Monday, December 25, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၂၄

ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရန်အောင် (၁) ရပ်ကွက်ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။






ဧည့်သည်တော်များ တက်ရောက်

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ နေပြည်တော်ကောင်စီနယ်မြေ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာတင်မောင်အေးနှင့် ခရစ်ယာန်ဘာသာ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင်ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဓမ္မသီချင်းဖြင့် သီဆိုချီးမွမ်း

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် စိန့်မိုင်ကယ် ကက်သလစ်ဘုရားကျောင်းသို့ ရောက်ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ ခရစ်ယာန်အသင်း တော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာတင်မောင်အေး၊ ဘုန်းတော်ကြီးစိုးလင်းအောင်နှင့် ခရစ်ယာန်ဘာသာ ဘုန်းတော်ကြီးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြီး ခရစ်တော်မွေးနေ့အခမ်းအနားကို အဖွင့်မေတ္တာဖြင့် ဘုန်းတော်ကြီး စိုးလင်းအောင်က ဖွင့်လှစ်ပေးကာ ခရစ်ယာန်ဘာသာဝင် လူငယ်များက ဓမ္မသီချင်းဖြင့် သီဆိုချီးမွမ်းကြသည်။

နှုတ်ခွန်းဆက်စကားပြောကြား

ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာတင်မောင်အေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ နိုင်ငံ့ တာဝန်များ မအားလပ်သည့်ကြားမှ တိုင်းရင်းသား ပြည်သူများကို ချစ်သည့်စိတ်၊ နိုင်ငံတော်အေးချမ်း ငြိမ်သက်စေလိုသည့် ပြင်းပြသည့် ရည်မှန်းချက်များဖြင့် မိမိတို့ခရစ်ယာန်ဘာသာဝင်များကို အလေးအနက်ထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက် ချီးမြှင့်ပေးသည့်အတွက် မိမိတို့ခရစ်ယာန်ဘာသာဝင်များအနေဖြင့် အထူးကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ အဖွဲ့ဝင်များအားလုံး ခရစ္စမတ်ကာလတွင် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပြည့်ဝပါစေကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ခရစ္စမတ်ပွဲတော်အစီအစဉ်များကို နှစ်စဉ်ဒီဇင်ဘာလတွင် ကျင်းပကြလေ့ရှိကြပါကြောင်း၊ အထူးသဖြင့် နှစ်စဉ်ခရစ္စမတ်နေ့အဖြစ် သတ်မှတ်ထားသည့် ဒီဇင်ဘာ ၂၅ ရက်နေ့ဝန်းကျင်တွင်ကျင်းပကြပြီး လူတစ်ဦးနှင့်တစ်ဦး မေတ္တာ၊ ကရုဏာကို ပြသကာ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းများဖြင့် ကျင်းပကြသည့်အတွက် ယနေ့သည် ခရစ်ယာန် ဘာသာဝင်များ၏ ထူးကဲကြီးမြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်းကိုလည်း ဂုဏ်ပြုပြောကြား လိုပါကြောင်း။

ထပ်လောင်းဆန္ဒပြု မေတ္တာပို့သအပ်

ယခုကဲ့သို့ ခရစ္စမတ်ပွဲတော် နေ့ထူးနေ့မြတ် အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များနှင့်အတူ ပါဝင်ဆင်နွှဲရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက် မိပါကြောင်းနှင့် ခရစ်ယာန်ဘာသာဝင်များအားလုံးနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသားများအပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ခရစ်တော်၏မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာရှိကြပါစေဟု ထပ်လောင်းဆန္ဒပြု မေတ္တာပို့သအပ်ပါကြောင်း။

ခရစ္စမတ်ပွဲတော် ဝတ်ပြုကိုးကွယ်မှုဆောင်ရွက်ခြင်း၏ အနှစ်သာရသည် လူသားမျိုးနွယ်များအပေါ် ဘုရားရှင်၏ ကြီးမားလှသည့် မေတ္တာတရားများ၊ ချစ်ခြင်းတရားများ၊ ကရုဏာတရားများကို မျှဝေပေးခြင်း၊ ပြသပေးခြင်းဖြစ်ပြီး တစ်ဦးအပေါ်တစ်ဦးမေတ္တာ တရား၊ ချစ်ခြင်းတရားများနှင့် ခရစ္စမတ်၏အနှစ်သာရကို လူသားအားလုံးက တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ လူသားအားလုံး ငြိမ်းချမ်းသာယာဝပြောသည့် လူ့အဖွဲ့အစည်း၊ လူမှုအသိုက်အဝန်းမှသည် အေးချမ်းသာယာသည့်ကမ္ဘာကြီးအဖြစ် ရောက်ရှိလာနိုင်မည်ဖြစ်ပါကြောင်း။

ကမ္ဘာပေါ်တွင် ကိုးကွယ်မှုဘာသာများစွာရှိပြီး အဓိကဘာသာကြီး ၄ ခုအဖြစ် ဗုဒ္ဓဘာသာ၊ ခရစ် ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာတို့ကို သတ်မှတ်ထားကြပါကြောင်း၊ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ ဘာသာတိုင်းသည် လူသားများအတွက် လောကီအကျိုး၊ လောကုတ္တရာကောင်းကျိုး၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ချစ်ခြင်းတရား၊ ကရုဏာ တရားများကိုသာ ညွှန်းပြပေးနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

ဘာသာတရားအသီးသီးက စောင့်ရှောက်ပေးထား

တစ်နည်းအားဖြင့် လူသားများ၏ ကိုယ်ကျင့် တရားများနှင့် ယဉ်ကျေးမှုများကို ချမှတ်ပုံဖော်ပေး ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး အမုန်းတရားနှင့် ရန်ငြိုးရန်စ အာဃာတများကို စွန့်ပယ်ကြရန်၊ အကြမ်းဖက်ဖျက်ဆီးမှု၊ သတ်ဖြတ်ညှဉ်းဆဲမှု၊ ဒုစရိုက်အစုစုတို့ကို ရှောင်ကြဉ်ကြပြီး လူ့ဘောင်လောကကို ငြိမ်းချမ်းစေရန်၊ သာယာဝပြောစေရန် ဘာသာတရားအသီးသီးက စောင့်ရှောက်ပေးထားပါကြောင်း၊ ဘာသာတရား၏ ညွှန်ပြမှုအဆုံးအမများကို လိုက်နာကျင့်သုံး၊ ကျင့်ကြံ ကြမည်ဆိုပါက ငြိမ်းချမ်းသာယာသည့် လူ့အသိုက်အဝန်း၊ ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံအဖြစ် မလွဲမသွေတည်ရှိနေမည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။

လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထား

မြန်မာနိုင်ငံတွင် နိုင်ငံသားအများစုကိုးကွယ် သည့် ဗုဒ္ဓဘာသာသာသနာနှင့်အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာသာသနာတို့အပြင် အခြားဘာသာများကိုလည်း အသိအမှတ်ပြုထားပါကြောင်း၊ ဥပဒေများနှင့် မဆန့်ကျင်ဘဲ တိုင်းရင်းသားလူမျိုးများနှင့် အခြားဘာသာသာသနာများကို ထိခိုက်နစ်နာမှုမရှိပါက မိမိတို့ကိုးကွယ်သည့် ဘာသာသာသနာ ကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပါကြောင်း၊ အသိအမှတ်ပြုထားသည့် ဘာသာသာသနာများကိုလည်း တတ်နိုင်သမျှကူညီစောင့်ရှောက်မည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတွင် အများဆုံးကိုးကွယ်မှုရှိနေသည့် ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြားသောဘာသာဝင်များသည် ရှေးနှစ်ပေါင်းပဝေသဏီကတည်းက အတူ တကွ နေထိုင်ခဲ့ကြပါကြောင်း၊ မည်သည့်ဘာသာကိုမျှ ထိခိုက်နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေးအပြန်အလှန် လေးလေး စားစား၊ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် နိုင်ငံတော်၏ ကောင်းကျိုးများကို ညီအစ်ကိုမောင်နှမရင်းစိတ်ထားဖြင့် တည်ဆောက်ခဲ့ကြပါကြောင်း၊ ဆက်လက်ပြီး တည်ဆောက်ကြရန် လိုအပ်သကဲ့သို့ ဘာသာရေးကို အလွဲသုံးစားပြုပြီး မိမိတို့နိုင်ငံသားများ အချင်းချင်းအကြားတွင် စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်၊ လေးစားယုံကြည်မှု လျော့ပါးပြီး မသင့်မြတ်အောင် လုပ်ဆောင်နေမှုများကိုလည်း အစဉ်သတိပြုကာကွယ်ကြရန် လိုအပ်ပါကြောင်း။

ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေ

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုပါကြောင်း၊ ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားခြင်းဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းတိုင်းတွင်လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏သမိုင်းကြောင်းအရ နိုင်ငံတော်ကိုတာဝန်ယူအုပ်ချုပ်သည့် အစိုးရတိုင်းသည် ငြိမ်းချမ်းရေးအတွက် အလေးအနက်ထား အစဉ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ပါကြောင်း။

တိုက်ရိုက်အထောက်အကူပြုစေမည်

မိမိတို့အစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များချမှတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကြွရောက်လာကြသည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင်များအနေဖြင့်လည်း မိမိတို့နေထိုင်ရာဒေသ၊ မိမိတို့နေထိုင်ရာ နိုင်ငံတော်ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှနည်းလမ်းများဖြင့် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပြောကြားလိုပါကြောင်း။

မိမိတို့နိုင်ငံတွင် ချမှတ်ထားသည့် အမျိုးသားရေးရည်မှန်းချက် (၂) ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေးတို့ ဖြစ်ပါကြောင်း၊ ဘာသာသာသနာ၏ အဓိကအဆုံးအမမှာ “သာယာဝပြောခြင်းဖြစ်သည့်အတွက် ငြိမ်းချမ်းခြင်းနှင့်အတူ တိုင်းပြည်သာယာဝပြောရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ထပ်မံတိုက်တွန်းလိုပါကြောင်း၊ ဘာသာတရားအဆုံးအမများနှင့်အညီ စည်းကမ်းတကျနေထိုင်လုပ်ကိုင်ခြင်းသည် သာယာဝပြောမှုကို ရစေမည်ဖြစ်ပါကြောင်း၊ စားရေရိက္ခာ ဖူလုံပေါများခြင်းသည်လည်း တိုင်းပြည်သာယာဝပြောခြင်းကို တိုက်ရိုက်အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းဘာသာ ပေါင်းစုံ၊ ပြည်သူအားလုံး ဘာသာတရားနှင့်အညီ ကိုယ်စီထိန်းသိမ်း ကြိုးစားလုပ်ဆောင်သွားကြရန် လိုပါကြောင်း။

ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

၂၀၂၃ ခုနှစ်အတွက်ကျင်းပသည့် ခရစ္စမတ်နေ့ထူးနေ့မြတ် အခါသမယမှစ၍ မြန်မာနိုင်ငံတွင် အဓိကလိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ အမြန်ရောက်ရှိနိုင်ရေးနှင့် ဘာသာတရားအားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်ရေးဟူသည့် ကောင်းမြတ်သောအခွင့်အရေးများကို မိမိတို့နိုင်ငံသားများအားလုံး ရရှိနိုင်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါဟု တိုက်တွန်းပြောကြားလိုပါကြောင်း။

လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော်ကာလသည် ခရစ်တော်မွေးဖွားသည့် ညအခါသမယတွင် ကောင်းကင်တမန်များက သိုးထိန်းနေသည့်သိုးထိန်းများကို ကိုယ်ထင်ရှားပြပြီး “ရှင်လုကာအခန်းကြီး၂ အခန်းငယ် ၁၄တွင် “Peace on Earth and Good will toward men” “မြေကြီးပေါ်တွင်လည်းငြိမ်သက်ခြင်းရှိစေသတည်း၊ လူတို့အား မေတ္တာ ကရုဏာ ရှိစေသတည်းဟု ပြောကြားသည်ကို ဖော်ပြထားပါကြောင်း။

ဘာသာရေးသည် လူသားများအတွက် စိတ်ဝိညာဉ်ဆိုင်ရာ ယုံကြည်မှု၊ ခိုလှုံမှုဖြစ်သကဲ့သို့ကြီးမားသည့်အင်အားလည်း ဖြစ်ပါကြောင်း၊ လူသားများ ကောင်းကျိုးအတွက် လိုအပ်နေသည့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရာတွင် ဘာသာရေးအပိုင်းမှ ပါဝင်ဆောင်ရွက်ခြင်းသည်လည်း အကျိုးကျေးဇူး ကြီးမားနိုင်သည်ဟု ယုံကြည်ပါကြောင်း။

ယနေ့အစီအစဉ်ကို ဦးဆောင်ကျင်းပသည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ဆရာတော်များ၊ ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာလူကြီးမင်းများ၊ တပ်မတော်အရာရှိကြီးများ၊ အထူး ဧည့်သည်တော်များနှင့် နိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မေတ္တာတရားပွားများနိုင်ကြပါစေ၊ ပျော်ရွှင်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းနဲ့အတူ ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာအဖြာဖြာ ခံစားနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဆရာတော်ရှာမိုအေးလက အထူး ဆုမွန်ကောင်းတောင်းစကား ပြောကြားသည်။

စုပေါင်းသံပြိုင်သီဆိုချီးမွမ်း

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့်ဆရာတော်များ၊ သီလရှင်များ၊ ကက်သလစ်လူငယ်အဖွဲ့များ၊ ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများနှင့်အတူ “တိတ်ဆိတ်ည သန့်ရှင်းည ကျူး ဓမ္မသီချင်းကို စုပေါင်းသံပြိုင်သီဆိုချီးမွမ်းကြသည်။

ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့ထံ ဘုန်းတော်ကြီးစိုးလင်းအောင်နှင့် သီလရှင်နော်ဂျူးဒစ်တို့က ခရစ္စမတ်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရစ္စမတ်အထိမ်းအမှတ် လက်ဆောင်သစ်သီးခြင်းနှင့် အလှူငွေများ ပြန်လည်ပေးအပ်သည်။

ရင်းရင်းနှီးနှီး နှုတ်ဆက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်လာကြသည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ဆရာ တော်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပြီး ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအထိမ်းအမှတ် မိတ်သဟာယ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်
 

No comments:

Post a Comment