Monday, December 25, 2023

ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းရာပြည့်အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ


 

ရန်ကုန် ဒီဇင်ဘာ ၂၄

ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းသား ဟောင်းများအသင်းက ကြီးမှူးကျင်းပသည့် ရန်ကုန် တက္ကသိုလ်များ လှေလှော်အသင်း ရာပြည့်အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း၌ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်း နာယက ဒေါက်တာကံဇော် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ YUBC အသင်းသားဟောင်းများ အသင်းဥက္ကဋ္ဌ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်း ဥက္ကဋ္ဌ၊ အသင်းသူ၊ အသင်းသားများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း ရာပြည့်အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး၊ YUBC အသင်းသားဟောင်းများအသင်းဥက္ကဋ္ဌ၊ ရန်ကုန် တက္ကသိုလ်များလှေလှော်အသင်း ဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာ ကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင် YUBC အသင်းကြီး၏ ဆောင်ပုဒ်ဖြစ်သည့် “သေသည့်တိုင် အောင် တက်ကိုဆောင် Row Till You Are DEAD တက်ညီလက်ညီလှော်ခတ်မည် ဆောင်ပုဒ်နှင့်အညီ ကျောင်းသားမျိုးဆက်တိုင်း ခေါင်းဆောင်မှု၊ စည်းလုံးညီညွတ်မှု၊ တက်ညီလက်ညီရှိမှုတို့မှ ရှေ့ပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိကာ အောင်ပွဲခံနိုင်မည်ဆိုသည့် စိတ်ဓာတ်များကို မွေးမြူလေ့ကျင့်ပေးလျက်ရှိ ကြောင်း၊ နိုင်ငံအဆင့်နှင့်နိုင်ငံတကာပြိုင်ပွဲများတွင် လှေလှော်အားကစား အောင်မြင်တိုးတက်စေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် YUBC အသင်းနှစ် ၁၀၀ ပြည့် အခမ်းအနားမှသည် နောင်နှစ်ပေါင်းများစွာတိုင် အသင်းကြီး၏ အစဉ် အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး မျိုးဆက်သစ်များအား လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ်များလှေလှော် အသင်းဥက္ကဋ္ဌက ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာသူများသည် YUBC အသင်း၏ သမိုင်းဝင်ဓာတ်ပုံ မှတ်တမ်းများကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် လေးယောက်လှော်၊ ရှစ်ယောက်လှော် အမျိုးသား၊ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကြရာ YUBC CENTENARY CUP ဖလားရရှိသော အမျိုးသား/အမျိုးသမီးအသင်းကို ပြည်ထောင်စုဝန်ကြီးက လည်းကောင်း(ဝဲပုံ)၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်များအား တက္ကသိုလ်ပါမောက္ခချုပ်များနှင့် YUBC အသင်းသားဟောင်းများကလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် အသင်း၏အောင်နိုင်ရေးအထိမ်းအမှတ် ကြွေးကြော်သံကို သံပြိုင်ဟစ်ကြွေး၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း၏ နှစ်ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ညပိုင်းတွင် ဆက်လက် ကျင်းပသည်။

ရန်ကုန်တက္ကသိုလ်လှေလှော်အသင်း (YUBC) ၏ နှစ် ၁၀၀ ပြည့်အခမ်းအနားကို တက္ကသိုလ်များ လှေလှော်အသင်း၏ အခန်းကဏ္ဍနှင့်စွမ်းဆောင် ချက်များအား ကျောင်းသားကျောင်းသူများ ကျယ်ပြန့်စွာသိရှိစေရန်၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များ ပိုမိုချိတ်ဆက်မှုရရှိပြီး လှေလှော်အားကစားထူးချွန်သူများ စနစ်တကျမွေးမြူရေးကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်ရန်၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ YUBC သို့ အသင်းသားအဖြစ် ဝင်ရောက်၍ မြန်မာ့လှေလှော်အားကစားမြှင့်တင်ရေးတွင် ပါဝင်ဆောင်ရွက် လိုစိတ်များ မြင့်မားလာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment