Monday, December 25, 2023

(၇၆) နှစ်မြောက် တပ်မတော်(ရေ)နေ့အထိမ်းအမှတ် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၂၄         

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော် (ရေ) ၏ (၇၆)နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့်ရှောက်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ စစ်ရေယာဉ်များ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားသည်။      








                                        

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တပ်တော်ဝင်စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များ နှင့်ပတ်သက်သော စာရွက်စာတမ်းများကို လည်းကောင်း၊ ဧရာဝတီရေတပ်စခန်းဌာန ချုပ်မှူးက မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်ထံ တပ်မတော် (ရေ)မှ လွှဲပြောင်းပေးအပ်သည့် စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်းများကိုလည်းကောင်း လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားသည် တပ်မတော် (ရေ) ၏ (၇၆) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့အခမ်း အနားဖြစ်သကဲ့သို့ တပ်မတော် (ရေ) အတွက် ၃၃ မီတာ ကမ်းခြေစောင့် တိုက်ရေယာဉ်နှစ်စင်း၊ ပြည်ပမှနည်းပညာလွှဲပြောင်းခဲ့ပြီး တပ်မတော်(ရေ)က ကိုယ်တိုင်တည်ဆောက်ခဲ့သည့် သတ္တမမြောက်နှင့် အဋ္ဌမမြောက် ၂၇ မီတာ Super Dvora အမြန်သွားကင်းလှည့် ရေယာဉ်နှစ်စင်း၊ မြစ်တွင်းသွား ကင်းလှည့်ရေယာဉ်တစ်စင်းတို့ တပ်တော်ဝင်အခမ်း အနားဖြစ်သည့်အပြင် ကမ်းခြေစောင့်တပ်ဖွဲ့ကို ကမ်းလွန်ကင်းလှည့်ရေယာဉ်တစ်စင်း၊ ကမ်းခြေစောင့်တိုက်ရေယာဉ်နှစ်စင်း လွှဲပြောင်းပေးသည့် အခမ်းအနားဖြစ်သည့်အတွက် တပ်မတော် (ရေ) နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့အတွက် ထူးခြား လေးနက်သည့် စွမ်းအားတစ်ရပ်ကို ထပ်မံဖြည့်ဆည်းပေးနိုင်သည့် နေ့တစ်နေ့ ပင်ဖြစ်ကြောင်း။

အမြဲတမ်းလေ့ကျင့်နေရန်လိုအပ်

တပ်မတော် (ရေ) ကို တည်ဆောက်ရာတွင် အဆင့်လိုက်မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) အဖြစ် ခြေလှမ်းသစ်တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာ အတွင်း ရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ် ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy / Regional Navy) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ် ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy/ Regional Navy) ဖြစ်ရန် ပင်လယ်ပြင်တွင် ရေရှည်ရပ်တည်နိုင်စွမ်းရှိပြီး တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများရှိမှသာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်ရည်မှန်းချက်ကို ပြည့်မီရန်ဒေသတွင်းအင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်တည်ဆောက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တတိယအဆင့် ရေရှည်မျှော်မှန်းချက်အနေဖြင့် မိမိအကျိုးစီးပွားများ ဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့် ရေတပ် (Blue Water Navy Ambition) အဖြစ် မျှော်မှန်းတည်ဆောက်သွားမည်ပင် ဖြစ်ကြောင်း၊ တပ်မတော် (ရေ) ၏ ရည်မှန်းချက် အဆင့်တိုင်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုက်စွမ်းရည် မြင့်မားသည့် စစ်ရေယာဉ်များ လိုအပ်သလို အဆိုပါစစ်ရေယာဉ်များကို ကိုင်တွယ်မောင်းနှင်နိုင်မည့် တိုက်စွမ်းရည်ပြည့်ဝသော ရေတပ်စစ်သည်တော်များဖြစ်စေရေး အမြဲတမ်းလေ့ကျင့်နေရန် လိုအပ်မည် ဖြစ်ကြောင်း။

တပ်မတော် (ရေ) အနေဖြင့် ရေယာဉ်တည်ဆောက်မှုအတွေ့အကြုံ များပြားလာသည်နှင့်အမျှ အရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ကြောင်း၊ စွမ်းရည်ထက်မြက်သည့် တိုက်ပွဲဝင်စစ်ရေယာဉ်များ ဖြစ်စေရေးအတွက် စစ်ရေယာဉ်တစ်စင်းချင်းစီ၏ စွမ်းဆောင်နိုင်မှုများ တိုးတက်ကောင်းမွန်လာ စေရေးဆက်လက်ကြိုးပမ်းတည်ဆောက် သွားရမည်ဖြစ်ပြီး ထိုသို့ စစ်ရေယာဉ် တည်ဆောက်ရေး တာဝန်များကို ထမ်းဆောင်နေကြသည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်အားလုံးကိုလည်း ချီးကျူးမှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း။

အတွေ့အကြုံနှင့် ကျွမ်းကျင်သည့် တည်ဆောက်ရေးစွမ်းရည်များ ဆက်လက်အသုံးချ

ခေတ်မီစွမ်းအားကြီးမားပြီး အသွားထက်သည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်အကောင်အထည်ဖော်တည်ဆောက်နိုင်ရန် ယခုရရှိခဲ့သည့် အတွေ့အကြုံနှင့် ကျွမ်းကျင်သည့်တည် ဆောက်ရေးစွမ်းရည်များကို ဆက်လက်အသုံးချပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် လွန်းကျင်းကြီးများနှင့် ရေယာဉ်တည်ဆောက်နိုင်မှုစွမ်းရည်များ ပေါင်းစပ် တည်ဆောက်သွားရမည် ဖြစ်ကြောင်း၊ စွမ်းအားကြီးမားသည့် စစ်ရေယာဉ်ကြီးများအပြင် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများနှင့် ဆီတင်ရေယာဉ်ကြီးများကိုလည်း တည်ဆောက်ပေးနိုင်ခြင်းဖြင့် ရေတပ်စွမ်းအား (Naval Power) ရရှိရန် တစ်ခုတည်းသာမကဘဲ နိုင်ငံ၏ရေကြောင်းစွမ်းအား (National Maritime Power) ကိုပါ တိုးတက်မြှင့်တင်နိုင်မည် ပင်ဖြစ်ကြောင်း။

ယခုနှစ် မေ ၁၄ ရက်တွင် ရခိုင်ပြည် နယ်အတွင်း အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်း စစ်တွေမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ဖြတ်ကျော်ပြီးနောက် တပ်မတော် (ရေ)မှ စစ်ရေယာဉ်များဖြင့် စားသောက်ကုန်ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ချက်ချင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ မုန်တိုင်းပြီးဆုံးပြီးနောက် ပြန်လည်ထူထောင်ရေးကာလ တွင်လည်းရန်ကုန် - စစ်တွေနှင့် ရခိုင်ပြည်နယ်အတွင်းသို့ စုစုပေါင်းကုန်ပစ္စည်းတန် ၉၀၀၀ ကျော်အားစစ်ရေယာဉ် ၄၉ စင်းဖြင့် ပို့ဆောင်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းသည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးလုပ်ငန်း တာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။

တည်ငြိမ်အေးချမ်းရေးကိုဖျက်ဆီး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးကာလများတွင် နိုင်ငံ့ဘဏ္ဍာငွေအများစုကို အသုံးပြုပြီး “ဘယ်သူတရားပျက်ပျက် ကိုယ်မပျက် နဲ့ ဆိုသည့် စိတ်ကောင်းစေတနာဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယခုဆိုလျှင် ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့သောအချိန်တွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သမားများက တစ်ကျော့ပြန်၍ အဖျက်အမှောင့် လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နေသဖြင့် ရခိုင်ပြည်သူတို့၏ ဘဝအိုးအိမ်စည်းစိမ်နှင့် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေတွင်လည်း တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် မထိခိုက်စေ ရေးတို့အတွက် တပ်မတော် (ကြည်း)၊ တပ်မတော် (လေ) တို့နှင့်အတူ သောင်းကျန်းသူ အမြစ်ဖြတ်ချေမှုန်းရေးကို ဆောင်ရွက်နေကြသည်ကို ဂုဏ်ယူပါကြောင်းဖြင့် ပြောကြားလိုကြောင်း။

စွမ်းအားနှင့် စွမ်းရည်ပြည့်ဝ

ပင်လယ်ပြင်သည် နိုင်ငံတော်၏ အနာဂတ်အကျိုးစီးပွားကို ပုံဖော်နေသည့်အတွက် ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်ရေးသည် တပ်မတော် (ရေ) ၏ အဓိကတာဝန်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် မြန်မာ့ပင်လယ်ပြင် ရေကြောင်းလုံခြုံရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိသည့် တပ်မတော်(ရေ)သည် ယခုအခါ (၇၆) နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ သမိုင်းကြောင်းတစ်လျှောက် တပ်မတော် (ရေ) တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်(ရေ)၏ ပဲ့ကိုင်ရှင် များ၊ လက်တွဲဆောင်ရွက်ခဲ့ကြသော စစ်သည်တော်များ၏ ကြိုးပမ်း တည်ဆောက်ခဲ့မှု အစဉ်အလာကောင်းများကြောင့် နိုင်ငံတော်နှင့်တပ်မတော်က အားထားရသည့်၊ ပြည်သူကအားကိုးရသောစွမ်းအားနှင့် စွမ်းရည်ပြည့်ဝသည့် ရေတပ်တစ်ခုအဖြစ်သို့ တက်လှမ်းနေပြီ ဖြစ်ကြောင်း။

အားသွန်ခွန်စိုက်ကြိုးပမ်း

ယနေ့ အခါသမယတွင် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များအနေဖြင့် ရှိရင်းစွဲ သမိုင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာ(၇၆)နှစ်မြောက် တပ်မတော် (ရေ)နေ့မှာ ပါဝင်ထမ်းဆောင်ခွင့်ရရှိသူများအဖြစ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းထမ်းဆောင်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) က တပ်တော်ဝင်အခမ်းအနားအထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)က တပ်တော်ဝင်ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပေးအပ်သော ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။

တပ်တော်ဝင်အလံလွှင့်တင်

ယင်းနောက် စစ်ဦးစီးအရာရှိချုပ် (ရေ) က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော် (ရေ) အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း (၈) ချက် တီးခြင်းနှင့် တပ်တော်ဝင်လုပ်ငန်းစဉ်များကို အစီ အစဉ်အတိုင်းဆောင်ရွက်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်စစ် ရေယာဉ်များဖြစ်သော ၃၃ မီတာ ကမ်းခြေစောင့်တိုက်ရေယာဉ်နှစ်စင်း၊ ၂၇မီတာအမြန်သွားကင်းလှည့်ရေယာဉ် နှစ်စင်းနှင့် မြစ်တွင်းသွားကင်းလှည့် ရေယာဉ်တစ်စင်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်သော တပ်တော်ဝင်ရေယာဉ်များအား လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြကြောင်းသတင်းရရှိသည်။

သတင်းစဉ်

 

No comments:

Post a Comment