်လဖြစ်သည်။ စာဆိုတော်များကို အလေးအမြတ်ပြု၍ စာဆိုသဘင်၊ စာဆိုဆုနှင်း၊ စာဆိုတော်ပူဇော်၊ စာဆိုတော်ဂုဏ်ပြုချီးမြှင့်စသည်ဖြင့် စာပေနှင့်ပတ်သက်၍ ထူးထူးကဲကဲ ဆောင်ရွက်ကြသော မွန်မြတ်သည့်ကာလဖြစ်သည်။ စာပေသည် မြတ်စွာဘုရားရှင်ဟောကြားခဲ့သော သုတ္တန်၊ ဒေသနာတရားမြတ်တို့မှ ဆင်းသက်ပေါက်ဖွားလာသော အမြုတေရတနာဖြစ်သည်။ ထို့ကြောင့် စာပေနှင့်စပ်လျဉ်း၍ ချီးကျူးဖွဲ့ဆိုရာ၌ ဓမ္မစာပေကို ဦးစွာဦးခိုက် အလေးအမြတ်ပြုရမည်ဖြစ်သည်။
မြန်မာစာပေသမိုင်းတွင် ဓမ္မကိုအခြေခံသည့် ကျောက်ထက်အက္ခရာ၊ ပေထက်အက္ခရာစာပေများ စတင်ပေါ်ထွန်းလာသည်။ သရေခေတ္တရာမှ ပျက်စီးနေသော ကျောက်စာနှစ်ချပ်တွင် မောရသုတ်နှင့် မင်္ဂလသုတ်ဂါထာများ ရေးထိုးထားသည်ကို တွေ့ရသည်။ ဓမ္မစာဆိုတော်များသည် ပုဂံခေတ်မှ စတင်ပေါ်ထွန်းလာသည်ဟု ဆိုနိုင်ပါသည်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် အသိအမှတ်ပြုခံရသော မြစေတီကျောက်စာ၌ ဘာသာလေးမျိုးဖြင့် ရေးထိုးထားသည့် ကျစ်လျစ်သိပ်သည်း သိမ်မွေ့နက်နဲသော စကားပြေအရေးအသားများကို တွေ့ရသည်။ စကားပြေကျစ်လျစ်ခြင်းအရသာကို သိလိုလျှင် မြတ်စွာဘုရားရှင်ဖြစ်တော်စဉ် ငါးရာ့ငါးဆယ်ဇာတ်တော်များကို ဖတ်ရှုလေ့လာနိုင်သည်။
ပုဂံခေတ်က ပေါ်ထွန်းခဲ့သည့် ဓမ္မစာဆိုများသည် မြန်မာစာပေဖွံ့ဖြိုးတိုးတက်လာအောင် စာပေဘဏ္ဍာတိုက်ကိုထူထောင်၍ သုတရသစာပေမျိုးစုံ ရေးသားဖြည့်ဆည်းပေးခဲ့သည့် ရှေးဦးစာပေပညာရှင်များဖြစ်သည်။ ဓမ္မစာဆိုတော်များသည် ယနေ့ခေတ် စာရေးဆရာများ၏ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်မွန်များဟုလည်း ခေါ်ဆိုထိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဓမ္မစာဆိုတော် ရဟန်းပညာရှိ၊ လူပညာရှိတို့ ၏ ပျို့၊ ကဗျာ၊ လင်္ကာ၊ တေးထပ် စသည့်စာပေအရေးအဖွဲ့မျိုးစုံတို့ကိုမှီ၍ ရတုပြုလုပ်ထုံးနှင့်အညီ စာပေရေးသားရင်း စာရေးဆရာ အကျော်အမော်များ ဖြစ်လာကြသည်။
ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်စသည့် ရှေးမြန်မာဘုရင်များလက်ထက် စာပေခေတ်တိုင်းမှစ၍ ယနေ့ကာလတိုင်အောင် ရေးသားခဲ့ကြသောစာပေများကို ဆန်းစစ်ကြည့်ရုံမျှဖြင့် ဓမ္မစာဆိုတော်များ၏ အမျိုး၊ ဘာသာ၊ သာသနာအတွက် တာဝန်ကျေခဲ့ကြသည်များကို သိနိုင်ပါသည်။ ကျေးဇူးသိတတ်သူ တိုင်း မမေ့အပ်သော ခေတ်အဆက်ဆက် ဓမ္မစာဆိုတော်များကို စာဆိုတော်လဖြစ်သည့် ဤနတ်တော်လတွင် ကျေးဇူးဆပ် ဦးခိုက်ကြရမည်ဖြစ်သည်။ ရတနာသုံးပါးဂုဏ်ဝင် ဓမ္မအမွေအနှစ်များ၏တန်ဖိုးနှင့် ကျေးဇူးတရားများမှာ ကြီးမားလှပါပေသည်။
မြတ်စွာဘုရားရှင်သည် ခေမာမိဖုရားကဲ့သို့ အလှအဆင်းမာန်တက်သူများအတွက် စရိုက်နှင့်လျော်ညီအောင် သူ့ထက်ကဲ အလှမယ်ဖန်ဆင်းပြပြီးမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘဟူသည့် လက္ခဏာရေးဆင်ခြင်ဓမ္မကို မြင်လာအောင်ဟောကြားခဲ့သည်။ ဓမ္မစာဆိုများကလည်း ဆရာအရှင်မြတ်ဗုဒ္ဓနည်းကိုမှီ၍ လောကီ၊ လောကုတ္တရာနှစ်ဌာနတွင် အကျိုးများမည့် ဓမ္မအသိဉာဏ်များ ပွင့်လင်းအောင်ရေးဖွဲ့ခဲ့ကြသည်။ ကုသိုလ်၊ အကုသိုလ်အစရှိသည့် ဆောင်ရန်၊ ရှောင်ရန် အဆုံးအမများကို ဓမ္မရသထုံမွမ်း၍ ကဗျာနှစ်သက်သူများအတွက် ကဗျာပုံစံ၊ အလင်္ကာချစ်သူများအတွက် အလင်္ကာပုံစံ၊ တေးထပ်၊ ဝတ္ထု၊ ဇာတ်တော် စသည်ဖြင့် ထေရဝါဒဓမ္မရသများကိုအခြေခံ၍ အသိဉာဏ်အလင်းကို ဖွင့်လှစ်ပေးကြသည်။
ဓမ္မစာပေမြတ်နိုးသူများအနေဖြင့် စာပေအင်္ဂါအဆင်တန်ဆာဖြစ်သည့် အလင်္ကာအဖွဲ့အနွဲ့များကို ကျော်လွှားထိုးဖောက်ကာ စာရေးဆရာပေးချင်သော ဓမ္မရတနာကို သိမြင်လိုက်နာကျင့်သုံးပါက မဂ်ဉာဏ် ဖိုဉာဏ်နှင့်တကွ နိဗ္ဗာန်ချမ်းသာကိုပင် ရရှိနိုင်ပေသည်။ ဓမ္မစာပေ၏တန်ဖိုးကို စာပေအကျော် စတုရင်္ဂဗလအမတ်ကြီးက “နိကာယ်လုံးစုံ၊ ကျမ်းသုံးပုံဝယ်၊ အာရုံညွတ်ညွတ်၊ ပရမတ်ကို၊ အထွတ်ဘုန်းခိုင်၊ သိမြင်နိုင်က၊ ကျော်လှိုင်ပေါက်ပြ၊ ကြားလကလျှင်၊ ဘဝသုံးမည်၊ လူနတ်ပြည်၌၊ မည်သည့်ကုသိုလ်၊ နှိုင်းဆိုမတန်၊ နိဗ္ဗာန်လက်လှမ်း၊ နန်းပွင့်ငြမ်းသည်၊ ရွှင်လန်းဝမ်းမြောက်တော်မူစေသော်”ဟု ဖော်ထုတ်မှတ်တမ်းတင်ထားသည်။
ထို့ကြောင့် နတ်တော်လသည် စာဆိုတော်လဖြစ်သည်နှင့်အညီ ဓမ္မစာပေမှဆင်းသက်လာသော စာပေကျေးဇူးကို အထူးသိမြင်ကြရမည်။ စာဆိုတော်များ ဆင်းသက်ရာမှာ ဓမ္မစာပေဖြစ်သဖြင့် စာဆိုတော်နေ့ သို့မဟုတ် ဓမ္မစာဆိုတော်နေ့ဟု သတ်မှတ်ခဲ့သည်။ နတ်တော်လပြည့်နေ့ရောက်တိုင်း ဓမ္မစာဆိုတော်နေ့ကို မြန်မာသက္ကရာဇ် ၁၃၅၄ ခုနှစ်တွင် စတင်ကျင်းပလာခဲ့သည်။ ယခုအခါ စာဆိုတော်နေ့နှင့် စာပေဆိုင်ရာတို့ကို အထူးပြုကျင်းပကြသော်လည်း ဓမ္မစာဆိုတော်နေ့မှာ မှေးမှိန်နေပြန်သည်။ အမှန်တကယ်တွင် စာပေအမွန်အဦး ထူးကဲမွန်မြတ်သည့် ဓမ္မစာပေ၊ ဓမ္မစာဆိုတော်ကို မမေ့မလျော့အလေးအမြတ်ပြုရမည်ဖြစ်ရာ ဤနတ်တော်လပြည့် ဓမ္မစာဆိုတော်နေ့တွင် ဓမ္မစာဆိုများအား ဦးခိုက်ပူဇော်လိုက်ရပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)
No comments:
Post a Comment