Monday, December 25, 2023

မြန်မာနိုင်ငံစာရေးဆရာအသင်း မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ


 

ရန်ကုန် ဒီဇင်ဘာ ၂၄

မြန်မာနိုင်ငံစာရေးဆရာအသင်း ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆို တော်နေ့အထိမ်းအမှတ် သက်ကြီး စာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန် မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကန်တာ့ခံသက်ကြီး စာပေပညာရှင်ဆရာ ကြီး/ဆရာမကြီးများ၊ မြို့နယ်စာရေးဆရာအသင်းမှ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကလှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ နှင့် ငွေကျပ် ၁၀၃ သိန်းကျော် တန်ဖိုးရှိ အဝတ်အထည်များအား ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က လက်ခံရယူသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနကလှူဒါန်းသည့် ငွေကျပ် ၂၅ သိန်းကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ငွေကျပ်သိန်း ၁၅၀ နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက လှူဒါန်းသည့် ငွေကျပ် ၂၇ သိန်း ၈ သောင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူများ ကလည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာန ချုပ်မှ လှူဒါန်းသည့် ငွေကျပ် ၁၀ သိန်းကို ဗဟိုအတွင်း​ရေးမှူး ဦးပိုက်ထွေးကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ငွေကျပ်သုံးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင် မောင်စိုး မိသားစုလှူဒါန်းသည့် ငွေကျပ် သုံးသိန်းတို့ကို ဦးခင်မောင်စိုးကလည်းကောင်းပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေး ဆရာအသင်းဥက္ကဋ္ဌကလက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် နှစ်စဉ် စာပေပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲအခမ်း အနားကို ကျင်းပလာခဲ့သည်မှာ (၃၆) ကြိမ်ရှိပြီဖြစ်ပါကြောင်း၊ နတ်တော်လဆန်း ၁ ရက်နေ့ကို နှစ်စဉ်စာဆိုတော်နေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က စာပေပညာရှင်ကြီးများကို အလေးထားပါကြောင်း၊ နိုင်ငံတော်ကလည်း စာပေလောကသားများ၊ စာပေ ပညာရှင် စာရေးဆရာကြီး/ဆရာမ ကြီးများကို တတ်စွမ်းသရွေ့ ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိ ပါကြောင်း။

လက်ရှိ နိုင်ငံတော်တွင်ဖြစ်ပျက်နေသည့် သတင်းတု၊ သတင်းမှားများကြောင့် တိုင်းရင်းသားပြည်သူများ ဒုက္ခရောက်စေမည့်ဘေးမှ ကင်းဝေးနိုင်စေရေး စာပေပညာရှင် စာရေးဆရာကြီးများက မိမိတို့နားလည်တတ်ကျွမ်း ထားသည့် စာပေကလောင် စွမ်းအားဖြင့် သတင်းအမှန်များကို ဖော်ထုတ်ရေးသားပေးကြစေလို ပါကြောင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) က အလှူရှင်စာရင်းကို ဖတ်ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ကန်တော့ခံသက်ကြီးစာပေပညာရှင်ကြီးများအား ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး ကန်တော့ပစ္စည်းနှင့် ကန်တော့ငွေများ ပေးအပ်ကြသည်။

ယင်းနောက် ကန်တော့ခံသက်ကြီး စာပေပညာရှင်ကြီး များကိုယ်စားအမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး ဒေါက်တာထွန်းတင့်(မြန်မာစာ)က ဩဝါဒစကား ပြောကြားသည်။

မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ပွဲတွင်ပါဝင် ဆောင်ရွက်ကြမည့် ရွှေကြိုမောင် မယ်များရွေးချယ်ပွဲသို့ တက်ရောက် ကြည့်ရှုအား​ပေးပြီး နှုတ်ခွန်းဆက် စကားပြောကြားသည်။

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်များ ရွေးချယ်နိုင်ရန် ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အထိလျှောက်လွှာများ ခေါ်ယူခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသူ ၂၅၃ ဦး လျှောက်ထားခဲ့သည်။ အဆိုပါ လျှောက်ထားသူများအား ဒီဇင်ဘာ ၁၇ ရက်မှစ၍ စိစစ်ရွေးချယ်ခဲ့ရာ ပဏာမအဆင့် ၉၇ ဦး ရွေးချယ်ခဲ့ပြီး ဒုတိယအဆင့်ဆက်လက် စိစစ်ရွေးချယ်နေကြောင်း သိရသည်။

ရွှေကြိုမောင်မယ်ရွေးချယ်ပွဲကို အကယ်ဒမီဝါရင့် သရုပ်ဆောင်များဖြင့် စုဖွဲ့ထားသောဒိုင်များက အသံပီသမှု၊ လမ်းလျှောက်မှုဟန်ပန်၊ သရုပ်ဖော်ပြသခြင်းနှင့် ကျွမ်းကျင်ရာပြသမှုတို့ကို အမှတ်ပေးကြပြီး ရွေးချယ်ခဲ့ကြောင်း သိရသည်။

 သတင်းစဉ်

No comments:

Post a Comment