Wednesday, December 27, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

 


နေပြည်တော် ဒီဇင်ဘာ ၂၆

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

 








ကြည့်ရှုအားပေး

အဆိုပါ ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ၊ အားကစား ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မန္တလေးဇုန်(က)အသင်းနှင့် မန္တလေးဇုန်(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင်ကြပြီး ပထမပိုင်းပွဲကစားချိန် ၁၆ မိနစ်တွင် မန္တလေးဇုန် (ခ)အသင်းက ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး ပွဲကစားချိန် ၃၆ မိနစ်တွင် ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့သည်။ ထို့နောက် ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ပွဲကစားချိန် မိနစ် ၅၀ တွင် မန္တလေးဇုန် (ခ)အသင်းက တတိယဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သည်။

အနိုင်ရဗိုလ်စွဲ

ယင်းနောက် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖိအားပေးကစားကြပြီးပွဲကစားချိန် ၅၉ မိနစ်တွင် မန္တလေးဇုန်(က)အသင်းက ပထမဆုံးချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပွဲကစားချိန် ၇၄ မိနစ်တွင် ဒုတိယချေပဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သော်လည်းပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးချိန်တွင် မန္တလေးဇုန်(ခ) အသင်းက မန္တလေးဇုန်(က) အသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားသည်။

ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အကောင်းဆုံး(ဂိုးသမား)ဆု၊ အကောင်းဆုံး(နောက်တန်း)ဆု၊ အကောင်းဆုံး(အလယ်တန်း)ဆု၊ အကောင်းဆုံး(ရှေ့တန်း)ဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာမှုထန်၊ မန်းငြိမ်းမောင်၊ ပိုးရယ်အောင်သိန်းနှင့်ဒေါ်ဒွဲဘူတို့က တစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်က နှစ်သိမ့်ဆုရရှိသည့် ရန်ကုန်ဇုန်(ခ)အသင်းအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက တတိယဆုရရှိသည့် ရန်ကုန်ဇုန်(က)အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဒုတိယဆုရရှိသည့် မန္တလေးဇုန်(က)အသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပထမဆုရရှိသည့် မန္တလေးဇုန်(ခ)အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

တံခွန်စိုက် ဆုဖလားပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် မန္တလေးဇုန်(ခ)အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ဆုပေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment