ကျန်းမာခြင်း၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာခြင်းဆိုသည်မှာ အနာရောဂါတစ်ခုခု မရှိရုံမျှသာမက ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့နှင့် ပြည့်စုံခြင်းဟူ၍ ဖွင့်ဆိုထားပါသည်။ ခန္ဓာကိုယ်ကျန်းမာရေးနှင့်စပ်လျဉ်း၍ လူ၏ဘဝအစ မိခင်၏ဝမ်းကြာတိုက်တွင် သန္ဓေသားဖြစ်ချိန်မှစတင်၍ သက်ကြီးဘိုးဘွားအရွယ်အထိ မျှော်မှန်းလူ့သက်တမ်းမြင့်မားစွာဖြင့် ကျန်းမာသန်စွမ်းစွာ နေထိုင်နိုင်ရေး၊ စိတ်၏ကျန်းမာရေးနှင့် ပြည့်စုံစေရေးနှင့် လူမှုအသိုင်းအဝိုင်းတွင် မိတ်ဆွေသင်္ဂဟများနှင့် ပျော်ရွှင်စွာ အတူတကွနေထိုင်နိုင်ရေးတို့သည် လူတိုင်းအတွက် လိုအပ်လှသည့် “အာရောဂျံပရမံလာဘံ”ဟူသည့် ကျန်းမာခြင်းသည် အဓိကကျသည့် လာဘ်ကြီးတစ်ပါးဖြစ်ပါသည်။ ယနေ့ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံအလိုက် သက်ဆိုင်ရာနိုင်ငံသားများ၏ ကျန်းမာရေးကို ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပုံစံအမျိုးမျိုးဖြင့် မြှင့်တင်ပေးလျက်ရှိရာတွင် အဓိကမရှိမဖြစ် အခြေခံအုတ်မြစ်မှာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖြစ်ပါသည်။
ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၏ အဓိကရည်ရွယ်ချက်များ
ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၏ အဓိကဦးတည်အုပ်စုသည် နိုင်ငံတော်အတွင်းရှိ မြို့ပြများနှင့် ကျေးလက်ဒေသများအားလုံးတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသားများအပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံးဖြစ်ပါသည်။ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ၏ အဓိကရည်ရွယ်ချက်များမှာ ပြည်သူတို့၏ မျှော်မှန်းသက်တမ်းမြင့်မားရေး၊ လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာဖြင့် ကျန်းမာစွာ နေထိုင်ရေးနှင့် နိုင်ငံတော်၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး တို့ဖြစ်ပါသည်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ပြည်သူအားလုံး၏ ကျန်းမာရေးအသိပညာ မြင့်မားလာရာမှ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံဖြင့် နေထိုင်ရေး၊ ကူးစက်ရောဂါများနှင့် မကူးစက်နိုင်သောရောဂါများအား ကြိုတင်ကာကွယ်တားဆီးရေး၊ သဘာဝဘေးနှင့် အရေးပေါ်အခြေအနေများတွင် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရေး၊ ရောဂါတစ်စုံတစ်ခုဖြစ်ပွားလာပါက နေထိုင်ရာဒေသအတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ကျေးလက်ကျန်းမာရေးဌာနများမှတစ်ဆင့် အရည်အသွေးပြည့်ဝသည့် ကုသမှုများကို စောစီးစွာရရှိရေးနှင့် လိုအပ်ပါက အချိန်မီလူနာကို ညွှန်းပို့ရေး၊ ရောဂါပျောက်ကင်းသက်သာ လာပါကလည်း အချိန်တိုအတွင်း ပြန်လည်သန်စွမ်းကျန်းမာစေရေးတို့ကို ကိုယ်ဝန်ဆောင်စဉ်မှ စတင်၍ သက်ကြီးဘိုးဘွားအရွယ်အထိ ဘဝတစ်သက်တာလုံး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဖြစ်ပါသည်။
ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ငံတော်အစိုးရ၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ပြည်သူ့ကျန်းမာရေးပဏာမ ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေး၊ ကိုယ်ဝန်ဆောင်နှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကလေးကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများ၊ ဆယ်ကျော်သက်အရွယ်နှင့် ပျိုဖော်ဝင်ကျန်းမာရေး၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေး၊ သက်ကြီးဘိုးဘွားကျန်းမာရေး၊ ကူးစက်ရောဂါနှင့် မကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး၊ သဘာဝဘေးနှင့် အရေးပေါ်အခြေအနေတွင် ကျန်းမာရေးဆိုင်ရာတုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများဖြစ်ကြပါသည်။ အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသအောက်ခြေအဆင့်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး အလေးပေးဆောင်ရွက်လျက်ရှိ ပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကို တိုးမြှင့်ခန့်ထားပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံသစ်များကို ဘဏ္ဍာနှစ်အလိုက် တိုးမြှင့်ဆောက်လုပ်ပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ဝန်ထမ်းအိမ်ရာများ ထည့်သွင်းဆောက်လုပ်ပေးခြင်း၊ အခြေခံဆေးနှင့် ဆေးပစ္စည်းများအား ဝယ်ယူဖြည့်တင်းပေးခြင်း၊ ပညာရှင်ဘွဲ့ချီးမြှင့်ငွေပေးအပ်ခြင်း၊ ဝတ်စုံစရိတ်၊ ညစာစားစရိတ်တို့ကို ခေတ်နှင့်အညီ တိုးမြှင့်ခံစားခွင့်ပြုပေးခြင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းအတွက်လည်းကောင်း၊ တီဘီဆေးများ၊ HIV ရောဂါကုသဆေးနှင့် ဆေးပစ္စည်းများ၊ မိခင်ကလေးကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးအတွက် အခြေခံဆေးနှင့် ဆေးပစ္စည်းများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါကုသဆေးများနှင့် အရေးပေါ်ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရေးအတွက်လည်းကောင်း နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်၍ ခွဲဝေချထားပေးလျက်ရှိပါသည်။
သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှုစနစ်
ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို မြှင့်တင်ရာတွင် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း၊ ရောဂါကာကွယ်တားဆီးခြင်းစသည့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ၏ အရည်အသွေးကို မြှင့်တင်ခြင်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ၏ လွှမ်းခြုံမှုကို တစ်နိုင်ငံလုံး ကျေးလက်ဒေသများအထိ လူတိုင်းလက်လှမ်းမီရရှိစေရန် ဆောင်ရွက်ခြင်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများကို ရယူရာတွင် ပြည်သူတို့၏ ကိုယ်ပိုင်ငွေကြေးကုန်ကျမှု နည်းပါးစွာဖြင့် သာတူညီမျှရရှိစေရေးတို့ကို ပြည်သူအားလုံးရရှိစေရန် ဆောင်ရွက်ခြင်းသည် လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage– UHC)၏ လုပ်ငန်းစဉ်များ ဖြစ်ပါသည်။
လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှုစနစ် လုပ်ငန်းစဉ်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဦးစားပေး၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals-SDG) တွင် ပါရှိသည့် ကျန်းမာရေးကဏ္ဍနှင့်သက်ဆိုင်သည့် ပန်းတိုင်အမှတ်စဉ် - ၃ (Goal - 3) ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့်ဘဝရရှိစေရေး ပန်းတိုင်ပါရည်မှန်းချက်များကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရေးအတွက် အဓိကအရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ Universal Health Coverage - UHC လုပ်ငန်းစဉ်၌ ၉၀ ရာခိုင် နှုန်းပါရှိသည့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (Primary Health Care– PHC) ကို မြှင့်တင်ခြင်းဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ လူ့အသက်သန်းပေါင်း ၆၀ ကို ကယ်တင်နိုင်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံး၏ ပျမ်းမျှလူ့သက်တမ်းကို ၃ ဒသမ ၇ နှစ်အထိ ပိုမိုရှည်လျားစေရန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားပါသည်။
နိုင်ငံတော်အစိုးရ၏ ကျန်းမာရေးကဏ္ဍကို အထူးအလေးပေး၍ လမ်းညွှန်ပံ့ပိုးမှုများကိုရယူ၍ ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာ့ကျန်းမာရေးဆိုင်ရာမျှော်မှန်းချက်(၂၀၃၀) (Myanmar Health Vision – 2030) နှင့်အညီ အမျိုးသားကျန်းမာရေးစီမံ ကိန်းအဆင့်ဆင့်ကိုရေးဆွဲ၍ G စာမျက်နှာ ၁၂ မှ မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံစနစ် တစ်ရပ် ပေါ်ပေါက်လာစေရေး ဆောင်ရွက်မှုများအပါအဝင် လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ၂၀၃၀ ပြည့်နှစ်တွင် ရရှိစေရေးအကောင်အထည်ဖော်လျက်ရှိရာတွင် အဆိုပါလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Develo-pment Plan - MSDP)၏ မဏ္ဍိုင်(၃)၊ ရည်မှန်းချက် (၄)၏ မဟာဗျူဟာ (၄.၂) ဖြစ်သည့် ဆင်းရဲနွမ်းပါးသူများကို အလေးထားသည့် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် ကျန်းမာရေးဝန်ဆောင်မှုစနစ်များ ခိုင်မာအားကောင်းစေရေးနှင့် သက်ဆိုင်ရာနည်းပညာနယ်ပယ်အလိုက် ပန်းတိုင်နှင့် ရည်မှန်းချက်များကို ရောက်ရှိနိုင်ရေးအတွက် မရှိမဖြစ်အရေးပါသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။
ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို မြှင့်တင်လျက်ရှိ
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို မြှင့်တင်လျက်ရှိရာတွင် ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှုစနစ်များကို ခေတ်နှင့်အညီဆောင်ရွက်ခြင်း၊ အရည်အသွေးပြည့်ဝသည့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခြင်း၊ ဘဏ္ဍာငွေများကို အလေအလွင့်မရှိ စနစ်တကျသုံးစွဲခြင်း၊ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ခြင်း၊ ဆေးဝါး၊ ဆေးပစ္စည်း၊ ကာကွယ်ဆေး စသည်တို့ကို စနစ်တကျဝယ်ယူဖြည့်ဆည်းခြင်း၊ ခေတ်မီကျန်းမာရေးနည်းစနစ်များကို အသုံးပြုခြင်း၊ ကျန်းမာရေးသတင်းအချက်အလက်စနစ်ကို အဆင့်မြှင့်တင်ခြင်းနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုများ ပူးပေါင်းပါဝင်မှုတို့ကို ဦးစားပေး၍ ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူ့ကျန်းမာရေးကဏ္ဍကို အထူးအလေးပေးဆောင်ရွက်မှုများကြောင့် ၁၉၉၀ ပြည့်နှစ်တွင် မိခင်သေဆုံးမှုနှုန်းသည် အရှင်မွေးတစ်သိန်းတွင် ၄၅၃ ဦးရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၁၇၉ ဦးအထိ ၆၀ ရာခိုင်နှုန်းကျဆင်းလာခြင်း၊ အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် အရှင်မွေး ၁၀၀၀ တွင် ၈၂ ဦးရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၄၂ ဦးအထိ ၅၃ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းလာခြင်း၊ မွေးကင်းစကလေးသေဆုံးနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် အရှင်မွေး ၁၀၀၀ တွင် ၃၇ ဦးရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၂၂ ဦးအထိ ၄၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းလာခြင်း၊ တီဘီရောဂါဖြစ်ပွားမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၅ ခုနှစ် တီဘီရောဂါဖြစ်ပွားနှုန်း၏ ၂၀ ရာခိုင် နှုန်းအထိ လျှော့ချနိုင်ခဲ့ခြင်း၊ HIV/AIDS နှင့် ငှက်ဖျားရောဂါများဖြစ်ပွား/ သေဆုံးမှုကို သိသိသာသာလျှော့ချနိုင်ခဲ့ခြင်း၊ ပြည်သူ့ကျန်းမာရေးအောင်မြင်မှုမှတ်တိုင်များအဖြစ် ၁၉၈၆ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ဆာဆာကာဝါဆုရရှိခဲ့ခြင်း၊ ၂၀၀၃ ခုနှစ်တွင် အနာကြီးရောဂါကင်းဝေးသည့် နိုင်ငံအဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစကလေးမေးခိုင်ရောဂါကင်းဝေးသည့် နိုင်ငံအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ပိုလီယိုရောဂါကင်းစင်သည့် နိုင်ငံအဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် မျက်ခမ်းစပ်ရောဂါအား ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ ကင်းဝေးသည့်နိုင်ငံအဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသူများအတွက် အီလက်ထရွန်နစ်စနစ်ဖြင့် မှတ်တမ်းများဆောင်ရွက်မှု (Vaccine Management Information System) အတွက် Digital Government Award အား ရရှိခြင်းတို့ဖြစ်ပါသည်။ အဆိုပါ အောင်မြင်မှုမှတ်တမ်းများမှသည် ရှေ့ဆက်လက်၍ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည်အထိ အောင်မြင်မှုများရရှိစေရေးအတွက် ပြည်သူ့ကျန်းမာရေးကဏ္ဍကို အထူးအလေးပေး၍ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်လှပေသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) သည် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အတွေ့အကြုံများကို ဖလှယ်ရန်၊ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုကွန်ရက်ကို မြှင့်တင်ရန်၊ လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရရှိစေရေး ဆောင်ရွက်ရာတွင် နည်းပညာသစ်များနှင့် နည်းလမ်းသစ်များကို ဆွေးနွေးဖော်ထုတ်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (SDGs)ပါ ရည်မှန်းချက်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ပါ ရည်မှန်းချက်များပြည့်မီရေးနှင့် စပ်လျဉ်း၍ ပြည်သူ့ကျန်းမာရေး ပြဿနာများကို အောင်မြင်စွာ ကျော်လွှားနိုင်မည့် နည်းလမ်းကောင်းများကို လေ့လာရန်၊ အနာဂတ်တွင် ပြည်သူ့ကျန်းမာရေးအတွက် ဦးဆောင်မည့်သူများအား ပြုစုပျိုးထောင်ရန် ဟူသောရည်ရွယ်ချက်များနှင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုး၍ ပြည်သူတို့၏မျှော်မှန်းသက်တမ်းမြင့်မားပြီး လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာဖြင့် ကျန်းမာစွာနေထိုင်နိုင်ရာမှ ပြည်သူအားလုံးကိုယ်စီအာရောဂျံပရမံလာဘံဟူသည့် ကျန်းမာခြင်းလာဘ်ကြီးရရှိစေရေးအတွက် အားကောင်းသည့် အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါ၍ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ဂုဏ်ပြုကြိုဆိုပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
No comments:
Post a Comment