မန္တလေး ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ စိုက်ပျိုးသော ဆီးခြံများမှ ဆီးသီးများ မကြာမီကာလတွင် ထွက်ပေါ်တော့မည်ဖြစ်၍ တရုတ်ဈေးကွက်၌ ယခင်နှစ်က ပေါက်ဈေးအတိုင်းရရှိရန် ဆီးသီးစိုက် တောင်သူများက မျှော်လင့်ကြောင်း ပုသိမ်ကြီးမြို့နယ်မှ ဆီးခြံပိုင်ရှင် ဦးမြင့်ဆွေကပြောသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးမြို့နယ် တချို့ရှိဆီးခြံများမှ ဆီးသီးများ စတင်ထွက်ရှိ၍ ဈေးကွက်အတွင်း ရောင်းချနေသော်လည်း တရုတ်ဈေးကွက်၌ လူကြိုက်များသည့် ပုသိမ်ကြီး ဆီးခြံများမှ ဆီးသီးများမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပုသိမ်ကြီးကထွက်တဲ့ ဆီးသီးကစဉ့်ကိုင်ဆီးသီးတုံးချိန်
ဇန်နဝါရီလလောက်မှာ စထွက်တော့ နောက်ဆွဲသီးဖြစ်တဲ့အတွက် ဈေးကောင်းရတာပေါ့။ ဆီးသီးက ပေါပေါများများရှိပြီး
ဈေးကွက်ရှိဖို့ပဲလိုတယ်။
မနှစ်က တရုတ်ဈေးကွက်မှာ ဆီးသီးတစ်ဖာကို ငွေကျပ် ၂၅၀၀၀ လောက် အမြတ်ရတယ်။ ဒီနှစ်မှာ တရုတ်လမ်းပိုင်းအခြေအနေ ခန့်မှန်းမရဖြစ်နေလို့ လမ်းပိုင်းကောင်းသွားရင် မနှစ်ကဈေးနှုန်းရဖို့ မျှော်လင့်နေကြပါတယ်” ဟု ၎င်းကပြောသည်။
ယခင်နှစ်က ဆီးသီးတစ်ဖာလျှင် တရုတ်ယွမ်ငွေ ၁၀၅ ယွမ်ဝန်းကျင် ဈေးကောင်းရရှိသောကြောင့် စိုက်ပျိုးစရိတ်နုတ်ပြီး အမြတ်ငွေကျပ် ၂၅၀၀၀ ၀န်းကျင်ရရှိကြကြောင်း၊ တရုတ်ဘက်တင်ပို့သည့် ကုန်သည်များကိုယ်တိုင် ဆီးခြံများသို့လာရောက်ဝယ်ယူကြရာ တရုတ်ငွေနှင့် ဈေးဖြတ်ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။
မောင်အေးချမ်း
No comments:
Post a Comment