Wednesday, December 27, 2023

သတိနှင့် ဉာဏ်ပညာ ဆင်ခြင်တုံတရား ရှေ့မှာထား

 


သတင်းဟုဆိုသည်နှင့် မှန်ကန်တိကျရမည်၊ ဘက်မလိုက်ဘဲ မျှတရမည်ဟူသည့် အခြေခံကျင့်ဝတ်တို့ကို မီဒီယာအဖွဲ့အစည်းတိုင်းက အနိမ့်ဆုံးအားဖြင့် စောင့်ထိန်းကြရသည်။ အကယ်၍ မှန်ကန်မှုမရှိ၊ လွဲမှားနေသောအချက်အလက်များကို ဖော်ပြ၊ ထုတ်လွှင့်မိပါကလည်း အနီးဆုံးအချိန်တွင် ပြန်လည်ပြင်ဆင်ထုတ်ပြန်ပေးကြရသည်။ သတင်းဆိုသည်မှာ မီဒီယာတို့က ထုတ်ပြန်လိုက်ပြီးသည်နှင့် လူထုအတွင်းပျံ့နှံ့ရိုက်ခတ်မှုတို့ ဖြစ်ပေါ်စမြဲဖြစ်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော မီဒီယာတိုင်းက မိမိတို့သတင်းကြောင့် လူ့အဖွဲ့အစည်း၏ကောင်းကျိုးကို မဆောင်ကြဉ်းနိုင်သည့်တိုင် လူ့အဖွဲ့အစည်းထိခိုက်မှုမရှိစေရန်၊ ပျက်စီးရာ ပျက်စီးကြောင်းမဖြစ်စေရန် သတိကြီးစွာဖြင့် ဆောင်ရွက်ကြရမြဲဖြစ်သည်။

ခရစ်နှစ် ၂၀၀၀ ပြည့်လွန် ဆယ်စုနှစ်များအတွင်း မိမိတို့နိုင်ငံတွင် အင်တာနက်လူမှုကွန်ရက်သုံးစွဲမှုများ အလျင်အမြန် တိုးတက်လာခဲ့ရာ ပင်မမီဒီယာကြီးများဖြစ်သည့် သတင်းစာ၊ ဂျာနယ်များ၊ ရုပ်မြင်သံကြားလိုင်းများ ကြည့်ရှုမှုကျဆင်းသွားသည်။ ပြည်သူအများစု၏ သတင်းရယူကြည့်ရှုမှုမှာ အင်တာနက်လူမှုကွန်ရက်များကို ပိုမိုမှီခိုလာခဲ့သလို ပြည်သူလူထုအတွင်း media literacy, news literacy ခေါ် သတင်းအတုအယောင်၊ အမှန်အမှား ခွဲခြားသိနိုင်စွမ်းလည်း မြင့်မားရန်လိုအပ်လာသည်။ သတင်းတုဆိုသည်မှာ လုံးဝဖြစ်ပေါ်ခဲ့ခြင်းမရှိသောဖြစ်စဉ်ကို ဖြစ်ခဲ့သယောင် လုပ်ကြံဖန်တီးဖော်ပြသည့် သတင်းဖြစ်ပြီး သတင်းအမှားကမူ သတင်းဖြစ်စဉ်အားဖြင့် ဖြစ်ပေါ်ခဲ့သော်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းအချက်အလက်အလွဲအမှားများ ထည့်သွင်းဖော်ပြထားသည့် သတင်းများဖြစ်သည်။ ကျင့်ဝတ်စောင့်ထိန်းသည့် သတင်းမီဒီယာများက သတင်းတစ်ပုဒ်ကို သဘောရိုးဖြင့် မှားမိလျှင်ပင် အမှားပြင်ဆင်ချက်ကို ထင်ထင်ရှားရှားဖော်ပြ၍ ပရိသတ်ကိုတောင်းပန်ကာ သိက္ခာရှိရှိ ရပ်တည်ကြသော်လည်း မီဒီယာအတုအယောင်များ၊ ကျင့်ဝတ်ပျက်နေသည့် မီဒီယာများက သတင်းတု၊ သတင်းမှားများကို တိုင်းပြည်ပျက်စီးစေရန်အကြံဖြင့် ထုတ်လွှင့်ဖော်ပြနေကြသည်ကို တွေ့ရှိရသည်။

Khit Thit ၊ Mizzima ၊ DVB ၊ RFA ၊ Ayeyarwaddy Times နှင့် မြေလတ်အသံတို့က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း facebook မှတစ်ဆင့် သတင်းစုစုပေါင်း ၆၂၃ ပုဒ် ဖော်ပြခဲ့ရာ သတင်းအတု၊ သတင်းအမှား ၅၈၂ ပုဒ် ပါဝင်ခဲ့သည်။ ၎င်းတို့ဖော်ပြခဲ့ကြသည့် သတင်းများ၏ ရာခိုင်နှုန်း ၉၀ ကျော်သည် မဟုတ်၊ မမှန်။ သတင်းအပုဒ် ၆၀၀ ကျော်တွင် သတင်းအတု ၂၀၀ နီးနီးနှင့် သတင်းအမှား ၄၀၀ ခန့်ပါဝင်နေသည်။ တိတိကျကျဆိုရလျှင် သတင်းစုစုပေါင်း ၆၂၃ ပုဒ်တွင် ၄၁ ပုဒ်ကိုသာ သတင်းအမှန်ဟုလက်ခံ၍ရသည်။ သတင်းတု၊ သတင်းမှားများဖော်ပြခြင်း၏ ရည်ရွယ်ချက်သည် တော်လှန်ရေးအမည်ခံ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်၊ လိမ်ညာဝါဒဖြန့်ချိမှုများပြုလုပ်၍ အကြမ်းဖက်အဖွဲ့များကို အရောင်တင်ပေးရန်၊ အခြေအမြစ်မရှိသော သတင်းတုသတင်းမှားများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပုပ်ချရန်၊ အများပြည်သူ အထင်အမြင်လွဲမှား မုန်းတီးစေရန်ဖြစ်သည်။

နိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ခိုက်မှုများမှာ နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာမဟုတ်။ သေကျေပျက်စီးဆုံးရှုံးသမျှ မည်သည့်ဘက်ကဖြစ်စေ မိမိတို့သွေးသား၊ မိမိတို့နိုင်ငံသား၊ မိမိတို့ပိုင်ဆိုင်မှုများသာဖြစ်သည့်အလျောက် လိုအပ်မှသာ လိုအပ်သလောက် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် သတင်းများ ထုတ်ပြန်ပေးလျက်ရှိသည်။ သတင်းအတု၊ သတင်းအမှားများသည် သတင်းစားသုံးသူပြည်သူကို လွဲမှားစွာနားလည်စေပြီး လွဲမှားစွာ ဆုံးဖြတ်စေသည့်အလျောက် အန္တရာယ်လည်း ကျရောက်စေသည်။ သတင်းတု၊ သတင်းမှားဖြင့် ပြည်သူကို သတင်းအဆိပ်သင့်စေခြင်းပင်ဖြစ်ရာ လူမှုကွန်ရက်တွင် တွေ့သမျှ၊ မြင်သမျှ၊ ကြားသမျှ သတင်းတို့ကို အတုအယောင်၊ အမှားအမှန်၊ ဖြစ်နိုင်မဖြစ်နိုင် စသည်တို့ကို သတိကြီးစွာထား၍ ဉာဏ်ပညာဆင်ခြင်တုံ တရားဖြင့် ခွဲခြားစိစစ်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)

No comments:

Post a Comment